ကျွန်တော်တို့စားတဲ့ အစားအသောက်တွေထဲမှာ ဗိုက်ဆာလို့စားတဲ့ အစားအသောက်နဲ့ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်။ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်မျိုးကို emotional eating လို့လည်း ခေါ်ပါတယ်။ အခြေအနေအကြောင်းအရင်း အမျိုးမျိုးကြောင့် စားကြတာရှိပေမယ့် ဒီနေရာမှာ ကျွန်တော် အဓိကအလေးပေး တင်ပြသွားမယ့်အပိုင်းက မိမိစိတ်ခံစားချက် အတက်အကျကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားတတ်ကြတဲ့သဘောနဲ့ ဘယ်လို ပြုပြင်ထိန်းချုပ်ယူကြမလဲ ဆိုတဲ့အကြောင်းပါ။

ငြီးငွေ့မှု၊ စိတ်ဖိစီးမှု စတဲ့စိတ်ခံစားချက်မျိုးစုံဟာ ကျွန်တော်တို့အားလုံး နေ့စဉ် သိသိသာသာရော မသိမသာရော နိစ္စဓူဝ ကြုံတွေ့ရတတ်တဲ့ ပြဿနာတွေပါ။ သည်လိုကြုံရတဲ့အခါ ကျွန်တော်တို့တွေဟာ စိတ်လမ်းလွှဲ၊ စိတ်ထွက်ပေါက်အနေနဲ့ အစားအသောက်ဘက်ကို စိတ်ရောက်တတ်ကြပါတယ်။ အဲဒီအခါမှာလည်း ကျွန်တော်တို့ဦးနှောက်က အရသာပြင်းပြင်းကိုမှ တောင့်တတတ်ကြပါတယ်။ အများအားဖြင့် junk food လို့ခေါ်တဲ့ အရသာကဲပြီး အာဟာရတန်ဖိုးသိပ်မရှိတဲ့ အစားအသောက်တွေကို စားချင်စိတ် ပိုပေါ်တတ်ပါတယ်။ ဒီလိုစားပြီးတဲ့အခါမှာလည်း စိတ်က အပြစ်ရှိသလိုလို၊ မိမိကိုယ်ကိုယ် စိတ်ပျက်သလိုလို ခံစားချက်မျိုးနဲ့လည်း အဆုံးသတ်တတ်ပါတယ်။

ဆိုတော့ ဒီဆိုးကျော့သံသရာထဲ လည်ပတ်ရင်း ထိန်းချုပ်ရခက်လာတဲ့ ကိုယ့်ရဲ့စားသောက်မှုပုံစံကို ဘယ်လိုပြင်ယူကြမလဲဆိုတာ ကျွန်တော်တို့ ဆက်လက် ဆွေးနွေးကြည့်ကြရအောင်ပါ။

ပထမဆုံး အနေနဲ့ emotional eating ကို ဖြစ်စေတဲ့ လှုံ့ဆော်မှုတွေကို ဆန်းစစ်ကြည့်ဖို့ လိုပါမယ်။ လှုံ့ဆော်မှုတွေထဲမှာ အခြေအနေ၊ စိတ်ခံစားမှု၊ အချိန်၊ နေရာ စတဲ့ အကြောင်းအမျိုးမျိုး ပါဝင်နေပြီး ဒီစိတ်ခံစားမှုတွေထဲမှာ အတွေ့ရအများဆုံးကတော့ စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ဟော်မုန်းဖြစ်တဲ့ cortisol ဟာ အချို၊ အငန်စတဲ့ အရသာပြင်းတဲ့ အစားအသောက်တွေကို တောင့်တစေပါတယ်။ စားတဲ့အခါမှာလည်း ပမာဏများများ စားပစ်တတ်ကြပါတယ်။

နောက်တစ်ခုကတော့ ပျင်းလို့ စားတာပါ။ လုပ်စရာမရှိတဲ့အခါ စိတ်က ဘာစားရင်ကောင်းမလဲ ဆိုတဲ့ဘက် အတွေးရောက်တတ်လာကြပါတယ်။ ဒံပေါက်ကလေးကပဲ ကိုယ့်အာသီသကို ဖြည့်ဆည်းပေးတော့မလိုလို၊ မာလာရှမ်းကော စပ်စပ်လေးစားပြီးပဲ ပွင့်ထွက်လိုက်ချင်သလိုလို ဖြစ်တတ်ပေမယ့် တကယ်ကတော့ ပျင်းနေတာပါ။ စိတ်လှုပ်ရှားမှု လစ်ဟာနေတဲ့ဘဝထဲ တစ်ခုခုကို ဖြည့်လိုက်ချင်တဲ့ သဘောပါ။

ဒီပြဿနာကို ချဉ်းကပ်တဲ့ နည်းလမ်းတစ်မျိုးကတော့ စိတ်ခံစားမှုအတက်အကျနဲ့ အစားအသောက်ကို နေ့စဉ် ဒိုင်ယာရီသဘောမျိုး ဖုန်းထဲမှာဖြစ်ဖြစ် သတိထားရေးမှတ်ခြင်းပါပဲ။ ဥပမာ၊ စိတ်သိပ်ရှုပ်လာတဲ့အချိန်မှာ အာလူးကြော်နှစ်ထုပ်၊ ကိုလာဘူးကြီးတစ်ဘူး သောက်မိတယ် ဆိုပါစို့။ ကိုယ်ချရေးရမယ့် မှတ်တမ်းမှာ ဘယ်လိုအကြောင်းကြောင့် စိတ်ရှုပ်တာလဲ၊ ဘယ်လောက် ပမာဏထိ စားမိလဲ၊ စားပြီးသွားတဲ့အချိန်မှာရော စိတ်ကျေနပ်မှု ရှိ/မရှိ စတဲ့အခြေအနေတွေကို ပုံမှန်လေး ချရေးသွားရပါမယ်။ အဲဒီလို ပုံမှန်ရေးမှတ်ခြင်းဟာ ကိုယ့်စားသောက်မှုပုံစံကို ပိုမိုနားလည်လာပြီး ဖြေရှင်းဖို့နည်းလမ်းတွေ့ဖို့ လမ်းစတစ်ခု ဖြစ်ပါတယ်။ အာလူးကြော်နှစ်ထုပ်နေရာမှာ တစ်ထုပ်လို့ ရေးလာနိုင်တဲ့အခါ ကျွန်တော်တို့ ပျော်လာရတယ်။ အားတက်လာရတယ်။ အားတက်လာရခြင်းကြောင့် ပိုပြီးဆင်ခြင်ဖို့ အားထုတ်မိလာမယ်။ ဒါကြောင့် မှတ်တမ်းသဘောမျိုး ချရေးထားခြင်းဟာ ကျွန်တော်တို့ အလွန်အကျွံမစားသောက်မိဖို့ လုပ်နိုင်တဲ့ ပထမဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

နောက်တစ်မျိုးက ကျွန်တော်တို့စိတ်ကို ပြုပြင်ယူတဲ့သဘောပါ။ တကယ်တော့ စိတ်ဖိစီးမှုများပြီးနောက် အလွန်အကျွံ စားချင်သောက်ချင်လာတဲ့ အတွေးလမ်းကြောင်းဟာ ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အထဲ မပါပါဘူး။ ဒါက ဦးနှောက်နဲ့ဟော်မုန်းက အလိုလိုတောင့်တလာတဲ့ သဘောပါ။ ဒါပေမယ့် ကျွန်တော်တို့လုပ်ရမှာက အဲဒီအတွေးကို ပါဝါလျော့အောင် ကြိုးစားရမှာပါ။ အဲဒီလို စားသောက်ချင်လာတဲ့အချိန် စိတ်ကို အခြားတစ်ခုခုနဲ့ လမ်းကြောင်းလွှဲလိုက်တဲ့အခါ ခုနက စားကိုစားမှရမယ်ဆိုတဲ့ အတွေးက ပါဝါလျော့လာပါတယ်။ ကျွန်တော်တို့ ကြိုးစားရမှာက စားရမှဖြစ်မယ်ဆိုတဲ့အတွေးက ဦးနှောက်ကို အလွှမ်းမိုးမခံဖို့ပါပဲ။ ဦးနှောက်ရဲ့သဘောက စိတ်ရှုပ်ထွေးတဲ့အခါမှာ အလွယ်ဆုံးနည်းလမ်းကို စဉ်းစားတတ်ကြပါတယ်။ လုပ်နေကျအရာတစ်ခုကိုပဲ စိတ်သက်သက်သာသာ လုပ်ချင်ပါတယ်။ ဆိုတော့ စိတ်ညစ်တိုင်း ဖိစားတတ်တဲ့အကျင့်ကို ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ လျှော့ချတဲ့အခါ တစ်ကြိမ်ထက်တစ်ကြိမ်မှာ ပိုပြီးထိန်းချုပ်လာနိုင်တာ တွေ့ရပါလိမ့်မယ်။

နောက်တစ်နည်းကတော့ mindful eating လို့ ခေါ်တဲ့ အစားအသောက်စားတဲ့အချိန်မှာ သတိကပ်စားခြင်းပါ။ လျှာမှာခံစားရတဲ့ အရသာ၊ ပူခြင်းအေးခြင်း၊ အထိအတွေ့ ဒါတွေကို သတိကပ်ပြီးစားတဲ့အခါ အလွန်အကျွံစားခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဗုဒ္ဓတရားနဲ့လည်းညီတဲ့ အကျင့်တစ်ခုပါပဲ။

နောက်ဆုံးအရေးကြီးဆုံးက စိတ်ပိုင်းဆိုင်ရာ ပူပန်မှုတွေ၊ စိုးရိမ်သောကတွေ၊ စိတ်အားငယ်မှုတွေကို လျှော့ချခြင်းပါပဲ။ ဒါကတော့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီနဲ့ ဆွေးနွေးခြင်း၊ စကားပြော ရင်ဖွင့်ခြင်း၊ ဆေးပုံမှန်သောက်သုံးခြင်း စတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ကျွန်တော်တို့ တယ်လီကျန်းမာမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ရင်ဖွင့်ဆွေးနွေးလို့ရတဲ့အတွက် အကယ်၍ မိမိမှာ ဒီလိုပြဿနာတွေ ကြုံလာတဲ့အခါမျိုးမှာ ဆွေးနွေးတိုင်ပင်လို့ရပါကြောင်း အသိပေးရင်း အဆုံးသတ်ပါရစေ…။

Reference: 📖 https : // www . helpguide . org /articles /diets / emotional-eating . htm

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here