???? ခံတွင်းကျန်းမာရေးဟာ တကယ်တော့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးပါပဲ။ ခံတွင်းလို့ဆိုရာမှာ ကျွန်တော်တို့ စားဖို့သောက်ဖို့၊ အသက်ရှူဖို့၊ စကားပြောဆိုဖို့ကစလို့ နောက်ဆုံး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ပြုံးဖို့အဆုံး အသုံးပြုရတဲ့ သွား၊ ပါးစပ်၊ အာခေါင်၊ အာသီး အကုန်ပါဝင်ပါတယ်။ ခံတွင်းဟာ နိစ္စဓူဝ စားသောက်ဖို့အတွက် အသုံးပြုရသလို လေရှူသွင်း၊ လေရှူထုတ်ဖို့အတွက်လည်း ကနဦးအစ ဝင်ပေါက်‌နေရာဖြစ်တာမို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အရေးအတွက် ခံတွင်းကျန်းမာရေးက အခရာပါပဲ။

???? အဖြစ်များတဲ့ ခံတွင်းရောဂါတွေက ဘာတွေလဲ….

ခံတွင်းကျန်းမာရေး ယိုယွင်းလာရင်တော့

– သွားပိုးစားရောဂါ (ခေါ်) သွားဆွေးမြေ့ခြင်း

– သွားဖုံးရောဂါ

– သွားမျက်နှာပြင် ပွန်းပဲ့ပျက်စီးခြင်း

– ခံတွင်းကင်ဆာ စတဲ့ ခံတွင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။

???? ဒါဆိုရင် ခံတွင်းကျန်းမာရေး ယိုယွင်းစေတဲ့ အကြောင်းတရားတွေကို ကြည့်လိုက်ကြရအောင်….

– ပုံမှန်အနေနဲ့ကတော့ ခံတွင်းသန့်ရှင်းရေး ကောင်းမွန်နေတဲ့အခါ ခံတွင်းအတွင်းမှာရှိတဲ့ ဘတ်တီးရီးယားပိုးမွှားတွေဟာ ပိုပျံ့ပွားတာမျိုး မရှိတတ်ပေမယ့် ခံတွင်းသန့်ရှင်းရေး အားနည်းရင်တော့ ပုံမှန်ထက် အဆမတန် ပိုပေါက်ပွားလာပြီး ခံတွင်းရောဂါတွေအပြင် ကိုယ်ခန္ဓာတစ်ခုလုံးဆိုင်ရာ ဆက်စပ်ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

– ခံတွင်းထဲမှာရှိတဲ့ သွားရည်ဟာ ပုံမှန်လှည့်ပတ် စီးဆင်းနေတဲ့အခါ ခံတွင်းမှာရှိတဲ့ ဘတ်တီးရီးယားပိုးမွှားပေါက်ပွားမှုကို ထိန်းချုပ်ထားပါတယ်။ အချို့သော ဆေးဝါးတွေဟာ ဒီဖြစ်စဥ်ကို တားလိုက်သလိုဖြစ်စေပြီး ဘတ်တီးရီးယားပိုးတွေ မဟားတရား ပွားလာတာကြောင့် ခံတွင်းကျန်းမာရေးကို ယိုယွင်းစေတတ်ပါတယ်‌နော်။

– အချို့သော ခန္ဓာကိုယ်ခုခံအားကျဆင်းစေတဲ့ ရောဂါတွေ (ဥပမာ – ဆီးချိုရောဂါ၊ HIV/AIDS) ကြောင့်လည်း ခံတွင်းအတွင်းရှိ ဘတ်တီးရီးယားပိုးတွေကို တိုက်ထုတ်ပေးမယ့် သဘာဝခုခံအားတွေ ကျဆင်းလာတာကြောင့် ခံတွင်းကျန်းမာရေးဟာ ယိုယွင်းလာနိုင်ပါတယ်။

???? ခံတွင်းကျန်းမာရေး ယိုယွင်းတဲ့အခါ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ….

– ခံတွင်းကျန်းမာရေး ယိုယွင်းတဲ့အခါ ခံတွင်းက ရောဂါပိုးမွှားတွေဟာ သွေး​ကနေတစ်ဆင့် နှလုံးအတွင်းသားနေရာတွေ၊ နှလုံးအဆို့ရှင်နေရာတွေကို ရောက်ရှိပျံ့ပွားပြီး ပိုးဝင်ရောင်ရမ်းတဲ့ Endocarditis လို့ခေါ်တဲ့ နှလုံးရောဂါတစ်မျိုးလည်း ဖြစ်စေနိုင်တာမို့ အထူးဂရုပြုကြရပါမယ်နော်။

– ခံတွင်းထဲက ဘတ်တီးရီးယားပိုးတွေဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် အဆုတ်ထဲထိရောက်သွားရင် Pneumonia လို အဆုတ်ရောင်ရောဂါတွေ ဖြစ်စေတတ်ပါသေးတယ်။

– နောက်ပြီး‌တော့ သုတေသနလေ့လာမှုတွေအရ ခံတွင်းကျန်းမာရေးယိုယွင်းပျက်စီးမှုဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ ကိုယ်ဝန်ဆောင်မိခင် လမစေ့၊ ပေါင်မပြည့် ကလေးမွေးဖွားတာ စတာတွေနဲ့ပါ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

???? ဒါကြောင့် ခံတွင်းကျန်းမာရေး ကောင်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပါရစေနော်။

– နေ့တိုင်း တစ်နေ့ကိုနှစ်ကြိမ် သွားတိုက်ပါ။ တစ်ကြိမ်ကို အနည်းဆုံး နှစ်မိနစ်လောက်ထိ အချိန်ယူတိုက်ပါ။

– ဖလိုရိုက် (Fluoride) ပါဝင်တဲ့ သွားတိုက်ဆေးကို အသုံးပြုပါ။

– ခံတွင်းကျန်းမာရေးအတွက် နူးညံ့ပျော့ပျောင်းတဲ့ သွားတိုက်တံကိုပဲ အသုံးပြုပေးပါ။

– မိမိအသုံးပြုနေသော သွားပွတ်တံအမျှင်များ ဖွာထွက်နေပြီဆိုရင် အသစ်တစ်ချောင်း လဲလှယ်ပေးပါ။

– အစာစားပြီးတိုင်း သွားပွတ်ကြိုးကို သုံးပြီး သွားကြားထဲမှာရှိတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးပါ။

– သွားဖုံးရောင်ရောဂါဖြစ်နေလျှင် (သို့) ခံတွင်းနံ့ထွက်သည့်အချိန်တွင် ခံတွင်းသန့်စင်ဆေးရည်တစ်မျိုးမျိုးသုံးပေးပါ။

– အစာကို အာဟာရပြည့်ပြည့်ဝဝရရှိအောင် ဖြည့်တင်းစားသုံးပေးပါ။

– အချိုကဲတဲ့ အစားအစာတွေဟာ သွားကျန်းမာရေးကို ထိခိုက်စေတတ်တာမို့ သကြား၊ အချိုရည် စတာတွေကို ရှောင်ရှားပါ။

– ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်း စတာတွေကို ရှောင်ကြဥ်ပါ။

– သွားနှင့်ခံတွင်းဆရာဝန်နဲ့ တစ်နှစ်လျှင် ၂ ကြိမ် ပုံမှန်စစ်ဆေးပြီး လိုအပ်တဲ့ကုသမှု ခံယူပါ။

ကဲ…. ဒီလောက်ဆိုရင်တော့ ခံတွင်းကျန်းမာရေးဟာလည်း အလေးပေးသင့်တယ်ဆိုတာကို သိလောက်ပြီမို့ နိဂုံးချုပ်လိုက်ပါရစေနော်….။

Reference: ????

Mayo clinic | Oral Health : A window to your overall health

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here