အဆုတ်ထဲ ရေဝင်ခြင်း ( Pleural Effusion )
အဆုတ်ထဲရေဝင်ခြင်းကို တစ်ချို့လူတွေက အဆုတ်အသားထဲရေဝင်နေတယ်လို့ ယူဆနေကြပါတယ်။ အဲ့တော့ ရေဝင်မှာစိုးလို့ဆိုပြီး ရေမချိုးရဲ၊ ရေဝအောင် မသောက်ရဲတွေ ဖြစ်လာပါတယ်။
အဲ့အချက်က မှားနေပါတယ် ။
အဲ့တော့ အဆုတ်အတွင်းရေဝင်တယ်ဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးလဲ ?
ပထမဆုံး အဆုတ်အမြှေးပါး အကြောင်းပြောရအောင်ပါ
– အဆုတ်က အသက်ရှုလိုက်တိုင်း ရင်ခေါင်းနံရံနဲ့ ပွတ်မတိုက်အောင် ရင်ခေါင်းနံရံမှာ အမြှေးပါးတစ်ခု ၊ အဆုတ်နံရံမှာ အမြှေးပါးတစ်ခု နဲ့အုပ်ထားပါတယ်။
– အဲ့တော့ အသက်ရှူရင် အဲ့ အလွှာနှစ်ခုပဲ ပွတ်တိုက်မှုရှိပါတော့တယ်၊ အလွှာနှစ်ခုကြားမှာလည်း ပွတ်တိုက်ရင် ချောနေအောင် အဆီပါးလေးထည့်ပေးထားပါတယ်။
– ပုံမှန်အားဖြင့်လည်း အမြှေးပါးနှစ်ခုကြားမှာ ချောဆီသဘောမျိုး 10ml ခန့်ရှိတဲ့ အရည်လေးတွေ ရှိနေပါတယ်။ ဒီအရည်လေးတွေ ပိုလည်းများမလာ ၊ နည်းလည်းနည်းမသွားအောင် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ သွေးကြောမျှင်လေးတွေရဲ့ အရည်တွန်းအား၊ ဆွဲအားလေးတွေနဲ့ ထိန်းညှိပေးထားပါတယ်။ ( hydrostatic and oncotic pressure )
– ဒါကတော့ ပုံမှန် လူတစ်ယောက်မှာရှိတဲ့ အခြေအနေပေါ့။
အဲ့တော့ရောဂါဖြစ်လာရင် ဘယ်လိုဖြစ်မလဲ ကြည့်ရအောင်
– အကယ်၍ ရောဂါဖြစ်လာရင် အဲ့အလွှာနှစ်ခုရဲ့ မျက်နှာပြင်တွေက ကြမ်းလာပြီး ကြားခံအဆီပါးလေးလဲ အရာမရောက်တော့ပါဘူး။
– ဒါ့အပြင် အလွှာနှစ်ခုမှာရှိတဲ့ သွေးကြောမျှင်လေးတွေရဲ့ အရည်စိမ့်ဝင်မှု (permeability)အားကောင်းလာပြီး ၊ အရည်တွန်းအား ဆွဲအား မညီမျှမှုတွေလည်း ဖြစ်ပေါ်လာပါတယ်။ ရလဒ်အနေနဲ့ကတော့ သွေးကြောမျှင်လေးတွေထဲက အရည်တွေ အလွှာနှစ်ခုကြား စုဝေးလာပါတော့တယ်။
– အဲ့အရည်က တဖြည်းဖြည်းများလာတဲ့အခါ အလွှာနှစ်ခုကြားမှာ နေရာ ပိုယူလာသလို ဘေးက အဆုတ်ကိုလည်း ဖိလာနိုင်ပါတယ်။
– ဒါကြောင့် အကျဉ်း ပြောမယ်ဆိုရင် အဆုတ်အသားထဲရေဝင်တာ မဟုတ်ပါဘူး။ အဆုတ် အလွှာ နှစ်ခုကြားမှာ ရေတွေစုရင်း စုရင်းနဲ့ များလာရင် ဘေးက အဆုတ်ကိုပါတွန်းခြင်းပဲ ဖြစ်ပါတယ်။
ဘယ်သူတွေမှာ ဖြစ်နိုင်လဲ ?
– တီဘီရောဂါ ရှိသောသူတွေ ( များသောအားဖြင့် လူလတ်ပိုင်းတွေ )
– ကင်ဆာသမားတွေ ( အသက်ကြီးသောသူ )
– နမိုးနီးယား အဆုတ်ရောင်ရောဂါ
– အဆုတ်သွေးကြောပိတ်ခြင်း
– အဆုတ်အမြှေးပါးရောင်ခြင်း
– နှလုံးအားနည်းရောဂါ
– နှလုံးအမြှေးပါးရောင်ရောဂါ
– အသည်းရောဂါအမျိုးမျိုး
– ကျောက်ကပ်ရောဂါများ
– အစာရေမျိုပြွန်ပေါက်ခြင်း နဲ့
– တခြားတခြားသော ရောဂါအမျိုးမျိုးရဲ့ နောက်ဆက်တွဲတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ရောဂါဖြစ်မှန်းရော ဘယ်လိုသိမလဲ ?
– ဆရာဝန်က စစ်ဆေးစမ်းသပ်ပြီးလည်း သိနိုင်သလို ရင်ဘက်ဓာတ်မှန်ရိုက်ကြည့်ရင်လည်း အရည်တွေစုနေတာ တွေ့ရတတ်ပါတယ်။
– ဘာရောဂါကြောင့်ဖြစ်တာလဲဆိုတာ သိချင်ရင်တော့ လိုအပ်တဲ့သက်ဆိုင်ရာစစ်ဆေးမှုတွေ ထပ်လုပ်ရပါလိမ့်မယ်။
အရည်စုလာရင် ဘယ်လို ကုမလဲ ?
– ကုထုံးကတော့ စုလာတဲ့ အရည်ကိုစုပ်ထုတ်ရမှာပါ။
– ပြီးတော့ ရောဂါ အကြောင်းအရင်း ကိုလိုက်ရှာပြီး သက်ဆိုင်ရာ ရောဂါကို ကုသမှုတွေပေးရပါမယ်
( ဥပမာ – တီဘီဆေး, ကင်ဆာ )
သိစေချင်သော အကြံပေးချက်
– ချောင်းဆိုး၊ဖျား၊ ပိန် တာ ၂ ပတ် အထက်ရှိရင် ဆေးရုံ ၊ ဆေးခန်း ပြသင့်နေပါပြီ ။ ဓာတ်မှန်ရိုက်ခိုင်းရင်လည်း ရိုက်လိုက်ပါ။ ရေဝင်နေတာ တွေ့ရင် သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ သေချာပြသရန်လိုပါတယ်။
– ဆေးခန်းတွေမှာ အရည်ကို အလွယ်တကူဖောက်ထုတ်တာက ပိုးဝင်နိုင်တဲ့ အတွက် အန္တရာယ်များပါတယ်။ ပိုးဝင်ပြီးအရည်အားလုံး ပြည်ဖြစ်သွားရင် ကုဖို့အလွန်ခက်ပါတယ်။
– ငွေကြေးမပြည့်စုံတာကို အကြောင်းပြပြီး ကုသမှု ငြင်းဆန်နေရင် နောက်ဆက်တွဲက ပိုဆိုးလာနိုင်တဲ့ အတွက် အခမဲ့နီးပါးလောက် ကုသမှုပေးနေတဲ့ ဆေးရုံကြီးတွေမှာ ကုသဖို့ တိုက်တွန်းပါတယ်။
– အရည်ကိုစုပ်မထုတ်ရင်လည်း တဖြည်းဖြည်းပျစ်သွားနိုင်ပြီး ကုသရအလွန်ခက်ပါတယ်။
– ဘယ်ရောဂါကြောင့်လဲ ဆိုတာ အဖြေသိရရင်လည်း နောက်တစ်ဆင့်ကုသမှုတွေကို မနှောင့်နှေးဘဲ ဆက်လက် လုပ်ဆောင်သင့်ပါတယ် ။
ကျန်းမာပြည့်ဝ နှလုံးလှသော သူများဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်….
Reference
Oxford Handbook of Clinical Medicine 10th Edition pg.170,192
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.