သည်းခြေအိတ် ဖြတ်ထုတ်ပြီးနောက် Post Cholecystectomy(December,2023)

0
325

“ သည်းခြေအိတ် ထုတ်လိုက်တဲ့လူနာတွေ ဘယ်လို နေထိုင်သင့်သလဲ …”

အဖြစ်များတဲ့ သည်းခြေအိတ် ကျောက်တည်တာကစလို့ အကြောင်းအမျိုးမျိုးကြောင့် သည်းခြေအိတ် (Gallbladder) ကို ထုတ်လိုက်ရတဲ့လူနာတွေအတွက် ဆောင်ရန် ရှောင်ရန်လေးတွေကတော့…

.

1️⃣ အရင်ဆုံး သည်းခြေအိတ်ဆိုတာ ဘာလုပ်ပေးလဲ

မိမိစားလိုက်တဲ့ အစားအသောက် အထူးသဖြင့် အဆီတွေကို ချေဖျက်ဖို့ Bile ဆိုတဲ့ အစာခြေရည်တစ်မျိုးကို အသည်းက အဓိကထုတ်ပေးပြီး… ဒီအစာခြေရည်တွေကို သည်းခြေအိတ်မှာ အဓိကသိမ်းပေးထားတာ ဖြစ်ပါတယ်။

.

2️⃣ သည်းခြေအိတ်မရှိဘဲ ပုံမှန်လူလိုနေနိုင်လား

Yes ပါ။

သည်းခြေအိတ်မရှိတော့ အစာခြေရည် (Bile) ကို ခေတ္တခဏသိမ်းပေးမယ့် နေရာမရှိတော့ပေမယ့်၊ ဒီအစာခြေရည်တွေဟာ ပုံမှန်အူသိမ်ထဲပဲ တိုက်ရိုက်ဝင်သွားတာဖြစ်တာကြောင့် ပုံမှန်အတိုင်း အစားအသောက်ကို ချေဖျက်နိုင်ပါတယ်။

.

3️⃣ သည်းခြေအိတ်ထုတ်ခါစ ဘယ်လို ဝေဒနာခံစားနိုင်လဲ

သည်းခြေအိတ် ထုတ်လိုက်တာကြောင့်ရယ်လို့တော့ ထူးထူးခြားခြား ဝေဒနာ မရှိပါဘူး။

ဒါပေမယ့် သည်းခြေအိတ်ထုတ်ခြင်းဟာ ခွဲစိတ်မှုတစ်ခု ဖြစ်တဲ့အတွက် ပုံမှန် အခြားဗိုက်ခွဲစိတ်မှုတွေမှာ ဖြစ်လေ့ရှိတဲ့အတိုင်း ခွဲထားတဲ့နေရာ နာတာ၊ လေမလည်တာ၊ ဗိုက်ကယ်တာ စတဲ့ ပြဿနာအသေးလေးတွေတော့ ဖြစ်တတ်ပါတယ်။

ဒါ့အပြင် သတိထားဂရုပြုစရာ တစ်ခုအနေနဲ့ကတော့ ခွဲစိတ်အပြီးနောက်ပိုင်း ဘေးထွက်ဆိုးကျိုးနည်းအောင် အဆီနည်းတဲ့ အစားအသောက် စားပေးသင့်ပါတယ်။

.

4️⃣ ရာသက်ပန် ဘယ်လို ဆောင်ရန်/ရှောင်ရန် နေထိုင်သင့်လဲ

ပုံမှန်လူလိုပဲ နေထိုင်စားသောက်နိုင်ပေမယ့် အဆီခြေဖျက်နိုင်အား လျော့ကျနိုင်တာမို့ အစာကြေလွယ်တဲ့၊ အဆီနည်းတဲ့ အစားအသောက်ကို စားပေးခြင်းဟာ ကျန်းမာတဲ့ အစားသောက်ပုံစံဖြစ်သလို သည်းခြေထုတ်လူနာအတွက် အထူးသင့်လျော်ပါတယ်။

စားသောက်ပုံစံ ဘယ်လိုပြင်ရမလဲဆို….

✅ အဆီနဲ့ပတ်သက်ရင် သတိထားပါ။ အပြင်စာ အကြော်အလှော်တွေဟာ ပြန်ကြော်ဆီ (Trans-fat) တွေဖြစ်တာကြောင့် ရှောင်ကြဥ်ပြီး အိမ်သုံး ပဲဆီ၊ နှမ်းဆီစစ်စစ် စတာတွေနဲ့ပဲ ချက်ပြုတ်စားသောက်ပါ။ ပြည့်ဝဆီ (Saturated fat) တွေ ပါဝင်နေတဲ့ ဝက်သား၊ အုန်းနို့၊ နွားနို့ စတာတွေလည်း ရှောင်ရပါမယ်။

.

✅ အစားသောက်ကို အကြိမ်ရေများများနဲ့ ပမာဏ (Portion) နည်းနည်းချင်းသာ စားပေးပါ။ အသည်းက အစာခြေရည် ထုတ်ပေးပေမယ့်၊ သိမ်းပေးတဲ့ သည်းခြေအိတ် မရှိတော့တာကြောင့် နည်းနည်းချင်းစားပေးတာက အစာခြေဖျက်မှုကို အားပိုကောင်းစေပါတယ်။

.

✅ အမျှင်များတဲ့ အသီးအရွက်တွေ၊ ကဖင်း (Caffeine) ပါတဲ့ အစားသောက်တွေကို လျှော့စားပြီး ကိုယ့်ခန္ဓာကိုယ်က လက်ခံနိုင်လာပြီဆိုမှ ဖြည်းဖြည်းချင်း တိုးစားပါ။

အမျှင်များတဲ့ အသီးရွက်တွေက ချေဖျက်ရတာခက်တာကြောင့် အစာမကြေ ဖြစ်နိုင်လို့ပါ။

ကဖင်းဓာတ်ကတော့ အစာအိမ်မှာ အက်ဆစ်အချဉ်ဓာတ် ထွက်စေနိုင်ပြီး လေထတာ၊ ဗိုက်အောင့်တာမျိုး ဖြစ်စေတာမို့ အစပိုင်းမှာ လျှော့စားပေးပါ။

.

✅ မိမိစားတာလေးတွေ ချမှတ်ထားပေးပါ။ တစ်နေ့တာ မိမိစားတာလေးတွေနဲ့ အပေါ်အချက်တွေ ကိုက်ညီမှု ရှိ/မရှိ ပုံမှန်စစ်ဆေးပါ။

စနစ်တကျနဲ့ အစားသောက်ကို စားသောက်ခြင်းဟာ သည်းခြေအိတ်ထုတ်ပြီးနောက်ပိုင်း ပြဿနာတွေ နည်းရုံသာမက ပိုမိုကျန်းမာတဲ့ အစားသောက်ပုံစံကို ဖြစ်စေပြီး သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ၊နှလုံးရောဂါနဲ့ အဝလွန်ခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

.

နောက်ဆုံးအနေနဲ့ ပြောရရင်တော့ သည်းခြေအိတ်ထုတ်ထားလည်း ကျန်းမာတဲ့ စားသောက်နေထိုင်မှု ရှိမယ်ဆိုရင် အရင်ကထက် ပိုမိုကျန်းမာမှာ အသေချာပါပဲရှင့်…။

Dr Cool

တယ်လီကျန်းမာ

Ref : https:// www. gleneagles. com. sg /health-plus/article/life-gall-bladder-removal

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here