‼️ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ အထူးသတိပြုစရာပါ။
♦️ ရာသီသွေးဆုံးခြင်းဆိုတာ
သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတွေမှာ အသက်ကြီးလာတာနဲ့အမျှ မဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင် (Oestrogen) နဲ့ ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းထုတ်လုပ်မှု နည်းလာတာ ဖြစ်ပါတယ်။
လစဉ် သားဥအိမ်ကထုတ်ပေးတဲ့ သားဥလေးတွေ နည်းလာပြီး ကုန်သွားတဲ့အခါမှာ သွေးဆုံးခြင်းနဲ့အတူ ခန္ဓာကိုယ်မှာ အပြောင်းအလဲများ စတင်ခံစားလာရတာပဲ ဖြစ်ပါတယ်။
…
…
♦️ သွေးဆုံးချိန်
အမျိုးသမီးတစ်ယောက် ကိုယ်ဝန် (သို့) သန္ဓေတားဆေး တစ်မျိုးမျိုးသုံးထားခြင်းမရှိဘဲ ၁ နှစ် (၁၂လ) တိတိ ရာသီသွေးမဆင်းတော့ရင် သွေးဆုံးတယ်လို့ သတ်မှတ်ပါတယ်။ အသက် ၄၅- ၅၅ နှစ်အတွင်း အမျိုးသမီးအများစု သွေးဆုံးလေ့ရှိပါတယ်။
သွေးဆုံးခြင်းဟာ သဘာဝ ဖြစ်စဉ်တစ်ခုပါ။
ဒါပေမယ့် သွေးဆုံးပြီးနောက် သွေးပြန်ဆင်းရင်တော့ အထူးသတိပြုစရာပါ။
❗သွေးဆုံးပြီးနောက် သွေးပြန်ဆင်းတာကို (Postmenopausal Bleeding) လို့ ခေါ်ပါတယ်။
…
…
♦️ သွေးဆုံးပြီးနောက် သွေးပြန်ဆင်းစေနိုင်သော အကြောင်းရင်းများ
➤ Atrophic vaginitis (မိန်းမကိုယ် အတွင်းပိုင်းနံရံ ပါးပြီး ခြောက်သွေ့ရောင်ရမ်းခြင်း)
အီစထရိုဂျင် (Oestrogen) ဟော်မုန်းက မိန်းမကိုယ်နံရံကို စိုစွတ်ပြီး ကျန်းမာစေပါတယ်။ ဟော်မုန်းနည်းလာတဲ့အခါ မိန်းမကိုယ်နံရံပါးတာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာတွေ ဖြစ်လာပါတယ်။ ဒီလိုအခြေအနေမှာ အတူနေပြီးရင် သွေးဆင်းတာမျိုး ဖြစ်တတ်ပါတယ်။
.
➤ Polyps (အသားပိုထွက်ခြင်း)
သားအိမ် (သို့) သားအိမ်ခေါင်းနံရံမှာ အသားပိုအလုံးထွက်တာ ဖြစ်ပါတယ်။ များသောအားဖြင့် ကင်ဆာ မဟုတ်ပါဘူး။ သွေးနည်းနည်းဆင်းတာ၊ သွေးစွန်းရုံကနေ အများကြီးဆင်းတာ၊ အတူနေပြီး သွေးဆင်းတာ စတဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
.
➤ Endometrial atrophy (သားအိမ်နံရံပါးလာခြင်း)
အီစထရိုဂျင် (Oestrogen) နဲ့ ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းတွေ နည်းလာတာနဲ့အမျှ သားအိမ်နံရံပါးလာပြီး သွေးဆင်းနိုင်ပါတယ်။
.
➤ Endometrial hyperplasia (သားအိမ်နံရံ ထူလာခြင်း)
* သွေးဆုံးကိုင်ဝေဒနာ သက်သာဖို့ အီစတိုဂျင် (oestrogen) ဟော်မုန်း သီးသန့်သောက်နေရသူတွေနဲ့..
* အီစထရိုဂျင် (Oestrogen) က ပရိုဂျက်စတီရုန်း (Progesterone) ထက်များနေတဲ့ အချို့အမျိုးသမီးတွေမှာ သားအိမ်နံရံ ထူလာတတ်ပါတယ်။
သားအိမ်နံရံထူလာတာကနေ ပုံမှန်မဟုတ်ဘဲ ဆဲလ်ပွားခြင်းမှတစ်ဆင့် ကင်ဆာအဖြစ် ပြောင်းသွားနိုင်တဲ့အတွက် စောစီးစွာ စစ်ဆေးမှုခံယူသင့်ပါတယ်။
.
➤ Cervical carcinoma (သားအိမ်ခေါင်းကင်ဆာ)/ Endometrial carcinoma (သားအိမ်ကင်ဆာ)
သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်းဟာ ကင်ဆာတွေရဲ့ အဓိကလက္ခဏာဖြစ်တဲ့အတွက် မပေါ့ဆသင့်ပါ။
.
➤ STI (လိင်မှတစ်ဆင့် ကူးစက်သည့်ရောဂါများ)
Chlamydia နဲ့ gonorrhea (ဆီးပူညောင်းကျ) ရောဂါတွေကြောင့် အတူနေပြီး သွေးဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။
.
➤ Medication (ဆေးဝါးများ)
ဟော်မုန်းဆေးသောက်နေရသူများ၊ သွေးကျဲဆေး မှီဝဲနေရသူများမှာ ဆေးတွေကြောင့်လည်း သွေးပြန်ဆင်းတတ်ပါတယ်။
.
❗သွေးဆုံးပြီးမှ သွေးပြန်ဆင်းစေတဲ့ အကြောင်းရင်းတွေမှာ စိုးရိမ်ရတဲ့အကြောင်းရင်းတွေ ပါတဲ့အတွက် ဆရာဝန်နဲ့ သေချာပြသပြီး စမ်းသပ်စစ်ဆေးမှု ခံယူဖို့လိုပါတယ်။
စမ်းသပ်မှုအနေနဲ့…
– ရောဂါရာဇဝင်မေးခြင်း
– အာထရာဆောင်း (Ultrasound) ရိုက်ကြည့်ခြင်း
– သားအိမ်မှန်ပြောင်းကြည့်ခြင်း
– အသားစယူခြင်း
– သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း အစရှိတာတွေ ဆရာဝန်ညွှန်ကြားချက်အတိုင်း စမ်းသပ်အဖြေရှာရပါမယ်။
…
…
♦️ ကုသမှု
ဖြစ်စေတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး သက်ဆိုင်ရာ ကုသမှု ခံယူရပါမယ်။
အသားပို၊ အလုံးအကျိတ်ရှိပါက ခွဲထုတ်ဖို့လိုသလို သားအိမ်နံရံထူခြင်း၊ ပါးခြင်းအတွက် သင့်တော်ရာ ဟော်မုန်းကုသမှုတွေ ပေးဖို့လိုပါတယ်။
ကင်ဆာဖြစ်ပါက ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး ခံယူခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသလို့ရပါတယ်။
????♀️အရေးကြီးဆုံး မှတ်သားစရာအနေနဲ့ သွေးဆုံးပြီးမှ သွေးပြန်ဆင်းလျှင် မပေါ့ဆသင့်ပါ။ ရောဂါအကြောင်း စောစောသိ၊ စောစောကုသမှုခံယူတာ အကောင်းဆုံးပါ။
အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်လို့ရသလို စောစောသိရင် စောစောကုသရင် အရှင်းပျောက်ကင်းတာကြောင့် သွေးဆုံးပြီးလည်း ဘာလက္ခဏာမှ မရှိတောင် ပုံမှန် သားအိမ်ခေါင်းချွဲ စစ်ဆေးဖို့ တိုက်တွန်းလိုပါတယ်။
????Reference
https:// www. nhs. uk /conditions/post-menopausal-bleeding/
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.