အမြင်အာရုံကြော ရောင်ရမ်းခြင်း (Optic neuritis)

Optic neuritis ဆိုတာကတော့ မျက်လုံးရဲ့ အမြင်အာရုံကြော ရောင်ရမ်းတဲ့ရောဂါ ဖြစ်ပါတယ်။ အဲဒီ အမြင်အာရုံကြောဟာ မျက်လုံးနဲ့ ဦးနှောက်ကို ကေဘယ်ကြိုးတွေလို ဆက်သွယ်ပေးထားတဲ့ အာရုံကြောအမျှင်အစုဖြစ်ပြီး မျက်လုံးကနေ အမြင်အာရုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဦးနှောက်ဆီ ပို့ဆောင်ပေးပါတယ်။ အာရုံကြောအမျှင်တွေပေါ်မှာ Myelin လို့ခေါ်တဲ့ အလွှာတစ်လွှာလည်း အုပ်ထားပါသေးတယ်။

အမြင်အာရုံကြော ရောင်ရမ်းခြင်း (Optic neuritis) ဟာ မျက်လုံးတစ်ဖက်တည်းမှာ ဖြစ်တတ်လေ့ရှိပါတယ်။

လက္ခဏာတွေကတော့…

– မျက်လုံးနာမယ်။ အောင့်မယ်။ မျက်လုံးကို လှုပ်ရှားတဲ့အခါမှာ ပိုနာ၊ ပိုအောင့်တတ်ပါတယ်။

– ဖြစ်တဲ့ဘက်ကနေ အမြင်အာရုံဆုံးရှုံးတာ ဖြစ်တတ်ပါတယ်။ အချို့ဝေဒနာရှင်တွေမှာတော့ အမြင်စွမ်းရည်ကျဆင်းတာက ယာယီလောက်ပဲဖြစ်ပြီး တချို့တွေမှာတော့ အမြင်အာရုံ လုံးဝဆုံးရှုံးတာ ဖြစ်တတ်ပါတယ်။

– အရောင်မြင်နိုင်တဲ့စွမ်းရည်လည်း ကျဆင်းပြီးတော့ အရောင်တွေကို ပိုနက်နက်မြင်တာ ဒါမှမဟုတ် ပိုတောက်တောက် မြင်နေရတာတွေ ဖြစ်နိုင်ပါတယ်။

– တစ်ခါတစ်ရံမှာတော့ အလင်းရောင်ပြောက်လေးတွေ တွေ့မြင်ရတတ်ပါတယ်။

Optic neuritis ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့

– Multiple scelerosis လို့ခေါ်တဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီးတို့ကို ထိခိုက်တဲ့ ရောဂါကြောင့်

– Neuromyelitis optica လို့ခေါ်တဲ့ အမြင်အာရုံကြောနဲ့ ဦးနှောက်ကို ထိခိုက်တဲ့ရောဂါကြောင့်

– ကာလသားရောဂါပိုး၊ ဝက်သက်၊ ‌ရေယုန်အစရှိတဲ့ ရောဂါပိုးတွေ ကူးစက်ခံရတာကြောင့် ဖြစ်တတ်ပါတယ်။

– တချို့သော ဆေးဝါးတွေဟာလည်း အမြင်အာရုံကြော ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

– ဒါ့အပြင် အရေပြားလေးဖက်နာ (Systemic lupus erythematosus) နဲ့ အဆီဓာတ်ထုတ်တဲ့ အကျိတ်တွေကို ပျက်စီးသွားစေတဲ့ ရှိုးဂရန်းရောဂါစု (Sjogren’s Syndrome) လိုမျိုး ကိုယ့်ရဲ့ခုခံအားစနစ်က ကိုယ့်ဆဲလ်တွေကို မမှတ်မိဘဲ လိုက်တိုက်ခိုက်တဲ့ ရောဂါတွေ (Systemic autoimmune diseases) ကြောင့်လည်း အမြင်အာရုံကြော ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒီလိုမျိုး အမြင်အာရုံကြော ရောင်ရမ်းခြင်း (Optic neuritis) ဟာ အသက် (၂၀) ကနေ အသက် (၄၀) အတွင်းမှာ အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် မျိုးဗီဇပြောင်းလဲမှုကြောင့်လည်း Optic neuritis ဖြစ်ပွားနိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ကတော့

– အမြင်အာရုံကြောကို အလုံးစုံ ထိခိုက်သွားတာ

– အမြင်စွမ်းရည် လျော့နည်းလာတာ

– ဆေးကုသမှုကြောင့် ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

.

အမြင်အာရုံကြော ရောင်ရမ်းခြင်း (Optic neuritis) က သူ့အလိုလို ပျောက်ကင်းသက်သာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ စတီးရွိုက်ဆေးတချို့ကို သောက်သုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း စတီးရွိုက်ဆေးတွေကို လိုတာထက်ပိုသောက်သုံးရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စနစ်တကျ သောက်သုံးဖို့ လိုအပ်ပါတယ်။

.

ဒါကြောင့် မိမိရဲ့မျက်လုံးနာတာ၊ အောင့်တာ၊ အမြင်ဝေဝါးလာတာတွေ ဖြစ်တဲ့အခါမှာ မပေါ့ဆဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြသဖို့ တိုက်တွန်းလိုက်ပါရစေ…….။

References – ????

https : // www . mayoclinic . org /diseases-conditions/optic-neuritis/symptoms-causes/syc-20354953

https : // www . mayoclinic . org /diseases-conditions/optic-neuritis/diagnosis-treatment/drc-20354958

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here