နေမကောင်းဖြစ်တဲ့အခါ၊ ရောဂါတစ်ခုခု ခံစားရတဲ့အခါ ဆရာဝန်တွေ၊ သူနာပြုတွေက ပါးစပ်ကနေသောက်ရတဲ့ဆေး (သောက်ဆေး) တွေ ပေးလေ့ရှိပါတယ်။ များသောအားဖြင့် သောက်ဆေးတွေက ပါးစပ်ကနေတစ်ဆင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ရောက်ရှိပါတယ်။ အဲမှာ စုပ်ယူခံရပြီးမှ သွေးကြောထဲသို့ရောက်ကာ လိုအပ်တဲ့နေရာကို သယ်ဆောင်ခံရပြီး အာနိသင်ပြလေ့ရှိပါတယ်။ တချို့သောဆေးတွေ (ဥပမာ – ငုံဆေးတွေ) ကတော့ ခံတွင်းက‌နေ သွေးကြောထဲကို တိုက်ရိုက်ရောက်ကြပါတယ်။

သောက်ဆေးပုံစံ ဘယ်နှစ်မျိုးရှိပါသလဲ….

– Tablets (ဆေးခဲ) (Coated or uncoated)

– Capsules (ဆေးတောင့်)

– Frizzy tablets (ရေဆူဆေးပြား)

– Chewable tablets and lozenges (ဝါးစားလို့ရတဲ့ ဆေးခဲ)

– Buccal tablets (ငုံဆေး)

– Powder and granulates (ရေနဲ့ဖျော် အသုံးပြုရတဲ့ ဆေးမှုန့်)

– Drops (အစက်ချဆေး)

– Liquid medications and syrups (ဆေးရည်များ) ဆိုပြီး ရှိပါတယ်။

???? ဘယ်လိုအကြောင်းအရာတွေကြောင့် ဆေးတွေ ပုံစံအမျိုးမျိုး ကွဲနေရပါသလဲ….

ဆေးအခဲကို မစားနိုင်တဲ့ ကလေးတွေအတွက် ဆေးရည်၊ အစာမျိုဖို့ ခက်ခဲသူတွေအတွက် ရေဆူဆေးပြား အစရှိသဖြင့် သောက်သုံးရာမှာ အဆင်ပြေလွယ်ကူစေဖို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တချို့သော ဆေးဝါး‌တွေကို သွေးကြောထဲသို့ ဖြည်းဖြည်းချင်း ရောက်ရှိစေဖို့၊ အစာခြေအက်စစ်ဒဏ်ခံနိုင်ဖို့ ရည်ရွယ်ပြီး ဖော်မြူလာအမျိုးမျိုးနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

သောက်ဆေးတွေ သောက်သုံးရတော့မယ်ဆိုရင် ဆေးပေးတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေကို မေးခွန်းလေးတွေ မေးကြည့်သင့်ပါတယ်။

– သောက်သုံးဖို့ ညွှန်ကြားတဲ့ဆေးက ဘာဆေးလဲ

– ဆေးထဲမှာ ဘယ်လိုမျိုးဓာတုပစ္စည်းတွေ ပါတာလဲ

– ဒီဆေးကို ဘာအတွက် ပေးတာလဲ

– ပမာဏဘယ်လောက်သောက်သုံးရပြီး ဘယ်နှရက်ကြာအောင်သောက်သုံးသင့်တာလဲ

– ဘယ်အချိန်မှာ သောက်ရမှာလဲ (မနက်လား၊ ညလား)

– ဘယ်လိုသောက်ရမှာလဲ (ထမင်းစားပြီးလား၊ မစားခင်လား၊ အစာနဲ့ ခွာပြီးလား၊ ဝါးစားလို့ရလား၊ မရဘူးလား)

– ဒီဆေးကိုသောက်သုံးတာကြောင့် ဘယ်လိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်လဲ

– နောက်ဆက်တွဲဆိုးကျိုးတွေရှိရင် ဘာဆက်လုပ်ရမှာလဲ

– ကိုယ်ဝန်ရှိနေရင်၊ ကလေးနို့တိုက်နေရရင် ဒီဆေးတွေနဲ့ သင့်‌လျော်လား

– ဒီဆေးနဲ့အတူတွဲပြီး မသောက်သုံးသင့်တဲ့ ဆေးတွေ၊ အစားအစာတွေ ရှိလား စတာတွေကို သေချာမေးကြည့်သင့်ပါတယ်။

.

ဘာလို့ ဒီလိုမေးခွန်းတွေ မေးသင့်တာလဲ….

သောက်ဆေးတစ်မျိုးမှာ ပါဝင်တဲ့ဓာတုပစ္စည်းနာမည် (Generic name) နဲ့ ထုတ်လုပ်တဲ့ဆေးကုမ္ပဏီက‌ ပေးထားတဲ့နာမည် (Brand name) ဆိုပြီး ရှိပါတယ်။ ဥပမာ – Paradenk ဆိုတာဟာ ထုတ်လုပ်တဲ့ဆေးကုမ္ပဏီက ပေးထားတဲ့နာမည် ဖြစ်ပြီး Paracetamol (Acetaminophen) ဆိုတာကတော့ ပါဝင်တဲ့ဓာတုပစ္စည်းနာမည် ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့နေရာပေါ်လိုက်ပြီး စျေးအနည်းအများ ကွဲပြားနိုင်ပေမယ့် ပါဝင်တဲ့ဓာတုပစ္စည်းနာမည်တူရင် သောက်သုံးလို့ရနိုင်တာကို သိထားဖို့လိုပါတယ်။

.

အပေါ်မှာပြောခဲ့သလို တချို့ဆေးတွေကို အစာခြေရည်ခံနိုင်အောင်၊ တချို့ဆေးတွေကို ဖြည်းဖြည်းချင်း အာနိသင်ပြအောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် တချို့ဆေးတွေက ဝါးစားလို့ရပြီး တချို့ဆေး‌တွေက ဝါးစားရင် သူ့အာနိသင်မရတော့တာ ဖြစ်နိုင်ပါတယ်။ အဲလိုပဲ အကိုက်အခဲပျောက်ဆေးတွေကို အစာမရှိဘဲ မကြာခဏသောက်သုံးရင် အစာအိမ်ရောဂါရနိုင်ပေမယ့် တချို့ဆီးချိုဆေးတွေကိုတော့ အစာမစားခင် သောက်သုံးဖို့လိုပါတယ်။ ဒါကြောင့် ဆေးသောက်သုံးတဲ့နေရာမှာ နည်းလမ်းမှန်မှန်သောက်သုံးမှ အာနိသင်အပြည့်အဝရရှိပြီး ဆေးစွမ်းထက်မှာ ဖြစ်ပါတယ်။

အင်တာနက်မှာ ဖေ့စ်ဘုတ်မှာ သောက်လက်စဆေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တွေ့ရလို့ လူနာတချို့က ဆက်မသောက်တော့ဘူး ဆိုပြီး ပြောလာတာကို ကျွန်တော်တို့ဆေးခန်းမှာ အမြဲကြားရလေ့ရှိပါတယ်။ ဒီလိုလုပ်ရပ်က မမှန်ကန်ပါဘူး။ သောက်ဆေးတွေဟာ ဓာတုဗေဒဆေးတွေ ဖြစ်တာမို့ ဆေးတိုင်းမှာ နောက်ဆက်တွဲဆိုးကျိုး တစ်ခုမဟုတ်တစ်ခု ရှိတတ်ပါတယ် (သာမန်အားဆေးတွေတောင်မှ ရှိနိုင်ပါတယ်)။

ဒီလို နောက်ဆက်တွဲဆိုးကျိုးတွေကို ကိုယ့်အပေါ်သက်ရောက်မှုမရှိစေဖို့ အဓိကလုပ်ကိုင်ရမှာက ဆေးပေးတဲ့ကျန်းမာရေးဝန်ထမ်းတွေဆီမှာ နောက်ဆက်တွဲဆိုးကျိုးတွေကို သေချာမေးထားဖို့ပါပဲ။ ဆေးသောက်ပြီး တစ်ခုခုခံစားရရင်လည်း မိမိဘာသာဆေးရပ်တာမျိုး မလုပ်ဘဲ သက်ဆိုင်ရာ ဆေးပေးသူကို ပြန်လည်မေးသင့်ပါတယ်။

.

ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ အနေနဲ့လည်း သောက်ဆေးတစ်မျိုးမျိုး သောက်သုံးရတော့မယ်ဆိုရင် ဒီဆေးဟာ ကလေးကို ထိခိုက်နိုင်/မထိခိုက်နိုင် အမြဲ သေချာအောင် အတည်ပြုပါ။ ဆေးခန်းစပြတာနဲ့ မိမိမှာ ကိုယ်ဝန်ရှိကြောင်း၊ ကလေးနို့တိုက်နေကြောင်း အမြဲအသိပေးပြောကြားဖို့ လိုအပ်ပါတယ်။

.

သောက်ဆေးတွေဟာ ကျွန်တော် ထပ်ခါတလဲလဲပြောနေသလို ဓာတုပစ္စည်းတွေဖြစ်တာမို့ ဆေးတွေအချင်းချင်း ဓာတ်ပြုနိုင်ပါတယ်။ ဒါကြောင့် တချို့သော အစားအစာတွေနဲ့ တချို့ဆေးတွေကို အတူတွဲပြီးသောက်သုံးဖို့ မသင့်‌တော်တာတွေရှိတာကြောင့် မိမိသောက်လက်စ ဆေး‌တွေ၊ အစားအစာတွေနဲ့ ပတ်သက်ပြီး ဆေးခန်းက ဆရာဝန်တွေ၊ သူနာပြုတွေကို အသိပေးဖို့ လိုအပ်ပါတယ်။

မိမိသောက်သုံးတဲ့ဆေးကနေ အာနိသင်အပြည့်အဝ ရရှိစေဖို့…

၁။ ရက်လွန်ရက် (Expired date) အမြဲကြည့်ပါ။ (Powder ဆေးမှုန့်တွေကို ရေနဲ့ဖျော်ပြီး ၁၀ ရက်ကြာရင် မသောက်သုံးသင့်တော့ပါ။)

၂။ ညွှန်ကြားတဲ့ ပမာဏ၊ အချိန်၊ ရက် အတိအကျသောက်ပါ။ မသက်သာလို့ဆိုပြီး ပမာဏတိုးသောက်တာမျိုး၊ ဆေးမသောက်ဘဲ နေတာမျိုး၊ သက်သာသွားပြီဆိုပြီး (၅) ရက်သောက်ရမယ့်ဆေးကို (၃) ရက်နဲ့ ရပ်ပစ်တာမျိုး လုံးဝမလုပ်သင့်ပါ။

၃။ မိမိနဲ့ ရောဂါလက္ခဏာတူတယ်ဆိုပြီး တခြားတစ်ယောက်ကို ကိုယ်‌သောက်တဲ့ဆေးကို သောက်သုံးဖို့ အကြံပေးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ (ဥပမာ – ဆရာဝန်ကပေးထားတဲ့ အစာအိမ်နာသက်သာ‌ဆေးကို သောက်သုံးပြီး မိမိမှာ ဗိုက်နာသက်သာပေမယ့် အူအတက်ပေါက်နေသူကို မိမိသောက်သုံးတဲ့ဆေးကို သောက်ခိုင်းလိုက်တဲ့အခါ ဗိုက်နာမသက်သာတဲ့အပြင် ပိုဆိုးသွားစေနိုင်ပါတယ်။)

၄။ ဆေးသောက်ပြီး မိမိခန္ဓာကိုယ်မှာ အနီစက်ထွက်တာ၊ အသက်ရှုကျပ်တာ၊ ရင်တလှပ်လှပ်ဖြစ်တာ အစရှိတဲ့ လက္ခဏာတစ်ခုခုခံစားရပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်းဆီမှာ ကုသစစ်ဆေးမှု ခံယူသင့်ပါတယ်။

၅။ မိမိနဲ့ မတည့်တဲ့ဆေးဝါးတွေရှိရင် သေချာမှတ်ထားဖို့လိုပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေကိုလည်း မပြသခင်တိုင်း အမြဲအသိပေးပြောထားသင့်ပါတယ်။

၆။ သောက်ဆေးတွေကို ကလေးတွေ၊ တိရစ္ဆာန်‌တွေ လက်လှမ်းမမီနိုင်တဲ့နေရာမှာ ထားသင့်ပြီး စွန့်ပစ်ရင်လည်း သေချာ စနစ်တကျ လွှင့်ပစ်သင့်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ မှာချင်တာကတော့

– ဘာဆေးသောက်နေလဲဆိုပြီး ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက မေးလာတဲ့အခါ “ ဆေးအဖြူအဝိုင်းလေးတွေ” တို့၊ “ ဆေးအတောင့်ရှည်” တို့၊ “ ခါးပတ်ဆေးတွေ” တို့ ဆိုပြီး ပြောပြရုံနဲ့ မသိနိုင်ပါဘူး။ ဒါကြောင့် ဆေးကဒ်ရဲ့ နောက်ကျောက ရက်စွဲနဲ့ ဆေးအမည်လေးတွေကို သေသေချာချာ ထင်ထင်ရှားရှားမြင်ရအောင် ပြသဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဆေးရဲ့ အချက်အလက်တွေကို မြင်နိုင်ဖို့အတွက် ဆေးကဒ်အခွံတွေကိုလည်း အပိုင်းပိုင်းအစစ ဖြတ်တောက်မထားသင့်ပါဘူးနော်။

References – ????

https : // www . fda . gov /media/89449/download

https : // www . ncbi . nlm . nih . gov /books/NBK361020/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here