ယောက်ျားလေးတွေမှာ ဥနှစ်လုံးပါသလို မိန်းကလေးတွေမှာလည်း ဥနှစ်လုံးပါတယ် ဆိုတဲ့အကြောင်း ကျွန်တော်ပြောပြခဲ့ပြီးပြီနော်။ မှတ်မိကြမယ် ထင်ပါတယ်။ ယောက်ျားလေးတွေရဲ့ ဥနှစ်လုံးက တွဲလဲလေးဆိုတော့ မြင်သာထင်ရှားရှိတယ်။ မိန်းကလေးတွေရဲ့ ဥနှစ်လုံးက ဗိုက်ထဲမှာ။ သားအိမ်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ နေကြတယ်။ ပုံနဲ့တကွ ပြပြီးပါပြီ။ သားဥအိမ် (ovary) လို့ ခေါ်တယ်လို့လည်း ပြောပြပြီးပြီနော့။

အဲဒီ သားဥအိမ်ကနေ ကင်ဆာဖြစ်နိုင်တယ် (ovarian carcinoma) ဆိုတဲ့အကြောင်းလေး ပြောပြချင်လို့ပါ။

❓သားဥအိမ် ဘယ်နေရာက ကင်ဆာဖြစ်မှာလဲ။

သားဥအိမ်က ပိန္နဲသီးနဲ့တူတယ်လို့ ကျွန်တော်ပြောခဲ့သလားလို့။ အပေါ်ဆုံး အခွံရှိမယ်။ အထဲမှာ အမြွှာတွေရှိမယ်။ အမြွှာတွေကို (follicle) လို့ ခေါ်တယ်။ အလယ်အစေ့က မမျိုးဥ၊ ဘေးက စားရတဲ့အလွှာတွေက အခြွေအရံတွေ။ အမျိုးသမီးဟော်မုန်းဓာတ်တွေ (oestrogen and progesterone) ကို ထုတ်ပေးတယ် ပြောပြပြီးသားနော်။

Follicle လေးတွေ ကြီးထွားတယ်။ အထဲဆုံးက မမျိုးဥကြွေတယ်။ တစ်လတစ်ခါလို့လည်း ပြောပြီးသားနော်။

အဲဒီ မမျိုးဥကြွေတဲ့အချိန်မှာ အပြင်ဘက်ဆုံးအခွံကိုပါ ဖောက်ထွက်ရတယ်။ အပျိုကြီးစစ်စစ်တွေဆိုရင် အပျိုဖြစ်ချိန်ကစလို့ သွေးဆုံးချိန်အထိ အနှစ်လေးဆယ်နီးနီး တစ်လတစ်ခါ သားဥအိမ်အခွံကို ဖေါက်ထွက်ပြီး မျိုးဥကြွေလိုက် အဲဒီအခွံအပေါက်ကို ပြန်ဖာလိုက်နဲ့ ကြာတော့အခွံကနေ ကင်ဆာထဖြစ်ပါလေရောဗျာ။

ကျွန်တော်ပြောခဲ့ဖူးတယ် ထင်ပါတယ်။ ယောင်္ကျားယူလိုက်ပါ ဗိုက်ကြီးသွားရင်လည်း တစ်နှစ်ခွဲလောက် မမျိုးဥ မကြွေတော့ဘူး။ သားဥအိမ်အခွံ အနားရသွားမယ်။ သားဥအိမ်အခွံကနေ ကင်ဆာထမဖြစ်နိုင်တော့ဘူး။ သို့မဟုတ် ကိုယ်ဝန်တားဖို့အတွက် ဟော်မုန်းနှစ်မျိုးပါ နေ့စဉ်သောက်ရသော သ‌န္ဓေတားဆေး၊ သုံးလခံထိုးဆေး၊ လက်မောင်းအရေပြားအောက် ထည့်ရသောဆေးတောင့် တစ်ခုခုသုံးရတော့မယ်။ အဲဒီဆေးတွေအားလုံးကလည်း မမျိုးဥမကြွေအောင် တားဆီးခြင်းဖြင့် ကိုယ်ဝန်မရအောင် ကာကွယ်တာ။ ဆိုတော့ အလိုလိုနေရင်း သားဥအိမ်အခွံကို ကာကွယ်ပြီးသားဖြစ်။ သားဥအိမ်အခွံကနေ ကင်ဆာထဖြစ်မှာကို ကာကွယ်ပြီးသားဖြစ်။ အဲဒါကြောင့် မိန်းမတွေအတွက် မရှိမကောင်း၊ ရှိမှကောင်းမယ်ဆိုတာ ကျွန်တော်တို့ ယောက်ျားလေးတွေပါလို့ ပြောပြခဲ့ဘူးတယ်နော… မှတ်မိကြလား။

ဒါပေမယ့် ယောက်ျားယူတိုင်းတော့ သားဥအိမ်ကင်ဆာကို ရာနှုန်းပြည့် ကာကွယ်တယ်တော့ မဟုတ်ပါဘူး။ ၇၀% ပဲကာကွယ်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သားဥအိမ်ကင်ဆာတွေရဲ့ ၇၀% ကပဲ သားဥအိမ်အခွံကနေ ထဖြစ်တာတဲ့။ ကျန်တဲ့ ၃၀% က အထဲက (follicle) တွေရဲ့ အခြွေအရံအလွှာတွေ၊ မမျိုးဥတွေကနေ ဖြစ်တာတဲ့။

အဲဒီ ၃၀% အတွက်ကတော့ ကာကွယ်စရာနည်းလမ်း မရှိပါဗျ။ သမ္ဗေသတ္တာ ကံမသကာပေါ့ဗျာ။

၇၀% အကြောင်းပဲ ပြောကြရအောင်နော။ သားဥအိမ်အခွံကနေဖြစ်တဲ့ ကင်ဆာအကြောင်းပေါ့။ အပျိုကြီးစစ်စစ်ဖြစ်ခြင်းအပြင် နောက်ထပ် သားဥအိမ်အခွံကင်ဆာ ဖြစ်စေနိုင်သော အကြောင်းရင်းတွေက….

၁။ မျိုးရိုးဗီဇ ပါတဲ့။

၂။ မမျိုးဥ ‌မကြွေစေသော သားဆက်ခြားနည်းများကို အသုံးမပြုဘဲ အခြားသားဆက်ခြားနည်းများ ဥပမာ condom သုံးခြင်း၊ ရက်ရှောင်ခြင်း၊ စောစီးစွာ သားကြောဖြတ်ခြင်း စသည်တို့ဖြစ်ပါတယ်။

အမျိုးသမီးများ အားလုံးအတွက် သားဥအိမ်အခွံ ကင်ဆာဖြစ်နိုင်သော တစ်သက်တာ ဖြစ်တန်စွမ်းက ၇၅ ယောက်မှာ တစ်ယောက်ပါတဲ့ ခင်ဗျာ။

မျိုးရိုးဗီဇအကြောင်း ပြောရအောင်။ မိမိနဲ့သွေးတော်တဲ့ အမျိုးထဲက အမေ၊ အဒေါ်၊ အစ်မ၊ ညီမ စသည်တို့တွင် သားဥအိမ်အခွံကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်အတွင်းနံရံကင်ဆာ၊ အူမကြီးကင်ဆာ ဖြစ်ခဲ့ဖူးကြလျှင် မိမိတွင်လည်း အလားတူကင်ဆာမျိုး ဖြစ်ဖို့အခွင့်အလမ်း များပါတယ်တဲ့ဗျ။ မျိုးရိုးဗီဇ စစ်ဆေးမှု (chromosomal analysis) လုပ်ကြည့်နိုင်ရင်တော့ ပိုသေချာပါမယ်။ မိမိတွင် (BRCA 1 and/or BRCA 2 gene) မျိုးရိုးဗီဇ ပါနေလျှင်တော့ သားဥအိမ်အခွံကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့်သွားပါပြီ။

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး Angelina Jolie မှာ အဒေါ်၊ အမေတို့ကလည်း သားဥအိမ်အခွံကင်ဆာဖြင့် သေဆုံး၊ မိမိကိုယ်တိုင် စစ်ကြည့်တော့လည်း (BRCA gene) ဗီဇပါဝင်။ ထို့ကြောင့် အသက်လေးဆယ်ခန့်မှာပဲ (လွန်ခဲ့သောကိုးနှစ်ခန့်က) ရင်သားနှစ်ဖက်စလုံးနှင့် သားဥအိမ်နှစ်ခုစလုံးကို ကြိုတင်ခွဲစိတ် ဖြတ်ထုတ်ထားသည်ဟု ကြားဖူးပါသည်။

ကျွန်တော်တို့ဆီမှာတော့ အဲဒီလို မျိုးဗီဇစစ်ဖို့ကလည်း မလွယ်ဘူးလေ။ ဘယ်လိုကာကွယ်ကြမလဲ။ ယောက်ျား စောစောယူလိုက်ပါလို့ပဲ ပြောရတော့မလို။

သေချာပြောနိုင်တာကတော့ အသက်လေးဆယ်အောက်မှာ သားဥအိမ်အခွံ ကင်ဆာဖြစ်ဖို့ရာ တော်တော်နည်းပါတယ်ဗျ။ အခွံပေါက်သွားလိုက် ပြန်ဖာလိုက် နှစ်သုံးဆယ်ကျော်မှ ကင်ဆာထဖြစ်တာပါ။ အသက်နှစ်ဆယ်ကျော် သုံးဆယ်ပတ်ချာလည် အမျိုးသမီးလေးများ အကြောင်းတစ်ခုခုကြောင့် ဗိုက်ကို အာထရာဆောင်း (ultrasound) ရိုက်မိလို့ သားဥအိမ်မှာ ရေအိတ်တွေ့တယ်ပြောရင် စိတ်မပူကြပါနဲ့။ ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းပါသေးတယ်။

အသက်လေးဆယ်လည်း ကျော်ပြီ၊ သားဥအိမ်မှာ ရေအိတ်တွေ့တယ်၊ အရွယ်အစား အချင်းကလည်း ၅ စင်တီမီတာ (5 cm) နှစ်လက်မကျော်တယ်ဆိုရင်တော့ ခွဲထုတ်ပစ်ဖို့ တိုက်တွန်းတတ်ကြပါတယ်။ ရေအိတ်ပေါက်၊ အညှာလိမ်၊ သွေးထွက်ဖြစ်ပြီး မခံမရပ်နိုင်အောင် ဗိုက်နာတော့မှ အရေးပေါ်ခွဲစိတ်ပေးရခြင်းကို ရှောင်လွှဲဖို့နဲ့ ကင်ဆာဟုတ်/မဟုတ် ဓာတ်ခွဲခန်းကို အသားစပို့ စစ်ဆေးဖို့အတွက်ပါ။

မခွဲခင်မှာလည်း ကင်ဆာဖြစ်နိုင်ခြေ အနည်းအများကိုလည်း မှန်းဆလို့ရပါတယ်။ RMI ( Risk of malignancy index) ကင်ဆာဖြစ်နိုင်ခြေ အနည်းအများပြ အညွှန်းကိန်းဆိုတာ ရှိပါတယ်။ ဘယ်လိုတွက်သလဲဆိုတော့…

RMI = သွေးဆုံးပြီး/မပြီး × သွေးတွင်း CA 125 ပမာဏ × သားဥအိမ်ရေအိတ်ရဲ့ ultrasound မှာတွေ့ရှိပုံ အဲဒီသုံးခုကို မြှောက်တာပါ။

🔺သွေးမဆုံးသေးရင် ၁ မှတ်ပါ။ သွေးဆုံးပြီးရင်တော့ ၂ မှတ်ပါ။

🔺လူနာအမျိုးသမီးရဲ့ သွေးတွင်း CA 125 ပမာဏကိုတိုင်းပါတယ်။ ထွက်လာတဲ့ ဂဏန်းအတိုင်း အမှတ်ယူပါတယ်။

🔺Ultrasound မှာတော့ အချက်ငါးခုကို ကြည့်ပါတယ်။

(၁) ရေအိတ်က သားဥအိမ်နှစ်ခုစလုံးမှာ ရှိတယ်။

(၂) ရေအိတ်က အုန်းသီးလိုမဟုတ်ဘဲ သလဲသီးများလို အကန့်တွေရှိမယ်။

(၃) ရေအိတ်ထဲမှာ ရေအပြင် အသားစ အစိုင်အခဲတွေ ရှိမယ်။

(၄) ဝမ်းဗိုက်ခေါင်းအတွင်းမှာ ရေဖျည်းစွဲတဲ့အရည်တွေ (Ascitic fluid) တွေ့မယ်။

(၅) ဝမ်းဗိုက်ခေါင်းအတွင်းမှာ ပြန်ရည်ကျိတ်တွေ ကြီးနေတာတွေ့မယ်။ (para aortic lymph nodes enlargement)

သားဥအိမ်မှာ ရေအိတ်တော့တွေ့ (သို့သော်) အထက်ပါ လက္ခဏာငါးခုထဲက တစ်ခုမှမတွေ့ရင် အမှတ်က zero ပါ။ တစ်ခုတွေ့ရင် ၁ မှတ်ပါ။ နှစ်ခုနဲ့အထက်တွေ့ရင် ၃ မှတ်ပါ။

ဆိုတော့ကာ သွေးတွင်း CA 125 ပမာဏက ၃၅ ထားပါတော့။ သွေးမဆုံးသေးရင် ၃၅ မှတ်ပဲ။ ၁ နဲ့မြှောက်တာကိုး။ သွေးဆုံးပြီးရင်တော့ ၇၀ ဖြစ်သွားပြီ။ ၂ နဲ့မြှောက်ရတော့မှာကိုး။ ၃၅ ပဲဖြစ်ဖြစ် ၇၀ ပဲဖြစ်ဖြစ် ultrasound တွေ့ရှိချက်က zero ဆိုရင် မြှောက်လိုက်ရင် သုံညဖြစ်သွားမယ်။

အားလုံးမြှောက်ပြီးလို့ RMI ၃၅ မှတ်နဲ့ အောက်ဆိုရင် သားဥအိမ်အခွံကင်ဆာဖြစ်ဖို့က ရေအိတ်ရှိနေသော်လည်း ၁% ပါ။ ၃၅ နဲ့ ၃၅၀ ကြားဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေ နည်းနည်းများပါပြီ။ ၃၅၀ အထက်ဆိုရင်တော့ တော်တော်များပါပြီ။ ရာခိုင်နှုန်း (%) တွေ သေချာအတိအကျ မမှတ်မိတော့လို့ ဝါးချလိုက်တာပါ။

အဓိကက မိမိကိုယ်တိုင် လူနာက သားဥအိမ်ရေအိတ်ကို ခွဲစိတ်တော့မယ်ဆုံးဖြတ်ရင် ခွဲစိတ်ပြီးထွက်လာတဲ့အလုံးကို ကင်ဆာဟုတ်/မဟုတ် ဓာတ်ခွဲခန်းတင်ပို့ဖို့ အသားစ စစ်ဆေးခ (Biopsy ကြေး) မနှမြောဖို့ရယ်၊ အသားစအဖြေ (biopsy result) ထွက်လာလို့ နောက်ဆက်တွဲ ကင်ဆာဆေးထိုးဆေး၊ အကြောဆေးတွေ ဆက်လိုက်ဖို့လိုအပ်တယ်လို့ ကျွန်တော်တို့က ပြောလာရင် တိတိကျကျလိုက်နာဖို့ရယ် အကြံပြုချင်ပါတယ်။ ကျန်းမာရေးဗဟုသုတရှိသူ ပညာတတ်များကို သိပ်ရှင်းပြစရာမလိုပေမယ့် အချို့သော အဖွားကြီးတွေကို ရှင်းပြရအတော်ခက်ပါတယ်။

ခုမြေပြင်ရှေ့တန်းမှာကို ကျွန်တော် တစ်ယောက်ကြုံပြီးပါပြီ။ ဗိုက်ထဲမှာအလုံးကြီးတဲ့ လာပြတယ်။ သားဥအိမ်ကင်ဆာ (ovarian carcinoma) ထင်လို့ ခွဲပေးလိုက်တယ်။ ခွဲစိတ်မှုအစစ် ရလိုက်တယ်။

(TAH + BSO + infracolic omentectomy + ascitic fluid aspiration for cytology)

အသားစ အဖြေပို့စစ်လိုက်တယ်။ ဟုတ်တယ် ကင်ဆာလို့ ထွက်တယ်။ နောက်ဆက်တွဲ ကင်ဆာဆေးထိုးဆေးတွေ လိုက်ဖို့လိုအပ်တယ်။ ကျွန်တော်လုပ်မပေးနိုင်ဘူး။ လွှဲလိုက်တယ် သွားပါလို့။ နားမထောင်ဘူးဗျာ။ အလုံးကြီးထွက်သွားတော့ ပြီးပြီပေါ့။ တစ်နှစ်ရှိတော့ အသည်းအသန်ဖြစ်မှ ပြန်ရောက်လာတယ် ကျွန်တော့်ဆီ။ ဘာမှ လုပ်မပေးတတ်တော့ဘူးလေ။ အသက်ထွက်မှာ ထိုင်ကြည့်နေလိုက်ရတယ်။ မ‌ေ -ိုး ကြင်စိုးလို့ ဆဲရင်းနဲ့။ ဆိုင်ဆိုင် မဆိုင်ဗျာ။ ဆိုင်ကိုဆိုင်တယ်။

အခုပိုစ့်အတွက် ကျမ်းကိုးစာရင်း မေးရင်တော့ my memory လို့ပဲ ဖြေရမှာပဲ။ လွဲနေတာများရှိရင်လည်း အကြံပြုနိုင်ပါတယ်။

ကျေးဇူးပါဗျ အဆုံးထိဖတ်ပေးလို့…။

ဒေါက်တာဝသုန်

သားဖွားမီးယပ် ဆရာဝန်

လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here