Screen Time နှင့် မျက်စိကျန်းမာရေး (January,2024)

0
395

ဖုန်း၊ တီဗီ၊ ကွန်ပျူတာ အစရှိသော ဒစ်ဂျစ်တယ်ဖန်သားမျက်နှာပြင်ကို ကြည့်ရှုချိန် (Screen time) များကြသူများအတွက် မျက်စိကျန်းမာရေး

ကိုဗစ် – 19 ရောဂါ ဖြစ်ပြီးနောက်ပိုင်းနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ့်အိမ်မှာပဲ အလုပ်လုပ်၊ စာသင် စသဖြင့် လုပ်ကြရင်း Screen time များလာကြပါတယ်။ နည်းပညာဖွံ့ဖြိုးမှုတွေနောက်ကို အမီလိုက်ရတဲ့အခါ ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် (Tablet) စတာတွေနဲ့ အချိန်ကုန်ရတာကြောင့် မျက်စိကျန်းမာရေးဟာ ထိခိုက်လာတတ်ပါတယ်။ ဒီလို ခေတ်အခြေအနေတွေ၊ နည်းပညာပြောင်းလဲတာတွေဟာ ရေရှည်တွေ့ကြုံနေရမှာ ဖြစ်တဲ့အတွက် ဒါအတွက်ကြောင့်တော့ ကိုယ့်ကျန်းမာရေး ထိခိုက်တာ မဖြစ်သင့်ဘူးလေနော်။ ဒီနေ့တော့ Screen time များတဲ့သူတွေအတွက် မျက်လုံးကျန်းမာရေးအကြောင်းကို ဆွေးနွေးကြပါမယ်။

ဒစ်ဂျစ်တယ်ဖန်သားမျက်နှာပြင် (Digital screen) တွေကို အချိန်ကြာမြင့်စွာကြည့်တာဟာ မျက်စိကို ဘယ်လိုအကျိုးသက်ရောက်စေနိုင်တယ် ဆိုတာလေးကို အရင်ပြောပြချင်ပါတယ်။

ကွန်ပျူတာသုံးစွဲတဲ့သူ (၄) ယောက်မှာ (၃) ယောက်ခန့်ဟာ Visual fatigue (or) Digital eye strain (DES) လို့ခေါ်တဲ့ ဖန်သားမျက်နှာပြင်ကို အကြည့်များခြင်းကြောင့် မျက်လုံးညောင်းညာခြင်းတွေ ဖြစ်တယ်လို့ မျက်စိကျွမ်းကျင်ပညာရှင်တစ်ဦးက ဆိုပါတယ်။

အဖြစ်များတဲ့ လက္ခဏာတွေကတော့

– မျက်စိခြောက်ခြင်း

– မျက်စိညောင်းညာခြင်း

– မျက်ရိုးကိုက်ခြင်း

– မျက်စိပူခြင်း

– မျက်ရည်ကျခြင်းဆိုပြီး ဖြစ်ပါတယ်။

နားချိန်မယူဘဲ တီဗီ၊ ဖုန်း၊ ကွန်ပျူတာမျက်နှာပြင် (screen) ကို တစ်နာရီလောက်ကြာအောင် သုံးစွဲခြင်းက ဒီလိုလက္ခဏာတွေကို စတင်ပေါ်လာစေပါတယ်။ ပိုကြာကြာသုံးလေ၊ ပိုဆိုးလေ ဖြစ်မှာပါ။

လေ့လာတွေ့ရှိချက်တွေအရ ရုံးကိုမသွားဘဲ အိမ်ကနေ အလုပ်လုပ်တာ (Work From Home) ဟာ အရင်က ရုံးမှာကွန်ပျူတာကြည့်တုန်းကထက် မျက်လုံးကို ပိုမိုထိခိုက်စေတယ်လို့ ဆိုပါတယ်။ အိမ်ပြတင်းပေါက်တွေရဲ့ အလင်းပြန်မှုတွေ၊ နေ့အလင်းရောင် ကောင်းကောင်းမရတဲ့အခန်းမှာ အလုပ်လုပ်ရတာတွေ၊ အိမ်မှာနေရင်း အလုပ်လုပ်ရတော့ အိမ်အလုပ်တွေနဲ့ ချိန်ညှိရတဲ့ အဆင်မပြေမှုတွေအပြင် ကွန်ပျူတာမျက်နှာပြင် (Screen) ကို သတိထားပြီး အချိန်များစွာ ကြည့်နေရတာတွေဟာ (Work From Home) လုပ်သူတွေကို မျက်စိပိုင်းဆိုင်ရာ ပိုပြီးပင်ပန်းနွမ်းနယ်စေပါတယ်။

Screen time များတဲ့သူတွေမှာ မျက်စိညောင်းညာခြင်း (Eye Strain) ကို ဖြစ်စေတဲ့ အကြောင်းအရင်း (၂) ခု ရှိပါတယ်။

(၁) မျက်တောင် အခတ်နည်းသွားတာ

လူတွေဟာ ပုံမှန်ဆိုရင် မျက်တောင်ခတ်လို့ခတ်နေမှန်း မသိကြပါဘူး။ မျက်တောင်ခတ်တာက မျက်စိရဲ့မျက်နှာပြင်တွေကို အစိုဓာတ်နဲ့ ချောမွေ့စေပြီး အမှုန်အမွှားလေးတွေရှိရင် ဖယ်ရှားပေးနိုင်သလို မျက်လုံးခြောက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးအတွင်းမှာ စိုစွတ်ချောမွေ့နေစေဖို့ မျက်ရည်တစ်မျိုးထုတ်ပါတယ်။ မျက်တောင်ခတ်ခြင်းဟာ ဒီမျက်ရည်တွေကို မျက်လုံးရှေ့ခြမ်းဆီ ပျံ့နှံ့စေပြီး မျက်လုံးခြောက်တာကို ကာကွယ်ပေးပါတယ်။ ဒီမျက်ရည်အလွှာလေးဟာ အချိန်နဲ့အမျှ အငွေ့ပျံနေတာဖြစ်လို့ အမြဲအစားထိုးနေရပါတယ်။

ဒစ်ဂျစ်တယ် ဖန်သားမျက်နှာပြင်တွေကို ကြည့်နေတဲ့အခါ မျက်တောင်ခတ်နှုန်းဟာ ပုံမှန်ထက် (၃) ဆ နည်း‌သွားပါတယ်။

ဒီအခါမှာတော့…

– မျက်လုံးညောင်းတာ

– ခေါင်းကိုက်တာ

– မျက်စိဝါးတာ

– မျက်လုံးခြောက်တာ

– ဂုတ်နဲ့ ပုခုံးတွေမှာ နာလာတာတွေ ဖြစ်နိုင်ပါတယ်။

ဒါက စာအကြာကြီးဖတ်ရင်လည်း ဖြစ်နိုင်ပါသေးတယ်။ စာအုပ်နဲ့ပဲ ဖတ်ဖတ်၊ Tablet နဲ့ပဲ ဖတ်ဖတ် အတူတူပါပဲ။

.

(၂) မျက်လုံးကို တစ်နေရာထဲ စုပြီးကြည့်တာ

ကွန်ပျူတာကြောင့် မျက်လုံးထိခိုက်စေတဲ့ နောက်တစ်ချက်ကတော့ ဖန်သားမျက်နှာပြင် (Screen) ကို အနီးကပ်ကြည့်တဲ့အခါ မျက်လုံးတွေကို တစ်နေရာထဲမှာ စုစွေပြီးကြည့်ကြ (Focus လုပ်ရ) လို့ပါပဲ။

ကွန်ပျူတာထားတာ နေရာမကျတဲ့အခါ၊ အကွာအဝေးကို အဆင်ပြေတဲ့နေရာမှာ မထားမိတဲ့အခါ ကောင်းကောင်းမြင်ရဖို့ အဲဒီလိုအားစိုက်ကြည့်တတ်ကြပါတယ်။ ဒီလို အကြာကြီးကြည့်ရတဲ့အခါ မျက်လုံးရဲ့ဘေးက ထိန်းပေးတဲ့ကြွက်သားတွေကို အလုပ်ပိုစေပြီး မျက်လုံးညောင်းညာတာကို ပိုဆိုးစေပါတယ်။

အဲဒီတော့ ဖုန်း၊ ကွန်ပျူတာမျက်နှာပြင် (Screen) တွေ သုံးလို့ဖြစ်ရတဲ့ မျက်စိညောင်းညာတာကို ဘယ်လိုလျော့ပါးအောင် လုပ်ကြမလဲ…….

အရိုးရှင်းဆုံး နည်းလမ်းကတော့ လုံးဝမသုံးဘဲ နေတာပါပဲ။ ဒါပေမယ့် ဒီခေတ်ကြီးမှာ ကွန်ပျူတာတွေ၊ နည်းပညာအဆင့်မြင့်ပစ္စည်း (Digital device) တွေကို မသုံးဘဲနေတာက သဘာဝကျတဲ့နည်းလမ်း မဟုတ်ပါဘူး။ အဲဒီတော့ ဘယ်လိုနည်းလမ်းလေးတွေသုံးပြီး ကွန်ပျူတာ၊ ဖုန်း၊ Tablet တွေရဲ့ Screen ကို ကြည့်တဲ့အခါ မျက်စိညောင်းညာတာတွေကို လျော့အောင်လုပ်မလဲဆိုတာ ပြောပြပါမယ်‌နော်။

.

✳️ မိမိကို ဆရာဝန်က မျက်မှန်၊ မျက်ကပ်မှန်တွေ တပ်ဖို့ပေးထားရင် ဖုန်း၊ တီဗီ၊ ကွန်ပြူတာ စတာတွေ ကြည့်နေချိန်မှာလည်း တပ်ပါ။

✳️ မိမိမျက်စိကို ဆရာဝန်ဆီပြသပြီး ပုံမှန်စစ်ဆေးပါ။ လိုအပ်ရင် မျက်လုံးထဲထည့်ဖို့ မျက်ရည်အတုလေးတွေ၊ မျက်စိအားဆေးတွေနဲ့ ကွန်ပျူတာသုံးရင်တပ်ဖို့ မျက်မှန်တွေကို ဆရာဝန်က ညွှန်ပေးတတ်ပါတယ်။ နဂိုရှိပြီးသား မျက်လုံးရောဂါတွေကို မကုသဘဲ ဖုန်း၊ တီဗီ၊ ကွန်ပြူတာ မျက်နှာပြင်တွေ အကြည့်များတာဟာ မျက်လုံးကို ပိုမိုထိခိုက်စေပါတယ်။

✳️ အဝေးမှုန်တာအတွက်သုံးတဲ့ မျက်မှန်တွေက ကွန်ပျူတာကြည့်ဖို့ မလုံလောက်ပါဘူး။ မိမိပြသနေတဲ့ဆရာဝန်ကို အလုပ်ရဲ့သဘောအရ နည်းပညာသုံး ဖန်သားမျက်နှာပြင်တွေ (Screen တွေ) အကြည့်များကြောင်းပြောပြရင် လိုအပ်သလို ထပ်ပြီးကူညီပါလိမ့်မယ်။

✳️ မိမိကြည့်တဲ့ ဖုန်း၊ ကွန်ပြူတာမျက်နှာပြင် (Screen) ကို မှန်ကန်တဲ့အကွာအဝေး (လက်တစ်ကမ်းလောက်အကွာ) မှာ ထားပါ။

✳️ ပတ်ဝန်းကျင် အလင်းပြန်တာတွေကို လျှော့နိုင်သလောက် လျှော့ပါ။ အပေါ် မီးချောင်းတွေက အလင်းထိုးတာ၊ ပြတင်းပေါက်မှန်တွေကနေ အလင်းပြန်တာတွေကို ကာထားပါ။ ကွန်ပျူတာမှန်ကို အလင်းပြန်ကာ (Glare filter) တပ်ပါ။ ဖုန်း၊ ကွန်ပြူတာမျက်နှာပြင်ကို လက်ဗွေရာတွေ၊ ဖုန်မှုန့်တွေကနေ သန့်ရှင်းအောင်ထားခြင်းကလည်း အလင်းပြန်တာ လျော့စေပါတယ်။

✳️ မိမိမျက်လုံးခံသာပြီး မစူးမယ့် ဖန်သားမျက်နှာပြင် (Screen) အလင်းရောင်၊ စာလုံးအရွယ်အစား၊ အရောင်ထွက်မှုတွေကို ချိန်ညှိပါ။

✳️ “၂၀-၂၀-၂၀” စည်းမျဉ်းကို လိုက်နာပါ။

ဖုန်း၊ ကွန်ပြူတာမျက်နှာပြင် (Screen) ကြည့်တာ မိနစ် ၂၀ ကြာတိုင်း စက္ကန့် ၂၀ အနားယူပါ။ မျက်လုံးကို ဖန်သားမျက်နှာပြင် (Screen) ကနေခွာပြီး ပေ ၂၀ အကွာခန့်က အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ပါ။

✳️ ဖုန်း၊ ကွန်ပြူတာမျက်နှာပြင် (Screen) ကို မျက်လုံးတည့်တည့်ရဲ့ အောက်ဘက် ၂၀ ဒီဂရီခန့်လောက်မှာထားတာ ကောင်းပါတယ်။ မျက်ခွံကို ဒီလို အပြည့်ဖွင့်မထားဘဲ ကြည့်ခြင်းဟာ မျက်လုံးကို ကာကွယ်ရာရောက်ပါတယ်။

✳️ မျက်တောင်ကို သတိထားပြီး မကြာမကြာခတ်ပေးပါ။

✳️ သုံးတဲ့ ဖုန်း၊ ကွန်ပြူတာမျက်နှာပြင် (Screen) ရဲ့အလင်းရောင်က အခန်းရဲ့အလင်းရောင် (Brightness) ထက် ပိုမလင်းပါစေနဲ့။

✳️ အလုပ်လုပ်ရင်း ဖုန်း၊ ကွန်ပျူတာမျက်နှာပြင် (Screen) ရှေ့ကနေထပြီး ရေသောက်၊ အိမ်သာသွားတာမျိုး လုပ်ပေးပါ။

✳️ ဖန်သားမျက်နှာပြင် (Screen) မှာ တပ်လို့ရတဲ့ အပြာရောင်အလင်းကာ (Blue light filter) တွေကတော့ ယခုလေ့လာတွေ့ရှိရသလောက် အကျိုးရလဒ်တိတိပပတော့ မတွေ့ရှိရသေးပေမယ့် သုံးရင်လည်း ဆိုးကျိုးမရှိပါဘူး။

တကယ်တော့ မျက်စိညောင်းတာက ဖန်သားမျက်နှာပြင် (screen) တစ်ခုထဲကြောင့်ပဲ မဟုတ်ပါဘူး။ တစ်ချို့တွေမှာ အိပ်ချိန်မမှန်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပေါ်က နည်းလမ်းတွေနဲ့အတူ…

– အိပ်ရေး ပြည့်ပြည့်ဝဝရစေဖို့

– ကော်ဖီ၊ လက်ဖက်ရည်တွေ လျှော့သောက်ဖို့

– ကိုယ်ခန္ဓာကြံ့ခိုင်အောင် လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့တွေကိုလည်း မမေ့ဖို့ မှာချင်ပါတယ်။

ရုံးမသွားဘဲ အိမ်ကနေအလုပ်လုပ် (Work From Home) တဲ့အခါ ဖုန်း၊ ကွန်ပြူတာမျက်နှာပြင် (Screen) ကြည့်ရတာများလို့ မျက်လုံးညောင်းညာတာ အဖြစ်များပါတယ်။ ဒါက ရောဂါတော့ မဟုတ်ပါဘူး။

ဒါပေမယ့် မျက်စိဝါးတာ၊ မျက်လုံးယားတာ၊ ခေါင်းကိုက်၊ မျက်လုံး၊ မျက်ရိုးကိုက်တာတွေ ဖြစ်မြဲဖြစ်နေမယ်ဆိုရင် မျက်စိဆရာဝန်ကိုပြသပြီး မျက်လုံးစစ်ဆေးကြည့်တာဟာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်။ လိုအပ်ရင် တယ်လီကျန်းမာရဲ့ Messenger မှာ လာရောက်ပြီး အကြံဥာဏ်၊ အကူအညီ‌တွေ ရယူနိုင်ပါတယ်။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference : ????

https: // patient . info /news-and-features /how-to-look-after-your-eyes-while-working-from-home

https: // www . webmd . com /eye-health/computer-vision-syndrome

https: // www . aoa . org /healthy-eyes/eye-and-vision-conditions/computer-vision-syndrome?sso=y

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here