“ ဆီးကျိတ်ကင်ဆာအကြောင်း သိကောင်းစရာ”

ဆီးကျိတ်ကင်ဆာဆိုတာ ဘာလဲ

ကင်ဆာဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေဟာ အထိန်းအချုပ်မဲ့ အဆမတန်ပွားများလာခြင်း ဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာဆိုတာ ဆီးကျိတ်ဆဲလ်တွေ ပွားလာရာကနေ စပါတယ်။ ဆီးကျိတ်ဆိုတာ အမျိုးသားမျိုးပွားမှုစနစ်မှာပါတဲ့ ဂလင်းတစ်ခုဖြစ်ပြီး ဆီးအိမ်အောက်မှာ ရှိပါတယ်။ ဆီးကျိတ်ဂလင်းကနေ သုက်ရည်ရဲ့အစိတ်အပိုင်းဖြစ်တဲ့ အရည်ကိုဖြစ်စေပါတယ်။

ဆီးကျိတ်ကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားများထဲက တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ကင်ဆာဆဲလ်ပွားနှုန်းဟာ အလွန်နှေးပြီး ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကိုလည်း မပျံ့ဘူးဆိုရင် ဆိုးရွားတဲ့ ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ တစ်ခါတစ်ရံ ရောဂါပြင်းထန်တဲ့အခါမှာတော့ ဆီးကျိတ်ကင်ဆာဟာ မြန်မြန်ပွားလာပြီး ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း ပျံ့နှံ့သွားနိုင်သလို ရောဂါလက္ခဏာတွေလည်း ပြင်းပြင်းထန်ထန် ဖြစ်တတ်ပါတယ်။

ဘာတွေကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ရလဲ

ဆီးကျိတ်ကင်ဆာ ဖြစ်စေတဲ့အကြောင်းအရင်းကိုတော့ အတိအကျမသိကြပါဘူး။ မျိုးရိုးဗီဇဆိုင်ရာ DNA ပြောင်းလဲမှုတွေကြောင့် ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ မွေးရာပါဖြစ်နိုင်သလို အသက်ကြီးမှဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများသလဲ

ဆီးကျိတ်ရှိသူတိုင်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆီးကျိတ်ကင်ဆာဖြစ်ဖို့ အလားအလာကို ပိုများစေနိုင်တဲ့အချက်တွေကတော့…

အသက်အရွယ် — အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အသက် ၅၀ အောက်လူတွေမှာ အဖြစ်နည်းပါတယ်။

မိသားစုကျန်းမာရေးရာဇဝင် — မိဘ၊ မွေးချင်းညီအစ်ကိုနဲ့ သား တစ်ယောက်ယောက်မှာ ဆီးကျိတ်ကင်ဆာဖြစ်ဖူးရင် သင့်မှာလည်း ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

လူမျိုး — အာဖရိကန်အမေရိကန်လူမျိုးတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ သူတို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်သလို ရောဂါလက္ခဏာလည်း ပိုပြင်းထန်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာဖြစ်တဲ့အခါ ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ

အများစုက အစပိုင်းမှာ ရောဂါလက္ခဏာတွေ မခံစားရတတ်ပါဘူး။ အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့…

– ဆီးသွားနည်းခြင်း၊ ဆီးသွားရခက်ခြင်း

– ရုတ်တရက် ဆီးခဏခဏသွားခြင်း

– ညဘက်တွင် မကြာခဏ ဆီးသွားတတ်ခြင်း

– ဆီးပူခြင်း၊ ဆီးသွားတဲ့အခါ နာကျင်ခြင်း

– ဆီး သို့မဟုတ် သုက်ရည်တွင် သွေးပါခြင်း

– ခါး၊ တင်ပါးနဲ့ တင်ပါးဆုံရိုးများတွင် နာကျင်ခြင်း

– လိင်ဆက်ဆံပြီးနောက် သုက်လွှတ်ရာတွင် နာကျင်ခြင်းတို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလက္ခဏာတွေတော်တော်များများဟာ ဆီးကျိတ်ကြီးတာလိုမျိုး ကင်ဆာမဟုတ်တဲ့ တခြားအဖြစ်များတဲ့ ဆီးကျိတ်ပြဿနာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာ ဟုတ်/မဟုတ် ဘယ်လိုစစ်ဆေးနိုင်လဲ

ဆီးကျိတ်ကင်ဆာ ရှိ/မရှိကို အောက်ပါစမ်းသပ်စစ်ဆေးမှုတွေနဲ့ သိနိုင်ပါတယ်။

စအိုတွင်းလက်ဖြင့်စမ်းသပ်ခြင်း — တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်က စမ်းသပ်ကြည့်တဲ့အခါ ဆီးကျိတ်မှာ အလုံးအခဲတွေ (ဒါမှမဟုတ်) ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခုကို ခံစားတွေ့ရှိရတတ်ပါတယ်။

Prostate-specific antigen စစ်ဆေးခြင်း — သွေးစစ်ကြည့်တဲ့အခါ PSA မြင့်မားနေဟာ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အခြားအကြောင်းအရာတွေကြောင့်လည်း PSA တက်နေနိုင်ပါသေးတယ်။

ပုံရိပ်ဖော်စစ်ဆေးမှုများ — ဆီးကျိတ်ကို ultrasound (သို့) MRI ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။

ဒီစစ်ဆေးမှုတွေက သင့်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ကြောင်း ပြသနေရင် ဆီးကျိတ်အသားစယူစစ်ဆေးခြင်း (prostate biopsy) ကို လုပ်နိုင်ပါတယ်။ Biopsy စစ်ဆေးခြင်းဟာ ဆီးကျိတ်ကင်ဆာကို ရှာဖွေဖော်ထုတ်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာအတွက် ကုသမှုတွေက ဘာတွေလဲ

ကုသမှုရွေးချယ်ရာမှာ များသောအားဖြင့် သင့်အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ ကင်ဆာရောဂါ ဘယ်လောက်ပြင်းထန်လဲပေါ် မူတည်ပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး မိမိအတွက် အသင့်တော်ဆုံး ကုသမှုနည်းလမ်းကို ရွေးချယ်သင့်ပါတယ်။

အချို့သူတွေမှာတော့ ခါးနာပြီး ခါးရိုးကျိုးမှ ဆီးကျိတ်ကင်ဆာက လှိုက်စားနေတာမျိုးလည်း တစ်ခါတစ်ရံ တွေ့ရနိုင်ပါတယ်။ ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး အရှင်းပျောက်ရန် ကုသခြင်းနှင့် သက်သာစေရန် (ဆီးသွားရစေရုံ) ကုသခြင်းဆိုပြီး ကွဲနိုင်ပါတယ်။

လေ့လာစောင့်ကြည့်ခြင်း — အသက်ကြီးတဲ့သူတွေမှာ ဆီးကျိတ်ကင်ဆာဟာ မြန်မြန်မပွားနိုင်သလို အခြားသောရောဂါလက္ခဏာတွေလည်း မပြတတ်ပါဘူး။ အဲဒီအခါ ဆီးကျိတ်ကင်ဆာကို အချိန်နဲ့အမျှ စောင့်ကြည့်စစ်ဆေးနေမှသာ ဘယ်အချိန်မှာ ကုသမှုကိုစတင်မယ်ဆိုတာကို သိနိုင်ပါမယ်။

ခွဲစိတ်ခြင်း — ဆီးကျိတ်ကင်ဆာဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မပျံ့သေးဘူးဆိုရင် ဆီးကျိတ်ဂလင်းကို ခွဲစိတ်မှုလုပ်ပြီး ဖယ်ရှားနိုင်ပါတယ်။

ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy) — ကင်ဆာဆဲလ်တွေကို သတ်ဖို့ (ဒါမှမဟုတ်) မပွားလာအောင်ကာကွယ်ဖို့ ဖြစ်ပါတယ်။

ဟော်မုန်းကုထုံး (Hormonal therapy) — ကင်ဆာဆဲလ်တွေ ပွားများဖို့လိုအပ်တဲ့ ဟော်မုန်းတွေကို တားဆီးပေးခြင်း ဖြစ်ပါတယ်။ ဝှေးစေ့ကိုဖယ်ရှားတဲ့ ခွဲစိတ်မှုလုပ်တာနဲ့ ဆေးသောက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။

ဓာတုကုထုံး (Chemotherapy) — ကင်ဆာဆဲလ်တွေကိုသတ်ဖို့၊ ကြီးထွားမှုနှေးဖို့နဲ့ ဆက်မပွားဖို့ ဆေးသောက်နိုင်ပါတယ်။ အကြောဆေးသွင်းတာ၊ ဆေးထိုးတာနဲ့ လိမ်းဆေးလိမ်းတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

Immunotherapy — ကိုယ်ခံအားစနစ်ကနေ ကင်ဆာတိုက်ဖျက်ဖို့ ကူညီပေးတာမျိုးဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်လား

ကျန်းမာတဲ့နေထိုင်မှုပုံစံဟာ ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်ထိန်းတာ၊ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအစာတွေ စားတာမျိုး လုပ်သင့်ပါတယ်။

Reference: ????

https://medlineplus. gov/prostatecancer.html

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here