“ ထူးခြားတဲ့…ခရုဖျား (Schistosomiasis)”

ဒီနေ့မှာတော့ မိုးရာသီကာလအတွင်း ကူးစက်ပျံ့ပွားမှုများတတ်တဲ့ ခရုဖျားဆိုတဲ့ Schistosomiasis ရောဂါအကြောင်းလေးကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာပါ…

ဦးစွာအနေနဲ့….ခရုလေးတွေဟာ (ကျန်းမာရေးအရ) မိကျောင်းတို့၊ ငါးမန်းတို့ထက်ကို ကြောက်စရာကောင်းတယ်ဆိုတာရော သိကြပါရဲ့လား ???

ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်မှာ တစ်နှစ်ကို ငါးမန်းကိုက်ခံရလို့ သေဆုံးသူ ၆ ယောက်ခန့်ပဲ ရှိပြီး၊ မိကျောင်းကိုက်လို့ သေဆုံးသူဟာ ၄၅၀၀ ခန့်ပဲ ရှိပါတယ်။

ဒါပေမယ့် ခရုလေးတွေကြောင့် ရောဂါဖြစ်ပြီးသေဆုံးသူတွေကတော့ တစ်နှစ်ကို လူနာ ၂ သောင်းကျော်ခန့် ရှိနေပါသတဲ့…

ဒါဟာ တစ်နည်းအားဖြင့် ခရု (ရေချို ခရုမျိုးစိတ်) တွေဟာ Schistosoma မျိုးစိတ်လို့ခေါ်တဲ့ သန်ပြားကောင်ကို သယ်‌ဆောင်လာပြီး၊ လူတွေဆီကို ရောဂါပိုးကူးလာလို့ Schistosomiasis ရောဂါဖြစ်ပြီး အန္တရာယ်များတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။

..

..

ဒီရောဂါဟာ အထူးသဖြင့် မိုးရာသီကာလအတွင်း လယ်ယာစိုက်ပျိုးမှုများတဲ့ ဒေသတွေ၊ ရေချိုကန်တွေ၊ စမ်းချောင်းတွေ၊ ရေလှောင်ကန်တွေ၊ ရေလှောင်တမံတွေနဲ့ ဆည်ရေတမံတွေရှိတဲ့ ဒေသတွေမှာ ပိုမိုဖြစ်ပွားတတ်ပြီး၊ မြန်မာနိုင်ငံမှာတော့ ရခိုင်ဒေသ၊ ရှမ်း‌ပြည်တောင်ပိုင်း အင်းလေးဒေသနဲ့ ပဲခူးတိုင်းတို့မှာ တော်တော် ပေါပေါများများတွေရတဲ့ ရောဂါပဲဖြစ်ပါတယ်။

ဒီရောဂါဟာ အရွယ်စုံကို ကူးစက်နိုင်တယ်ဆိုပေမယ့် ကလေးအရွယ်တွေက ရေထဲဆင်းဆော့တဲ့ အလေ့အကျင့်ရှိတော့ ပိုပြီးအကူးလွယ်ပါတယ်။

နောက်ပြီး အဝတ်လျှော်၊ ရေခပ် လုပ်ရတာများတဲ့ အမျိုးသမီးတွေ၊ လယ်သမားတွေနဲ့ တံငါသည်တွေမှာ ပိုပြီးတွေ့ရလေ့ရှိပါတယ်။

..

..

????ရောဂါကူးစက်ပျံ့ပွားပုံ

ရောဂါရှိသူရဲ့ မစင်နဲ့ ဆီးထဲမှာ ပါလာတဲ့ Schistosoma ကပ်ပါးဥတွေဟာ မြေပြင်နဲ့ ရေထဲကိုရောက်ရှိသွားပြီး၊ ရေချိုခရု‌တွေနဲ့ တွေ့တဲ့အခါ ခရုရဲ့ ခန္ဓာကိုယ်အတွင်းဝင်ပြီး (ကပ်ပါးဥတွေ အဖြစ်ကနေ) ဥပေါက်သားကောင် (miracidia) တွေအဖြစ် ပြောင်းလဲသွားပါတယ်။

ဒီဥပေါက်သားကောင်တွေဟာ ခရုထဲမှာ ကြီးထွားရှင်သန်ပြီးတဲ့အခါ သားလောင်း (cercariae) တွေအဖြစ် အပြင်ကိုပြန်ထွက်လာပြီး ‌ခရု‌တွေနေထိုင်တဲ့ ရေထဲကို တစ်ဖန်ပြန်လည် ရောက်ရှိပျံ့နှံ့သွားပါတယ်။ ရေထဲမှာ ၄၈ နာရီလောက် အသက်ရှင်ပြီး အကာအကွယ်မရှိဘဲ အလုပ်လုပ်နေတဲ့သူ‌တွေ၊ ရေကူးနေတဲ့သူတွေ၊ ရေကို သုံးစွဲမိသူတွေရဲ့အရေပြား (ဥပမာ – ခြေထောက်အရေပြား) မှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက် ကူးစက်တာပါ။

Schistosoma ရောဂါပိုးဟာ အဲဒီလို ခရုကနေ လူ…လူကနေ ခရု….သံသရာလည် ကူးစက်‌နေပါတယ်။

ခရုက ကြားခံ (Intermediate host) အဖြစ် သယ်ပေးတဲ့အတွက် ရောဂါဖြစ်လာတဲ့အခါ ခရုဖျား (Snail fever) လို့ ခေါ်တာပါ။

လူတစ်ယောက်ကနေ တစ်ယောက်ကိုတော့ တိုက်ရိုက် မကူးစက်တတ်သလို၊ ခရုတွေကို စားခြင်းကလည်း ဒီရောဂါ မကူးနိုင်ပါဘူး။

..

..

????ခံစားရတဲ့ ဝေဒနာတွေ

‌Schistosomiasis ရောဂါဟာ ကူးစက်ခံရအပြီး ရက်ပိုင်းအတွင်း လက္ခဏာတွေပြနိုင်သလို၊ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ထဲ သန်ပြားကောင်တွေ ရောက်ရှိနေပြီးလည်း နောက်ဆက်တွဲရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

သန်ပြားကောင်ရဲ့ သားလောင်းတွေက လူ့အရေပြားကို ဖောက်ဝင်ပြီး ခန္ဓာကိုယ်ထဲဝင်ရောက်တာကိုခံရရင် ယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးတွေ၊ ခရုတွေရှိတဲ့ရေထဲ ရေကူးအပြီး အရေပြားမှာ အနီကွက်နဲ့ အဖုလေးတွေထွက်ပြီး ယားယံတာ (Swimmer’s itch) တွေ ခံစားရနိုင်ပါတယ်။

ဝင်သွားတဲ့ သားလောင်းလေးတွေဟာ လူ့ခန္ဓာကိုယ်ထဲ ရွှေ့လျားပြီးလျှောက်သွားနေရင်း သူတို့ကို လူ့ခန္ဓာကိုယ်က တုံ့ပြန်တိုက်ခိုက်တဲ့အခါမှာတော့ (Katayama Syndrome) လို့ခေါ်တဲ့ ဖျားတာ၊ ယားယံတာ၊ အသည်းကြီးတာနဲ့ ဘေလုံးကြီးတာတွေလည်း ပိုးကူးအပြီး ၂ ပတ်ကနေ ၈ ပတ်အကြာမှာ ဖြစ်နိုင်ပါတယ်။

ပြီးရင်တော့ အရွယ်ရောက်သံပြား‌ကောင် (adult worms) တွေဟာ ဥတွေကို ထပ်မံဥချပြီး ခန္ဓာကိုယ် အနှံ့လျှောက်သွားနေရင်း ရောဂါလက္ခဏာတွေကို ဖြစ်စေပါတော့တယ်။

.

အဓိကအနေနဲ့တော့ Schistosoma အကောင်လေးတွေက ခန္ဓာကိုယ်ရဲ့ ၂ နေရာကို ဦးတည်ဒုက္ခပေးတတ်ကြပြီး၊ ဒီနေရာတွေကတော့…

(၁) အစာအိမ်၊ အသည်းနဲ့ အူလမ်းကြောင်း

(၂) ဆီးလမ်းကြောင်းတို့ပဲ ဖြစ်ပါတယ်။

အဲဒီတော့ အစာအိမ်ရောဂါ လက္ခဏာတွေဖြစ်တဲ့…

ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲသွေးပါတာ စတဲ့ဝေဒနာတွေအပြင်၊ အချိန်ကြာလာရင် အသည်းခြောက်ရောဂါနဲ့‌ ရေဖျဥ်းစွဲတာတွေအထိ ဖြစ်နိုင်ပါတယ်။

ဆီးလမ်းကြောင်း လက္ခဏာတွေအနေနဲ့ကတော့ ဆီးထဲသွေးပါတာ၊ ဆီးပူဆီးအောင့်တာ၊ ဆီးအိမ်‌ရောင်တာတွေ ရေရှည်ဖြစ်နေနိုင်ပါတယ်။ ဆီးအိမ်ထဲမှာ ပိုးဝင်တာကြာလာရင်တော့ ဆီးအိမ်ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရောင်တဲ့ ရောဂါနဲ့လည်း တွဲတတ်နေပါသေးတယ်။

ဒါ့အပြင် သံပြားကောင်လေးတွေဟာ ခန္ဓာကိုယ်ထဲ လျှောက်သွားရင်း အဆုတ်ကို ရောက်နိုင်သလို၊ ဦးနှောက်နဲ့ အာရုံကြောတွေဆီကိုလည်း ရှားရှားပါးပါး ရောဂါကူးစက်နိုင်ပါတယ်။

..

..

????ရောဂါရှာဖွေခြင်း

ရောဂါသံသယရှိသူရဲ့ ဆီးနဲ့ဝမ်းထဲမှာ သံပြားကောင်ရဲ့ မျိုးဥတွေကို ရှာရမှာဖြစ်ပါတယ်။ ပိုးဥတွေဟာ ဆီးထဲမှာ အမြဲမပါနေတာမို့ တစ်ခါတစ်ရံမှာ ဆီးနမူနာကို တစ်ကြိမ်ထက်ပိုပြီး ယူစစ်ရတာမျိုးလည်း ရှိတတ်ပါတယ်။

သွေးထဲမှာလည်း Schistosoma ရှိကြောင်း အထောက်အထား antibody တွေ ရှာလို့ရပါတယ်။

လိုအပ်ရင် အစာအိမ်နဲ့အူလမ်းကြောင်း မှန်ပြောင်းကြည့်တာ၊ ဆီးအိမ်ထဲကို မှန်ပြောင်းကြည့်ပြီး အသားစယူတာတွေ လုပ်ရပါမယ်။ တစ်ခါတလေ အသားစထဲမှာ ဥလေးတွေနဲ့ အကောင်လေးတွေတွေ့မှ ရောဂါသိတာမျိုးလည်း ဖြစ်တတ်ပါတယ်။

????ကုသခြင်း

သန်ချဆေးတစ်မျိုးကို ၄ နာရီခြားပြီး ၂ ကြိမ် သောက်ရမှာဖြစ်ပြီး လိုအပ်ရင် ထပ်ပေးရတတ်ပါတယ်။ ကုသမှုကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့ အူရောင်တာ၊ အသည်းရောဂါ၊ ဆီးအိမ်ရောင်တာ စတာတွေရှိရင်တော့ အဲဒါတွေကို လိုက်ပြီးကုသရမှာ ဖြစ်ပါတယ်။

????ရောဂါကို ဘယ်လိုကာကွယ်ရမလဲ

ရောဂါကာကွယ်ရေး နည်းလမ်းတွေကတော့…

???? ရေကန်တွေ၊ စိမ့်စမ်းတွေအနီးမှာ အပေါ့၊ အလေးစွန့်ခြင်း မပြုလုပ်ဘဲ ယင်လုံအိမ်သာကို အသုံးပြုရပါမယ်။

???? ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရပါမယ်။

???? မသန့်ရှင်းတဲ့ရေနဲ့ ထိတွေ့မှုကို ရှောင်ကြဉ်ရပါမယ်။

???? စမ်းချောင်း၊ မြစ်ချောင်း၊ အင်းအိုင်တွေကရေကို သောက်သုံးရမယ်ဆိုရင် ကျိုချက်ပြီးမှ သောက်သုံးရပါမယ်။

???? ရောဂါဖြစ်ပွားမှုများတဲ့ ဒေသတွေမှာ လယ်ကွင်းတွေနဲ့ ရေအိုင်တွေအတွင်း အကာအကွယ်မဲ့ ဆင်းခြင်းနဲ့ ရေကူးခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။

???? လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် အကာအကွယ်နဲ့ ဆောင်ရွက်ရပါမယ်။

(ဥပမာ – လယ်ယာလုပ်ငန်းသုံး လည်ရှည်ဖိနပ်ဝတ်ခြင်း)

???? ခရုနှိမ်နင်းရေး လုပ်ရပါမယ်။

???? တောတောင်စိမ့်စမ်းတွေထဲမှာ နေရတဲ့သူတွေအဖို့ ရေကို ရေစိမ်းမသောက်ဘဲ တစ်မိနစ်ခန့် ဆူပွက်‌ အောင်ကျိုပြီးမှ သောက်သင့်ပါတယ်။ သုံးစွဲမယ့်ရေကိုလည်း ခပ်ပြီးရင် ၂ ရက်လောက် လှောင်ထားခြင်းဖြင့် ခရုဖျားပိုးဒဏ်ကနေ ကင်းဝေးအောင်လုပ်နိုင်ပါတယ်။

❗ဂရုပြုစရာ အချက်

ခရုစားခြင်းက ခရုဖျားရောဂါကို မကူးစက်နိုင်ပေမယ့် အခြားသော သန်ကောင်တွေ ဝင်နိုင်ခြေရှိနေတာတော့ မမေ့သင့်ပါဘူး။

.

အများပြည်သူအားလုံး ကျန်းမာရွှင်လန်းပြီး ဘေးအန္တရာယ် ကင်းကြပါစေ ။ ။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference – Schistosomiasis WHO, NUG MOH fact sheet

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here