ကိုမောင်တစ်ယောက် တောထဲ ထင်းခုတ်သွားပြီး သိပ်မကြာဘူး ဖျားပါတော့တယ်။
မိုးကလည်း စပြီး တဖြိုက်နှစ်ဖြိုက်ရွာနေတော့ မိုးမိလို့ ဖြစ်တယ်ပဲထင်ပြီး အစပိုင်း ပေါ့ပေါ့လျော့လျော့နေမိတာ….တဖြေးဖြေးနဲ့ အဖျားတွေ ကြီးလာရင်း အိပ်ရာထဲ လဲပါလေရော…
ကိုယ်ကလည်း ခြစ်ခြစ်တောက်ပူပြီး တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေတယ်။ ခေါင်းထဲလည်း ထိုးကိုက်နေပြီး လည်ပင်းမှာတောင် အကျိတ်လေးတွေ ထွက်နေသလိုပဲ။
ဆေးမြီးတိုလေးတွေနဲ့ ကုနေရင်း တစ်ပတ်ကျော်လောက်အထိ အဖျားကမကျတော့ တစ်နေ့တခြား လူက နုံးချိလာပြီး ခပ်မျော့မျော့ပဲကျန်တော့တဲ့ အခြေဆိုက်လာပြီ…
ဒါနဲ့ပဲ နောက်ဆုံးမှာတော့ ကိုမောင့်ကို လုပ်အားပေးဆရာဝန်တွေရှိတဲ့ ဟိုးအဝေးကရွာတစ်ရွာရဲ့ ဆေးခန်းကို ပို့ဆောင်ဖို့ စီစဥ်ရတော့တာပေါ့။
သည်ခေတ်ကြီးထဲ တစ်နေရာနဲ့ တစ်နေရာ ကူးရတာ အရင်လို လွယ်တာမဟုတ်….ပျူ ရန်ရှိလား စစ်ကြောင်းရှိလား စုံစမ်းရနဲ့ ကြောက်နေရတာ။ ဒါပေမယ့်လည်း ကျန်းမာရေးက အရေးကြီးသလို လူကလည်းတကယ်ခံစားနေရတာမို့ အတတ်နိုင်ဆုံး မဖြစ်ဖြစ်အောင် စီစဥ်ရတာပဲ။
လူနာကိုယ်တိုင်ဖြစ်တဲ့ ကိုမောင်မှာလည်း ငြင်းဆန်ဖို့တောင် အင်အားမရှိတော့ဘဲ ဆေးခန်းမြန်မြန်ပို့တာကိုပဲ လိုချင်လိုက်မိတော့တယ်…စိတ်ဓာတ်လည်း အတော်ကျနေပြီလေ။
..
..
ကံကောင်းလို့ လမ်းမှာ အနှောင့်အယှက်မရှိ ဆေးခန်းရောက်သွား… ဆရာဝန်နဲ့လည်း အရန်သင့်တွေ့ … ။
ကိုမောင်ကတော့ အဖျားတက်နေတာမို့ ဆရာဝန်က ဖြစ်ကြောင်းကုန်စင် မေးနေတာကို ကြားတစ်ချက် မကြားတစ်ချက်…ဇနီးသည်ကပဲ ဆရာဝန်မေးသမျှ ဒိုင်ခံဖြေပေးနေရတယ်။
ဆရာဝန်လေးက တောထဲသွားပြီး သိပ်မကြာခင် ဖျားတယ်ဆိုတဲ့အချက်ကို အတော်လေး စိတ်ဝင်တစားရှိနေပုံပဲ။ ကိုမောင်တို့လို လူတွေအဖို့ကတော့ တောထဲက အမြဲသွားနေကြမို့ ဘာထူးဆန်းလို့လဲပေါ့။
ဒီလိုနဲ့ ဆရာဝန်လေးက လူနာရှင်ကို ခွင့်တောင်းပြီး ခန္ဓာကိုယ်အနှံ့ကို စမ်းသပ်စစ်ဆေးတဲ့အခါ… စမ်းသပ်ရင်း စမ်းသပ်ရင်းနဲ့ နောက်ဆုံးမှာတော့ ကိုမောင် ဖျားရတဲ့တရားခံကို တွေ့သွားပါတော့တယ်။
..
..
တရားခံကို တွေ့ပြီးတဲ့နောက် တခြားလိုအပ်တဲ့ သွေးစစ်၊ ဆီးစစ်တွေလုပ်ရင်း အဖျားကျဆေးတွေနဲ့ လိုအပ်တဲ့သောက်ဆေးတွေ တိုက်ပါတယ်။ နှစ်ရက်လောက်နေတော့ အဖျားလုံးဝ ကျသွားပြီ။ လူလည်း တဖြည်းဖြည်းနလန်ပြန်ထလာပါတယ်။
အမှန်တော့ တရားခံက ဘာလဲဆိုတော့….ကိုမောင့်နောက်ကျောမှာ ပိုးကောင်ကိုက်ရာ အနာလေးကို ဆရာက တွေ့သွားတာပါ။
သစ်ခုတ်သမားကိုမောင်အဖို့ ပိုးတွေ လှေးတွေ အကိုက်ခံနေရတာ ထုံးစံလိုပါပဲ။ ဒါပေမယ့် ဘာမဟုတ်တဲ့ ဒီလိုဟာလေးကနေ အခုလို ရက်ရှည်အဖျားရောဂါဖြစ်နိုင်ကြောင်းကတော့ အခုမှပဲ သိတော့တာပါ။
ဒါကြောင့် ဒီအကြောင်းကိုရှင်းပြပေးထားတဲ့ ဆရာဝန်လေးပြောထားတာတွေကို ဗဟုသုတအနေနဲ့ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်…..
….
——————–။ ။——————-
…
အခု ကိုမောင် ဖြစ်တာက Scrub typhus လို့ ခေါ်ပါတယ်။ ဗမာလိုတော့ ရောဂါအခေါ် မရှိသေးပါဘူး။ လူသိမများပေမယ့် ဖြစ်လေ့များတဲ့ရောဂါပါ။
အရှေ့တောင်အာရှ၊ အိန္ဒိယ၊ ဂျပန်၊ အာဖရိက စတဲ့ နိုင်ငံတွေရဲ့ တောခြုံများတဲ့ဒေသတွေမှာ အဖြစ်များပြီး….ဒီရောဂါဟာ တိရိစ္ဆာန်ကနေ ကူးစက်တတ်တဲ့ Zoonotic disease ပါ။ တစ်နှစ်ပတ်လုံးဖြစ်နိုင်ပေမယ့် ဇွန်၊ ဇူလိုင်လတွေမှာ ပိုအတွေ့ရများလေ့ရှိပါတယ်။
..
..
သူက ရောဂါပိုးရှိတဲ့ ကမျဥ်းနီကောင် (Chiggers: larval mites) အကိုက်ခံရပြီး လူကိုပိုးကူးစက်တာကတစ်ဆင့် အဖျားရောဂါဖြစ်တာပါ။ ကူးစက်တဲ့ပိုးကို Orientia tsutsugamushi Bacteria ပိုးလို့ ခေါ်ပါတယ်။
ကိုက်လိုက်တဲ့အကောင်က အဆိပ်ရှိတာ မဟုတ်ဘဲ အကောင်မှာ ရောဂါပိုးရှိနေတာကြောင့် ဖြစ်တာပါ။
(အကောင်မှာ ပိုးပါမလာရင် ဒီရောဂါ မဖြစ်ပါဘူး)
ရောဂါပိုးကူးခံရပြီး ဆယ်ရက်လောက်အတွင်း ရောဂါလက္ခဏာတွေ စပြပါတယ်။ ရောဂါပိုးဟာ သွေးကြောလေးတွေကတစ်ဆင့် ပြန်ရည်ကျိတ်တွေနဲ့ တစ်ကိုယ်လုံးကို ပျံ့နှံ့ပါတယ်။ ပြီးရင်တော့…
အဖျားကြီးမယ်…
ခေါင်းကိုက်မယ်…
လည်ပင်း ချိုင်းကြား ပေါင်ခြံတို့မှာ အကျိတ်လေးတွေ ထွက်လာမယ်….
အကောင်ကိုက်ခံရတဲ့နေရာမှာ အနာလေး ဖြစ်လာပါမယ်….
(အဲဒီအနာလေးတွေကို Eschar လို့ခေါ်ပါတယ်…အင်မတန် အရေးကြီးပါတယ်)
…
…
အကောင်ကိုက်တဲ့အကြောင်းကို အသေးစိတ်ပြောရရင် သူတို့က ခြင်လို သွေးစုပ်တာမဟုတ်ဘဲ လူရဲ့မွှေးညင်းပေါက်လေးတွေကနေ အရေပြားကို သူတို့ရဲ့တံတွေးနဲ့ဖျော်ပြီး အနာလေးဖြစ်အောင် လုပ်တာပါ။ ပြီးတော့ အဲဒီနေရာက အသားစလေးတွေကို အာဟာရအဖြစ်ယူပါတယ်။
ရောဂါပိုးကလည်း အကောင်ရဲ့တံတွေးဂလင်း (salivary glands) ထဲမှာ ရှိနေတာမို့ လူကိုပါ ရောဂါပိုး ကူးခံရပါတယ်။
ဖြစ်လေ့ရှိတဲ့ အနာပုံစံမျိုးကတော့ ကိုက်တဲ့နေရာက နီပြီး မာမာလေးဖြစ်လာပါမယ်။ အဲဒီကနေ အရည်ကြည်ဖုလေးဖြစ်…. နောက်မကြာခင် ပေါက်ထွက်သွားပြီး အမည်းရောင် အနာဖေးလေးအဖြစ် ကျန်ခဲ့ပါတယ်။ အနာက ယားတာ နာတာမျိုးရှိတတ်လို့ ယားလို့ ကုတ်မိတဲ့ ယားနာအဖြစ်လည်း မှားလေ့ရှိကြပါတယ်။
…
…
ဒါကြောင့် ဘာမှန်းမသိဘဲ အဖျားကြီးနေပြီဆိုရင် ရောဂါလက္ခဏာတွေသာမကဘဲ… မဖျားခင် လူနာကဘာတွေလုပ်ခဲ့တယ်၊ ဘယ်တွေသွားခဲ့တယ် ဆိုတာတွေနဲ့ လူနာရဲ့ အလုပ်အကိုင်တွေပါ မေးမြန်းဖို့လိုတတ်ပါတယ်။ ပြီးရင် ခန္ဓာကိုယ်အနှံ့ အကောင်ကိုက်ရာလေးတွေ ရှာသင့်ရင်ရှာရပါတယ်။
တစ်ခါတလေမှာ အကောင်လေးတွေက အရေပြားပေါ်မှာကပ်ပါလာပြီးမှ ကိုယ်ပေါ်မှာလျှောက်သွားရင်းနဲ့ ချိုင်းကြား၊ ပေါင်ခြံ၊ ရင်သားအောက်တွေနဲ့ ဆီးခုံနားတို့မှာ မထင်မှတ်ဘဲ ကိုက်ခံရတတ်ပါတယ်။ အဲဒါကြောင့် လိုအပ်ရင် လူနာကို ခွင့်တောင်းပြီး တစ်ကိုယ်လုံးအနှံ့ ရှာဖို့လိုတတ်ပါတယ်။
(ချိုင်းကြား၊ ပေါင်ကြားတွေအထိ ရှာဖွေဖို့ လိုအပ်တတ်တာမို့ လူနာအနေနဲ့ မရှက်သင့်ပါဘူး)
နောက်ပြီး သွေးစစ်ပြီး ရောဂါပိုးရှာလို့ရပေမယ့် အချိန်ကြာတာက တစ်ကြောင်း၊ နယ်တွေမှာ မရတာကလည်းတစ်ကြောင်းမို့ သံသယရှိရင် လက္ခဏာတွေကို ကြည့်ပြီးတော့ (Clinical diagnosis) နဲ့ပဲ ရောဂါအမည်တပ်ပြီး (Eschar) အနာလေးတွေ ရှာတာက ပိုထိရောက်ပါတယ်။
(သွေးစစ်၊ ဆီးစစ်ဆေးမှုတွေ လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ သူနဲ့လက္ခဏာတူရောဂါတွေ မဟုတ်ကြောင်း သက်သေပြလို့ရတာပေါ့)
တကယ်လို့ ရောဂါကို မြန်မြန်မသိခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ တစ်ကိုယ်လုံး ပိုးဆိပ်သင့်တာ၊ သွေးလန့်တာ၊ နှလုံးကြွက်သားရောင်တာ၊ ဦးနှောက်အမြှေးပါးရောင်တာတွေ ဖြစ်တတ်ပြီး အသက်ဆုံးရှုံးရနိုင်တဲ့အထိ ပြင်းထန်တတ်ပါတယ်။
..
..
ကုသမှုကတော့ ပိုးသတ်ဆေး တစ်မျိုးကို တိုက်ရတာဖြစ်ပြီး ဆေးက ဈေးမကြီးသလို ရှားလည်း မရှားတဲ့ဆေးပါ။ ဒါပေမယ့် “ သတိမမူ ဂူမမြင်” ဆိုသလို ရောဂါအကြောင်း အသိပညာမရှိထားရင် ရောဂါကို ရှာမတွေ့လို့ အသက်အန္တရာယ်ဖြစ်တာတွေလည်း အများကြီး ရှိပါတယ်။
ရောဂါကာကွယ်ဖို့ကတော့ အကောင် မကိုက်ခံရအောင် ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ဖြစ်လာရင် မပေါ့ဆဖို့လည်း လိုပါတယ်။
ဒီရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။ ရောဂါ တစ်ခါဖြစ်ပြီးရင်လည်း ဒီရောဂါအတွက် ရေရှည်ကိုယ်ခံအား မဖြစ်ပေါ်တဲ့အတွက် တစ်ခါဖြစ်ဖူးလည်း ပြန်ဖြစ်နိုင်ပါတယ်။
……. …..
တောထဲတောင်ထဲမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးမို့ အသိပညာဗဟုသုတ ရစေဖို့နဲ့ သတိရှိကြစေဖို့ ရည်ရွယ်ပြီး ရေးသားလိုက်ပါတယ်။
(Eschar အနာလေးတွေကိုလည်း သတိပြုပြီး ဆင်ခြင်နိုင်ဖို့ ကွန်မန့်မှာ ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်)
အထူးကုဆရာဝန်တစ်ဦး
တယ်လီကျန်းမာ
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.