ကိုယ်ဝန်ဆိပ်တက်ခြင်း ( Pre-Eclampsia )

ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ ဘာလဲ ?

– ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ချိန် ၁၄၀/၉၀ အထက်ရှိနေခြင်း၊ ဆီးထဲ အယ်ဗျူမင်လို့ခေါ်တဲ့ အနည်အနှစ်များနေခြင်း၊ ခြေလက် ခန္ဓာကိုယ်ဖောရောင်ခြင်း ဆိုတဲ့အချက်တွေထဲမှာ ၂ ချက်လောက်ရှိရင်ကို ကိုယ်ဝန်ဆိပ်တက်နေပြီလို့ပြောနိုင်ပါတယ်။
– ဒီရောဂါဟာ ကိုယ်ဝန်ကာလမှာပဲဖြစ်ပြီးတော့ ကလေးမွေးပြီးရင် ပျောက်သွားတတ်ကြပါတယ်။
– မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးရခြင်း အကြောင်းအရင်းထဲမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဖြစ်နိုင်ချေရှိတဲ့သူတွေက ဘယ်သူတွေလဲ ?

– ကိုယ်ဝန်ဆောင် မိခင်တိုင်း ဖြစ်နိုင်ပါတယ်။
– မိခင်စုစုပေါင်းရဲ့ ၁၀-၁၅% လောက်အထိ ဖြစ်တတ်ပါတယ်။
– ပိုဖြစ်နိုင်တဲ့ သူတွေကတော့

(၁) အသက်ငယ်လွန်း ကြီးလွန်းတဲ့ သားဦးကိုယ်ဝန်သည်တွေ
(၂) ယခင်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ်တက်ခဲ့တဲ့ ရာဇဝင်ရှိသူတွေ
(၃) သွေးတိုး၊ ဆီးချို ၊ ကျောက်ကပ်ရောဂါ အခံရှိတဲ့ ကိုယ်ဝန်သည်တွေ
(၄) အမွှာကိုယ်ဝန်သည်တွေ
(၅) စပျစ်သီးသန္ဓေ ကိုယ်ဝန်သည်တွေပဲဖြစ်ပါတယ်။

ဘယ်လိုသိကြမလဲ ?

– အရေးကြီးဆုံးကတော့ သက်ဆိုင်ရာ ဌာနတွေမှာ မိမိ ဗိုက်အပ်သင့်ပါတယ် ၊ ဒါ့အပြင် ပုံမှန် စစ်ဆေးမှုတွေ လုပ်ပေးသင့်ပါတယ် ။
– ကိုယ်ဝန်ဆောင်နေစဉ် သွေးပေါင်ချိန်ဟာ ပုံမှန်ထက် အပေါ်သွေးက ၃၀ ၊ အောက်သွေးက ၁၅ ပိုများ လာမယ်ဆိုရင် ကိုယ်ဝန်ကြောင့်သွေးတိုးလာပြီလို့ပြောနိုင်ပါတယ်။
– တချို့တွေမှာ မိခင်ဟာ ကိုယ်ဝန်ဆိပ် အရမ်းတက်မှုကြောင့် သတိလစ်တာမျိုးတွေဖြစ်လာနိုင်သလို မိခင်ရော ကလေးရောပါ အသက်ဆုံးရှုံးနိုင်ပါတယ်။
– ကိုယ်ဝန်ဆိပ်အရမ်းတက်လာရင် ဘယ်လိုသတိထားမိမလဲ ဆိုတော့

1. ခေါင်းကိုက်ပြီး ရီဝေဝေ ဖြစ်မယ်
2. အမြင်မကြည်ပဲ အစက်ပြောက်တွေ မြင်ရမယ်
3. ရင်ဝအောင့်ပြီး အသက်ရှူရခက်မယ်
4. တစ်ကိုယ်လုံးဖောရောင်ပြီး ဆီးနည်းမယ် မျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ နဲ့ ဘယ်လိုကုကြမလဲ ?

– ကာကွယ်ဖို့နည်းလမ်းကတော့ သီးသန့်ရှိပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ် ရက်ချိန်း ပုံမှန်လာပြမယ်ဆိုရင် အဆင်ပြေပါတယ်။
– ကုသတာကတော့ ဆေးရုံမှာ ကုသမှုယူရမှာဖြစ်ပါတယ်။
– အလွန်ဆိုးရွားတဲ့ အဆင့်မှာတော့ မဂ္ဂနီဆီယမ် ဆာ(လ)ဖိတ်ကို ထိုးဆေးအနေနဲ့ပေးကြပါတယ်။
– ရိုးရိုး ကိုယ်ဝန်ဆိပ်တက်နေစဉ်မှာတော့ သွေးပေါင်ကျဆေးတွေကို အခြေအနေ ကြည့်ပြီးပေးရပါတယ် ။
– လိုအပ်လို့ရှိရင် ကလေးကိုစောမွေးရတာမျိုးတွေလည်း ရှိပါတယ်။
– ကလေးစောမွေးဖို့က သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန်တွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆိပ်တက်နေပြီလို့ သိရင် ဘာဆက်လုပ်မလဲ ?

– ဆေးရုံကိုသာ သွားပါ ။ ဆေးမြှီးတိုတွေ နဲ့ကုသလို့မရပါဘူး။ မိမိဘာသာလည်း သွေးပေါင်ကျဆေးတွေ ဝယ်မသောက်ပါနဲ့။

အဓိကပေးချင်တဲ့ အချက်ကတော့ –

● ကိုယ်ဝန်ဆိပ်တက်တာဟာ မိခင်ရောကလေးရော အသက်အန္တရာယ်ရှိနိုင်တာမို့ ကိုယ်ဝန်ကို ဆေးရုံမှာ မှန်မှန်လာပြပါ။
● ဆေးစစ်ဆေးမှုတွေကိုလည်း မငြင်းဆန်ပဲ မှန်မှန် ပြုလုပ်ပါ ။
● ဆရာဝန်က လိုအပ်လို့ ဆေးရုံတက်ခိုင်းရင်လည်း ဆေးရုံတက်ပြီး ကုသမှုခံယူပါ ။
● ပတ်ဝန်းကျင်က တခြားကလေးအမေတွေပြောတဲ့စကားကို နားယောင်ပြီး ဆေးမြှီးတိုတွေနဲ့လည်း မကုသကြပါနဲ့ ။
● သက်ဆိုင်ရာ အထူးကုဆရာဆရာဝန် တွေရှိတဲ့ ဆေးရုံကိုသာ သွားကြပါလို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

ကျန်းမာသော မိခင် နဲ့ ကျန်းမာသော ကလေး များ ဖြစ်ပါစေကြောင်း ဆုတောင်းလျက်…..

Reference ????
Obstetrics by Ten Teachers 20th Edition , pg 134

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.