ရာသီလာခါနီး အပြောင်းအလဲဖြစ်စဉ်များ

“ဒီနေ့ ဘာလုပ်လုပ် စိတ်မကြည်ဘူး။ စိတ်ဆတ်နေတယ်။ အလုပ်လုပ်တာလည်း အာရုံမစူးစိုက်နိုင်ဘူး။ အချိုတွေပဲ စားချင်နေတယ်။ ငိုပဲငိုချင်နေတယ်။”

အမျိုးသမီးတွေအနေနဲ့ တစ်လမှာတစ်ခါလောက်တော့ ဒါမျိုး လက္ခဏာတွေ ကြုံဖူးကြမှာပေါ့။ ဒါတွေက ဘယ်အချိန်မှာ ဖြစ်တတ်လဲဆိုတာ ဗေဒင်မေးစရာတောင် မလိုပါဘူး။ သေချာပေါက် ဓမ္မတာမလာခင်ရက်တွေပဲပေါ့။ ဒါကို PMS လို့ခေါ်ကြတာကို တော်တော်များများလည်း ကြားဖူးကြမယ်ထင်ပါတယ်။

ဟုတ်ပါတယ်။ ဒီနေ့မှာတော့ PMS (Premenstrual Syndrome)လို့ခေါ်တဲ့ ရာသီမလာခင် ခံစားရတတ်တဲ့ လက္ခဏာတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

PMS ဆိုတာဘာလဲ?

• PMS ဆိုတာကတော့ Premenstrual Syndrome ကိုခေါ်ဆိုတာ ဖြစ်ပြီးတော့ အမျိုးသမီးတွေမှာ ဓမ္မာတာမလာခင် ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဓမ္မတာမတိုင်ခင် ဒီလက္ခဏာတွေ စတင်ခံစားရတတ်ပြီး ဓမ္မတာစတဲ့အချိန်မှာတော့ အဲ့ဒီလက္ခဏာတွေ ပျောက်ကင်းသွားပါတယ်။
• လက္ခဏာတွေက ရာသီမလာခင် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတာပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ လက္ခဏာတွေက တူချင်မှ တူကြတာပါ။
• တချို့ကတော့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ မခံစားရဘဲ ကိုယ်ခန္ဓာမှာပဲ လက္ခဏာတွေ ဖြစ်ပေါ်တာလည်း ရှိပါတယ်။

PMS ကဖြစ်လေ့ဖြစ်ထရှိလား?

• ဒါပေါ့။ အရွယ်ရောက်ပြီး အမျိုးသမီးအယောက် ၁၀၀မှာဆို ၉၀လောက်က PMS ခံစားရလေ့ရှိပါတယ်။ လက္ခဏာတွေကတော့ အပျော့စားကနေ အပြင်းစားအထိ တစ်ယောက်နဲ့တစ်ယောက် ခံစားရတာတွေက မတူကွဲပြားတတ်ပါတယ်။

PMS ရဲ့ လက္ခဏာတွေက ဘာတွေလဲ?

????PMS ရဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့
• စိတ်ဖိစီးမှုများလာခြင်း
• ဒေါသထွက်လွယ်ခြင်း
• စိတ်ဓာတ်ကျခြင်း
• စိတ်လှုပ်ရှားခြင်း
• အာရုံမစူးစိုက်နိုင်ခြင်း
• အိပ်မပျော်ခြင်း
• တခုခုကို ဝမ်းနည်းနေတတ်ပြီး ထိန်းမရအောင် ငိုတတ်ခြင်းတို့
• အစားအသောက်၊ အရသာတစ်ခုခုကို အာသီသဖြစ်နေခြင်းတို့ပဲ ဖြစ်ပါတယ်။

????နောက်ထပ် PMS ရဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လက္ခဏာတွေကတော့
• ရင်သားတင်းလာခြင်း၊ နာကျင်ခြင်း
• ညီးစိစိဖြစ်ခြင်း၊ ခေါငိးကိုက်ခြင်း
• ခါးကိုက်ခြင်း ၊ ဆီးစပ်ကိုက်ခြင်း
• ဝက်ခြံများထွက်ခြင်း
• ဝမ်းဗိုက်ပူဖောင်းလာခြင်း
• မျက်နှာပူနွေးလာခြင်း
• ဝမ်းချုပ်ခြင်း
• ရင်ဘတ်အောင့်ခြင်း
• ရင်တုန်ခြင်း တို့ပဲ ဖြစ်ပါတယ်။

ကဲ ဒါဆို အဓိကအရေးအကြီးဆုံးဖြစ်တဲ့ PMS ခံစားနေရပြီဆို ဘယ်လို ဖြတ်ကျော်ရမလဲဆိုတာ ဆက်လက်ပြောပြပေးသွားပါမယ်။

အဓိကကတော့ မိမိနေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။

• ပုံမှန်နဲ့ အာဟာရမျှတအောင်စားပါ။ အငန်၊ အဆီအဆိမ့်၊ ကော်ဖီ၊ လက်ဖက်ရည်တို့ကို ရှောင်ကြဥ်ပါ။ ချောကလက် စားပေးပါ။ ချောကလက်လို အချိုတွေ စားပေးခြင်းက စိတ်ဖိစီးမှုကို အနည်းငယ်တော့ လျော့ကျစေနိုင်ပါတယ်။

• လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းတို့ သက်သာနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

• အိပ်ရေးဝဝအိပ်ပါ။ တစ်နေ့ကို ၈နာရီလောက် အိပ်ချိန်မှန်အောင် အိပ်ပေးဖို့လည်း လိုအပ်ပါတယ်နော်။ အိပ်ချိန်မမှန်တာကြောင့် စိတ်ဓာတ်ကျတာတွေ၊ စိတ်အလိုမကျတာတွေ ၊ mood swing ဖြစ်တာတွေကို ပိုမိုဆိုးရွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။

• ကိုယ့်မှာဖြစ်တဲ့ ရောဂါလက္ခဏာတွေကို စာအုပ်ထဲ note ချ‌ရေးတာပဲ ဖြစ်ဖြစ်၊ ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေကို ဖွင့်ပြောပြပြီး လိုအပ်တဲ့ အကူအညီရယူပါ။ ကိုယ့်မှာခံစားနေရတဲ့ လက္ခဏာတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်တာကြောင့် စိတ်ထဲမှာ တင်းကြပ်နေတဲ့ pressureတွေ၊ စိတ်ဖိစီးမှုတွေ အနည်းငယ် လျော့ကျစေနိုင်ပါတယ်။

• စိတ်ပေါပေါ့ပါးပါး ဖြစ်အောင်နေပါ။ relax လုပ်ဖို့ကလည်း အလွန်အရေးကြီးပါတယ်‌နော်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အားလပ်ချိန်မှာ မိမိဝါသနာပါရာလေးတွေနဲ့ အချိန်ဖြုန်းပါ။

• ဆေးလိပ်လုံးဝ မသောက်ပါနဲ့။ လေ့လာတွေ့ရှိချက်တွေအရတော့ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေရဲ့ PMS က မသောက်တဲ့ အမျိုးသမီးတွေရဲ့ PMS ထက် ပိုဆိုးဝါးတာကို တွေ့ရှိရပါတယ်။

• နေ့စဥ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်လောက်တဲ့ထိ လက္ခဏာတွေ ပြင်းထန်ခဲ့မယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေချာစွာတိုင်ပင်ဆွေးနွေးစေလိုပါတယ်။

PMS ရဲ့ ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ ဘယ်လိုဖြတ်ကျော်သင့်လဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးထားပြီးဆိုတော့ နောက်လာမယ့် ရာသီစက်ဝန်းနေ့တိုင်းကို အဆင်ပြေပြေ ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.