“ဖေဖေ၊မေမေ မှတ်သားစရာ…မီးဖွားပြီးနောက် စိတ်ကျရောဂါ” ( Postnatal Depression )

“ယောကျ်ားဖောင်စီး…မိန်းမမီးနေ” ဆိုတဲ့ စကားပုံလိုပါပဲ ကိုယ်ဝန်ဆောင်၊ မီးနေသည် စောင့်ရှောက်မှုက အလွန်အရေးကြီးပါတယ်။

???? ကိုယ့်ရဲ့ရင်သွေးလေးကို မွေးဖွားပြီး လူ့လောကထဲခေါ်ဆောင်ခြင်းက မင်္ဂလာရှိတဲ့အခိုက်အတန့် ဆိုပေမယ့် ကိုယ်ဝန်ရှိချိန်မှစပြီး မီးဖွားချိန်၊မွေးပြီးရင်သွေးကို ပြုစုစောင့်ရှောက်ချိန်တွေက ဖေဖေ၊မေမေ တို့ရဲ့ ဘဝမှာအပြောင်းအလဲတစ်ခုလိုဖြစ်တဲ့အတွက် စိတ်ဖိစီးမှု အနည်းနဲ့ အများရှိတတ်ကြပါတယ်။

???? အထူးသဖြင့် မီးဖွားပြီး ဟော်မုန်းအပြောင်းအလဲများနေတဲ့ မိခင်တွေမှာ စိတ်ဖိစီးမှုများရာမှ “စိတ်ကျခြင်း” အထိခံစားရတတ်ပါတယ်။

မီးဖွားပြီး မိခင်တွေ ရင်ဆိုင်ရနိုင်တယ့် မတူကွဲပြားပြီး အရေးကြီးတဲ့ အခြေအနေ (၂) ခုရှိပါတယ်။
1.postnatal blues(baby blues) – မီးဖွားပြီးနောက်စိတ်ဖိစီးခြင်း
2.postnatal depression – မီးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်း

❗‘Baby blues’ လို့ခေါ်တဲ့ စိတ်အခြေအနေတစ်ခုကို မီးဖွားပြီး ၃-၅ရက်အတွင်း မိခင်အများစုကြုံရလေ့ရှိပါတယ်။

????‍♀️ လက္ခဏာတွေက?

စိတ်အတက်အကျမြန်ခြင်း၊ဝမ်းနည်းလွယ်ခြင်း၊အိပ်ရေးပျက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊မိခင်တစ်ယောက်ဖြစ်ဖို့ ယုံကြည်ချက်ပျောက်ဆုံးခြင်း၊ နာကျင်ကိုက်ခဲခြင်း…

“Baby blues”ကို မီးဖွားပြီး၂-၃ရက်မှ စပြီး ၂ပတ်ကြာအထိ မိခင်အများစု ခံစားရလေ့ရှိပါတယ်။ဒီကာလမှာ မိသားစုဝင်တွေဆီက အကူအညီယူပြီး ကောင်းကောင်းအနားယူလိုက်ရင် စိုးရိမ်စရာမလိုဘဲ ပုံမှန်မိခင်တစ်ယောက်လို ရင်သွေးကို ပြုစုနိုင်မှာပါ။

???? ဘယ်လိုကျော်ဖြတ်ကြမလဲ?

မိခင်တွေအနေနဲ့ မိမိကြုံတွေ့နေရတဲ့ အခြေအနေကို မိသားစုဝင်၊ သူငယ်ချင်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်သင့်ပါတယ်။
– အလွန်အမင်းအပင်ပန်းမခံဘဲ ကောင်းကောင်းအနားယူပါ။
– ကိုယ့်ရဲ့ပြဿနာ၊စိတ်ဖိစီးမှုတွေကို ရင်ဖွင့်ပါ။(ကလေး မေမေအချင်းချင်းရင်ဖွင့်ခြင်း၊ အားပေးခြင်း)
– ဖခင်တွေအနေနဲ့ ကလေးနဲ့မိခင်ကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်ပါ။

တကယ်လို့ မွေးဖွားပြီး ၂ပတ်ကျော်သည်အထိ “Baby blues” လက္ခဏာတွေခံစားနေရရင် ဆရာဝန်နဲ့ သေချာဆွေးနွေး ကုသမှုခံယူဖို့လိုပါတယ်။

???? Postnatal depression (ကလေးမီးဖွားပြီးနောက် စိတ်ကျခြင်း)

မီးဖွားပြီးနောက် စိတ်ကျခြင်းဟာ မိခင်(၈)ယောက်မှာ (၁) ယောက် ဖြစ်လေ့ရှိပါတယ်။ မီးဖွားပြီးရက်ပိုင်းအတွင်း ခံစားရတဲ့ စိတ်ဖိစီးမှု(baby blues)ကို ၂ပတ်ကျော်အထိ ခံစားရမယ်၊ ပိုဆိုးလာမယ်ဆိုရင် postnatal depression (မီးဖွားပြီးနောက် စိတ်ကျခြင်း)ဖြစ်ပါတယ်။မီးဖွားပြီးလပေါင်းများစွာကြာမှ ဖြစ်နိုင်သလို မီးဖွားပြီး ၆လအတွင်း စိတ်ကျခြင်း ဖြစ်လေ့ရှိပါတယ်။

????‍♀️အဓိက တရားအကြောင်းအရင်းတွေက❓

• ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ် ဟော်မုန်းအပြောင်းအလဲများခြင်း
• အအိပ်ပျက်၊အစားပျက်ခြင်း
• အိမ်ထောင်ရေး အဆင်မပြေခြင်း
• ဖေးမကူညီသူ နည်းပါးခြင်း
• စိုးရိမ်ပှုပန်မှု အခံရှိခြင်း
• မမျှော်လင့်ဘဲရသော ကိုယ်ဝန် (သို့) မလိုချင်သောကိုယ်ဝန်ဖြစ်နေခြင်း
• မိသားစုထဲတွင် စိတ်ကျရောဂါ ရာဇဝင်ရှိခြင်း

????‍♀️မီးဖွားပြီးနောက် စိတ်ကျခြင်း လက္ခဏာတွေက❓

(1) မျှော်လင့်ချက် မဲ့တယ်၊ အကူအညီမဲ့တယ်လို့ ခံစားရခြင်း
(2) ပင်ပန်း နွမ်းနယ်ခြင်း၊ အလုပ်တာဝန်တွေပျက်ကွက်ခြင်း
(3) မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ယုံကြည်ချက် ပျောက်ဆုံးခြင်း
(4) အိပ်စက်ခြင်း ပြဿနာ( အိပ်မပျော်ခြင်း၊ အလွန်အမင်း အိပ်စက်ခြင်း)
(5) အစားအသောက်ပြဿနာ (စားချင်သောက်ချင်စိတ်မရှိခြင်း ၊ အလွန်အမင်းစားနေခြင်း)
(6) တစ်ခုခုကို စိတ်ဝင်စားမှုကင်းမဲ့ခြင်း ( ဥပမာ လိင်ဆက်ဆံလိုစိတ်နည်းခြင်း)
(7) အာရုံစူးစိုက်မှုခက်ခဲ၍ ဆုံးဖြတ်ချက် မချနိုင်တော့ခြင်း
(8) စိုးရိမ်ပှုပန်မှု လွန်ကဲခြင်း
(9) စိတ်တို၊စိတ်ဆတ်၊ဒေါသဖြစ်လွယ်ခြင်း
(10) တန်ဖိုးမဲ့သလို ခံစားရခြင်း၊မိမိကို ဘယ်သူမှ အလိုမရှိဘူး၊ အသုံးမဝင်ဘူး ခံစားရ၍ အဆုံးစီရင်ဖို့ ကြိုးစားခြင်း။

????အထက်ပါ လက္ခဏာတွေ စတင်ခံစားရပြီဆိုရင် စောစီးစွာ သဘောပေါက်နားလည်ပြီး အဖြေရှာဖို့လိုပါတယ်။ အချိန်မှီ အကူအညီမယူခဲ့ရင် မိခင်၊ကလေး၊ ဖခင် အားလုံးရဲ့ ကိုယ်/စိတ် ကျန်းမာရေး ထိခိုက်ယိုယွင်းလာပြီး နောက်ဆုံး အိမ်ထောင်ရေးအဆင်မပြေမှုတွေအထိ ကြုံရနိုင်ပါတယ်။

????ဘယ်လိုကုသမှု ခံယူမလဲ? စိတ်ကျခြင်းကို ဘယ်လိုကျော်လွှားကြမလဲ?

????Self-help“မိမိသာလျှင် အဓိက ကုစားနိုင်သူပါ”

ပထမဦးစွာ မိခင်ဟာ စိတ်ကျခြင်းလက္ခဏာ ခံစားနေရပြီဆိုရင် မိသားစုဝင်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်သင့်ပါတယ်။ အခြား ကလေးမိခင်၊မိတ်ဆွေ သူငယ်ချင်းတွေဆီမှ အကြံဉာဏ်ကောင်းတွေရယူပါ။
– အကူအညီတောင်းခံဖို့ ဝန်မလေးပါနဲ့။
– ကိုယ်ဝါသနာပါရာ အလေ့အကျင့်လေးတွေအတွက် အချိန်ပေးပါ။
– ကောင်းကောင်းအနားယူပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေလုပ်ပါ။
– ကျန်းမာသောနေထိုင်မှုဘဝပုံစံဖြစ်အောင် ကြိုးစားပါ။

????‍????မိခင်တွေအနေနဲ့ စိတ်ကျရောဂါဆိုးကြီးကို ရင်ဆိုင်ရာမှာ ဖခင်တွေရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။

????‍????‍????‍???? ဖခင်တွေအနေနဲ့ ကိုယ့်အမျိုးသမီးကို စိတ်ခွန်အားပေးဖို့ကြိုးစားပါ။ မိခင်ကို အပြစ်မတင်ဘဲ ခံစားနေရတာတွေ နားလည်ပေးပြီး အားပေးနှစ်သိမ့်ပါ။ ရင်သွေးကို မိခင်နှင့်အတူ အချိန်ပေးပြီး ပြုစုစောင့်ရှောက်ပေးပါ။

????Psychological therapy ( စိတ်ပိုင်းဆိုင်ရာ ကုသမှုပေးခြင်း )

– စိတ်ကျရောဂါခံစားရတဲ့ မိခင်တွေအနေနဲ့ စိတ်ရောဂါအထူးကုဆရာဝန်တွေနဲ့ ပြသပြီး လိုအပ်တဲ့ စိတ်ကုထုံးရယူနိုင်ပါတယ်။

????Medication (ဆေးဝါးအကူအညီရယူခြင်း)

– Psychotherapy သာမက ဆရာဝန်နှင့်ပြသပြီး လိုအပ်လာလျှင် ဆရာဝန်မှ စိတ်ဓာတ်ကျခြင်းကို သက်သာလျော့ပါးစေသောဆေးဝါး (antidepressants)ပေးပြီး ကုသလို့ရနိုင်ပါတယ်။ ဆေးအာနိသင်အပြည့်အဝရဖို့ အချိန်တစ်ခုယူရတာမို့ ဆရာဝန်နဲ့ အမြဲ ပုံမှန်ပြသပြီး ညွှန်ကြားချက်ကိုသေချာလိုက်နာဖို့ လိုအပ်ပါတယ်။

????ဘယ်လိုကြိုတင်ပြင်ဆင်သင့်သလဲ?

????ကိုယ်ဝန်သည် မိခင်လောင်းတို့အနေနဲ့ မီးဖွားပြီး စိတ်ကျခြင်းရဲ့ သဘောသဘာဝကို ကောင်းစွာနားလည် သဘောပေါက်ထားမယ်ဆိုရင် ကိုယ်တိုင်ကြုံတွေ့လာရတဲ့အခါမှာ လက္ခဏာတွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်လာနိုင်ပါမယ်။
????ကိုယ့်မှာ စိတ်ရောဂါအခံ တစ်ခုခုရှိရင် ကလေးမယူခင်ကတည်းက နီးစပ်ရာဆရာဝန်နဲ့ဆွေးနွေး အကြံဉာဏ်ယူထားသင့်ပါတယ်။

????“မီးဖွားပြီးနောက် စိတ်ကျခြင်းနဲ့ပက်သက်ပြီး အယူအဆအလွဲများ”

????မီးဖွားပြီး စိတ်ဓာတ်ကျခြင်းက ပုံမှန်လူတစ်ယောက် စိတ်ဓာတ်ကျခြင်းလောက် မဆိုးဘူးဆိုတာ မဟုတ်ပါ။
????တခြား စိတ်ကျရောဂါများကဲ့သို့ ပြင်းထန်ပါတယ်။

????မီးဖွားပြီးနောက် စိတ်ကျခြင်း တရားခံက ဟော်မုန်းအပြောင်းအလဲတစ်ခုတည်းကြောင့် မဟုတ်ပါ။
????အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။

????“Baby blues” အဆင့်လိုပဲ depression ကသူ့ဘာသူ သက်သာပျောက်ကင်းသွားမှာမဟုတ်ပါ။
????စောစောသိရှိပြီး စောစောကုသမှုခံယူခြင်းက အကောင်းဆုံးပါ။မကုသဘဲပစ်ထားလေ ပိုဆိုးလေဖြစ်ပါတယ်။

????ကလေးရပြီးနောက် စိတ်ကျခြင်းကို မိခင်တွေပဲ ကြုံတွေ့နိုင်ပါတယ်။
????လေ့လာတွေ့ရှိချက်တွေအရ ကလေးယူခြင်းက မိဘတွေအတွက် ဘဝအခြေအနေ ပြောင်းလဲခြင်းတစ်ခုဖြစ်တာမို့ ဖခင် ဆယ်ယောက်မှာ တစ်ယောက်က စိတ်ကျခြင်းခံစားရနိုင်ပါတယ်။

ဒီလောက်ဆို “မီးဖွားပြီးနောက် စိတ်ကျခြင်း” အကြောင်း သေချာနားလည်ပြီး ပေါ့ပေါ့တန်တန် သဘောမထားလောက်တော့ဘူးလို့ ယုံကြည်ပါတယ်။

????ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ????

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp10.

https://www.nhs.uk/…/post-natal-depression/overview/

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.