ခြေဖနောင့်အရွတ်ရောင်ခြင်း (Plantar Fasciitis)

ခြေဖနောင့်အရွတ်ရောင်တာဟာ ခြေ‌ဖနောင့်နာရတဲ့အဖြစ်အများဆုံး အကြောင်းရင်းပါ။ ခြေဖနောင့်နဲ့ ခြေချောင်းအရိုးလေးတွေကြား ဆက်သွယ်ထားတဲ့ အရွတ်ရောင်တာပါ။

ဘယ်လိုခံစားရပါလဲ?

အများအားဖြင့် စူးစူးပြီးနာပါတယ်။ ဖနောင့်နား ခြေဖဝါးကပါ။ မနက်နိုးနိုးချင်း စလှမ်းတဲ့ ပထမဆုံးခြေလှမ်းမှာ နာလေ့ရှိပါတယ်။ နောက်ပိုင်း ထပြီး လှုပ်ရှားသွားလာရင်တော့ တဖြည်းဖြည်းသက်သာလာလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အကြာကြီး မတ်တပ်ရပ်ရင်၊ ထိုင်ရာကနေ ထရပ်လိုက်ရင် ပြန်နာလာတတ်ပါတယ်။

ဘာလို့ဖြစ်တာလဲ?

ဘာလို့နာလဲဆိုတာကတော့နားလည်ရခက်ပါတယ်။ ဒါပေမယ့် အရွတ်ဟာခြေချောင်းအရိုးလေးတွေနဲ့ ခြေဖနောင့်ကို တွယ်ထားတာဖြစ်လို့ လမ်းလျှောက်ချိန်မှာ ထိန်းညှိပေးတဲ့အရာမို့ အဲ့အရွတ်လေး အသုံးများ tensionများရင် အရွတ်လေး ပြဲနိုင်ပါတယ်။ ကြိမ်ဖန်များစွာဖြစ်လာရင်တော့ ရောင်လာနိုင်ပါတယ်။ အဲလိုအကြမ်းဖျင်း ယူဆနိုင်ပါတယ်။ အဖြစ်များတာကတော့ အပြေးသမားတွေ၊ ၀တဲ့သူတွေမှာ တွေ့ရပါတယ်။

ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်လဲ?

ဖြစ်စေတဲ့ အကြောင်းရင်းကို အတိအကျ မရှင်းပြနိုင်ပေမယ့် အောက်ဖော်ပြပါလူတွေမှာတော့ အဖြစ်များတာတွေ့ရပါတယ်။
၁။အသက်အရွယ်အားဖြင့် ၄၀-၆၀ကြား၊
၂။ အရွတ်ကို stress တအားဖြစ်စေနိုင်သော တာဝေးအပြေးသမားတွေ၊ ဘဲဘေး ကချေသည်တွေ၊ အေရိုးဗစ် ကခုန်သူတွေ၊
၃။ ခြေထောက်ပြားသောသူ (flat foot)၊ ခြေထောက် အလွန်အမင်းခွက်သောသူ ( high arch) နဲ့ လမ်းလျှောက်ပုံ ပုံမှန်မဟုတ်တဲ့သူတွေ (အရွတ်ကို stressများစေ အလုပ်ပိုလုပ်စေလို့ပါ။)
၄။ ၀တဲ့သူတွေ
၅။ အချိန်အကြာကြီး လမ်းလျှောက် သို့ မတ်တပ်ရပ်သော အလုပ်လုပ်နေရသူတွေ ( စက်ရုံ၀န်ထမ်းတွေ၊ ကျောင်းဆရာ/ဆရာမတွေ)

ကြာရင် ဘာပြဿနာပေးနိုင်ပါလဲ?

ခြေဖနောင့် အရွတ်ရောင်တာကို ဂရုမစိုက်ပဲ သေချာမကုရင် ကြာရင် ရေရှည်နာသွားနိုင်ပြီး ကိုယ့်ပုံမှန် လှုပ်ရှားမှုတွေလုပ်ဖို့ နှောင့်နှေးစေမှာပါ။ ခြေထောက်ကို မနာအောင်ညှာလျှောက်ရင်လည်း ကျန်တဲ့ ဒူး၊ ခါး နဲ့ တင်ပဆုံရိုးတွေမှာ ပြဿနာပေးလာနိုင်ပါတယ်။

ဒါဆို ဘာလုပ်သင့်လဲ?

ဒါကြောင့် ဖြစ်လာရင် ဆရာ၀န်နဲ့ပြပါ။ ဆရာ၀န်ကစမ်းသပ်စစ်ဆေးပြီး ဓါတ်မှန်ရိုက်ပါလိမ့်မယ်။ အရိုးကျိုးတာလား (stress fracture)၊ အရိုး အတက်ထွက်တာလား(calcaneal spur)၊ အရွတ်ရောင်တာလား (planter fasciitis) ခွဲခြားဖို့ပါ။

ခြေဖနောင့်အရွတ်ရောင်တာ ( plantar fasciitis) အများစုက မခွဲစိတ်ပဲ လအတော်ကြာ သေချာကုသလိုက်ရင် ပျောက်ကင်းပါတယ်။

ဘယ်လို ကုသရမလဲ?

ရေခဲကပ်ပါ။
ဆေးသောက်ပါ။
လေ့ကျင့်ခန်းလုပ်ပါ။ (ပုံပါအတိုင်း)


Tele-physio Facebook pageမှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်ရှင်။
https://www.facebook.com/102788082130988/posts/129326089477187/ )
နာစေတဲ့ လှုပ်ရှားမှုတွေရှောင်ကျဉ်ပါ။

အထက်ပါနည်းတွေနဲ့ မသက်သာရင်တော့ ဆေးထိုးတာ(steroid injection) ၊ အာထရာဆောင်းနဲ့ ကုတာ( Ultrasonic tissue repair) ၊ ခွဲစိတ်တာတွေ ပြုလုပ်ဖို့လိုပါမယ်။ မခွဲမစိတ်ပဲ သေချာလိုက်နာကုသရင် ပျောက်နိုင်တဲ့ရောဂါမို့ မပေါ့ဆဘဲ ဂရုစိုက်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။

Reference ????

https://www.mayoclinic.org/…/symptoms-causes/syc-20354846

https://www.facebook.com/102788082130988/posts/129326089477187/

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.