“ သိကောင်းစရာ ဆီးကျိတ်ရောင်ရောဂါ (Prostatitis)”

အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာ Prostate လို့ခေါ်တဲ့ ဆီးကျိတ်လေးရှိပါတယ်။ ဒီဆီးကျိတ်လေးဟာ အမျိုးသားသုတ်ရည်ကြည်တွေ ထုတ်လွှတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။ ဒီကနေ့မှာတော့ ဆီးကျိတ်ကလေးကို ပိုးဝင်ပြီး ရောင်ရမ်းမှုဖြစ်ပွားစေတဲ့ ဆီးကျိတ်ရောင်ရောဂါ (Prostatitis) အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

..

..

????ဆီးကျိတ်ရောင်ရခြင်း အကြောင်းတရားများ

အများစုကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကတစ်ဆင့် ဆီးကျိတ်ကိုပါ ပိုးဝင်စေပြီး ရောင်ရမ်းစေတာပါ။

ဆီးလမ်းကြောင်းပိတ်တဲ့ အခြေအနေတွေ (ဥပမာ – ဆီးကျိတ်ကြီးရောဂါ​) မှာဆိုရင်လည်း ဆီးတွေစုပုံပြီး ပိုးပေါက်ပွားလာတာကြောင့် ဆီးကျိတ်ကို ပိုးဝင်ရောင်ရမ်းစေပါတယ်။

ဆီးကျိတ်ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့လည်း ဆီးကျိတ်ရောင်ရမ်းစေနိုင်ပါတယ်။

ရှားရှားပါးပါး လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကြောင့်လည်း ဆီးကျိတ်ရောင်နိုင်ပါသေးတယ်။

..

..

????ဘယ်သူတွေမှာ ဆီးကျိတ်ရောင်ရောဂါ ပိုပြီးဖြစ်စေသလဲ ?

– ဆီးကျိတ်ကြီးရောဂါရှိတဲ့ သက်ကြီးအမျိုးသားတွေ

– ဆီးလမ်းကြောင်း ပိုးဝင်သူတွေ

– ဆီးကျိတ်ခွဲစိတ်မှု ပြုဖူးသူတွေ

– အရင်က ဆီးကျိတ်ရောင်ဖူးသူတွေ

– နာတာရှည် ဆေးရုံတက်ကုသမှုခံယူရပြီး ရက်ရှည်လများ ဆီးပိုက်နဲ့နေရသူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

.

.

???? ဆီးကျိတ်ရောင် ရောဂါလက္ခဏာတွေကတော့

• ချမ်းတုန်ပြီး အဖျားကြီးမယ်

• ပေါင်ခြံတစ်ဝိုက်၊ အမျိုးသားလိင်အင်္ဂါတစ်ဝိုက် နာကျင်မယ်

• တစ်ခါတစ်ရံ ကပ်ပယ်အိတ်၊ စအိုတစ်ဝိုက်နဲ့နောက်ကျောတစ်ဝိုက်နေရာတွေ နာကျင်တတ်တယ်။

• ဆီးသွားရခက်တာ၊ ဆီးသွားရနာကျင်တာ၊ ဆီးပူဆီးကိုက်တာ

• ဆီးခဏခဏသွားချင်တာ၊ ညအချိန် ဆီးခဏခဏ ထပေါက်ရတာ၊ ဆီးမထိန်းနိုင်တာ

• ဆီးသွားတဲ့အခါ ဆီးလုံးသေးတာ

• ဆီးထဲသွေးပါတာ စတဲ့လက္ခဏာရပ်တွေ ဖြစ်ပေါ်တတ်ပါတယ်။

..

..

????ဆီးကျိတ်ရောင်ခြင်းရဲ့ နောက်ဆက်တွဲလက္ခဏာတွေ…

• ဆီးကျိတ်ပိုးဝင်ရောင်ရမ်းရာကနေ ဆီးကျိတ်နဲ့အနီးတစ်ဝိုက် အစိတ်အပိုင်းတွေဖြစ်တဲ့ ဆီးအိမ်၊ ကျောက်ကပ်၊ တင်ပဆုံရိုး၊ အောက်ပိုင်းကျောရိုးဆစ်တွေ၊ ဝှေးစေ့ စတာတွေကိုပါ ပိုးဝင်ရောင်ရမ်းမှု ဖြစ်စေပါတယ်။ ဒီ့ထက်ဆိုးလာရင် ခန္ဓာကိုယ်အနှံ့ပိုးပျံ့နှံ့သွားပြီး ရောဂါပြင်းထန်စေပါတယ်။

• ဆီးကျိတ်ရောင်ရာကနေ ဆီးကျိတ်ပြည်တည်နာလည်း ဖြစ်စေတတ်ပါတယ်။

• ဆီးကျိတ်ပြည်တည်နာကို ခွဲစိတ်မကုသဘဲထားမိရင် ပြည်တည်လမ်းကြောင်း (Fistula) တွေဖြစ်ပြီး ပြည်တစိုစို ဖြစ်စေတတ်ပါတယ်။

• နာတာရှည် ဆီးကျိတ်ရောင်တဲ့အခါ မျိုးမအောင်တာ၊ ပန်းသေပန်းညှိုးဖြစ်ရတာ၊ နောက်ပြီး စိတ်ဖိစီး/စိတ်ကျရတာတွေ ဖြစ်စေတတ်ပါတယ်။

• ဆီးကျိတ်ရောင်ရောဂါဟာ ဆီးကျိတ်ကင်ဆာဖြစ်စေတယ်ဆိုတဲ့ တိကျတဲ့ ဆေးပညာအထောက်အထားတော့ မရှိပါ။

.

.

????ဆီးကျိတ်ရောင်ရောဂါကို ဘယ်လိုကုသနိုင်သလဲ

မိမိမှာ အထက်က လက္ခဏာရပ်တွေရှိလို့ ဆီးကျိတ်ရောင် သံသယရှိရင် ဆရာဝန်နဲ့ ပြသကုသမှုခံယူပါ။

ဆရာဝန်က ဆီးစစ်ခြင်း၊ သွေးစစ်ခြင်း၊ စအိုအတွင်း လက်ထည့်စမ်းသပ်ခြင်း (Digital Rectal Examination) စတဲ့ စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်သလို ပြုလုပ်ပေးပါလိမ့်မယ်။

နောက်ပြီး ဖျားတာ၊ နာကျင်ရောင်ရမ်းတာ စတဲ့ရောဂါလက္ခဏာတွေ သက်သာစေဖို့ သောက်ဆေး၊ လိမ်းဆေး လိုအပ်သလိုပေးပါလိမ့်မယ်။

ပိုးဝင်ရောင်ရမ်းမှုအတွက် သင့်တော်တဲ့ပိုးသတ်ဆေး သောက်ဖို့လည်း ညွှန်ကြားပါလိမ့်မယ်။

..

..

????ကိုယ်တိုင်လည်း အောက်ပါ နည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

– ကောင်းစွာအနားယူပါ

– စိတ်ဖိစီးမှုလျှော့ချပါ

– ရေကို အသင့်အတင့်သောက်ဖို့လိုပါတယ်

(ဆီးကျိတ်ကြီးနေတဲ့ လူနာတွေမှာတော့ ဘီယာလိုမျိုးဆီးရွှင်စေတဲ့ အရည်တွေကို တစ်ထိုင်တည်းမသောက်သင့်ပါဘူး။ ဆီးအိမ်တင်းပြီး မအီမသာဖြစ်စေတတ်ပါတယ်)

– ကော်ဖီလိုမျိုး ကဖင်းဓာတ်ပါတဲ့အရာတွေ၊ အပူအစပ်တွေ ရှောင်ပါ။

– အရက်ရှောင်ပါ။ မရှောင်နိုင်ရင်လျှော့ပါ။

– ဝမ်းချုပ်မခံပါနဲ့။ ဝမ်းပျော့အောင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပါ။ လိုအပ်ရင် ဝမ်းပျော့ဆေး သုံးပါ။

** လိင်ဆက်ဆံခြင်းဟာ ဆီးကျိတ်ရောင်ရမ်းရောဂါအပေါ် ဆိုးကျိုးတစ်စုံတစ်ရာ သက်ရောက်မှုမရှိစေလို့ ရှောင်ဖို့ မလိုအပ်ပါဘူး **

???? ဆီးကျိတ်ရောင်ရောဂါ ဖြစ်ပွားလာခဲ့ရင် စောစီးစွာကုသပြီး သက်သာပျောက်ကင်းနိုင်ကြပါစေ…. ????

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.100

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.