“ညဘက်အိပ်ရာဝင်ပြီးမှ ဆီးထသွားရခြင်း (Nocturia)”

ညအိပ်ရာဝင်ပြီးနောက် တစ်ကြိမ်ထက်ပိုပြီး ဆီးထသွားရတာကို Nocturia လို့ခေါ်ပါတယ်။

အသက် ၃၀ အရွယ် လူလတ်ပိုင်းတွေ သုံးယောက်မှာ တစ်ယောက်လောက်က ဒီပြဿနာရှိတတ်ကြပြီး အသက်ကြီးလာတာနဲ့အမျှ ဒီလို ညဘက်ဆီးထသွားရတဲ့ပြဿနာ ပိုများလာပါတယ်။ တချို့အတွက်တော့ ဒီလို ညဘက်ဆီးထသွားရတာ သူတို့ရဲ့တချို့သောအကျင့်တွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျန်းမာရေးပြသနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

..

..

ဒီလို ညဘက်မှာဆီးထသွားရစေတဲ့ အခြေအနေတွေကတော့..

(၁) ဆီးလွန်ခြင်း – တစ်နေ့တာသွားတဲ့ ဆီးပမာဏက ပုံမှန်ထက်များလို့ နေ့ဘက်ရော ညဘက်မှာပါ ဆီးများများသွားရတာကိုဆိုတာပါ။

(၂) ညဘက် ဆီးလွန်ခြင်း – ညဘက်မှာပဲ ပုံမှန်ထက်ပိုပြီး ဆီးအများကြီးသွားတာမျိုးပါ။

(၃) ဆီးအိမ်မှ ဆီးသိုလှောင်နိုင်မှုနဲ့ ဆီးစွန့်ထုတ်မှုမှာ ပြဿနာရှိခြင်း။

ပုံမှန်အားဖြင့် ကျန်းမာသောလူကြီးတစ်ယောက်ဟာ ညအိပ်ရာဝင်ပြီးနောက် ၆ နာရီလောက်ဆီးမသွားဘဲ ဆက်တိုက် အိပ်နိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ၆ နာရီမှ ၈ နာရီအထိ ကောင်းကောင်းအိပ်ဖို့လည်းလိုပါတယ်။ မကြာခဏ အိပ်ရာကထပြီး ဆီးသွားရခြင်းက အိပ်ရေးပျက်စေပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ညဘက် မကြာခဏဆီးထသွားရခြင်းကြောင့် အိပ်ရေးမဝခြင်းနဲ့ နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်ပါတယ်။ ညဘက်မှာ မကြာခဏဆီးထသွားရသူတွေမှာ သွေးတိုးရောဂါကို ထိန်းရခက်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးနဲ့သွေးကြောပြဿနာများကြောင့် အသက်တိုခြင်းတို့ကိုဖြစ်ပေါ်စေတယ်ဆိုတဲ့ သုတေသန အထောက်အထားများ ရှိပါတယ်။

ဒီလို ဆီးထသွားရတာက ရောဂါတစ်ခုမဟုတ်ဘဲ ရောဂါလက္ခဏာတစ်ခုသာဖြစ်လို့ အဲဒီလက္ခဏာကိုဖြစ်စေတဲ့ အကြောင်းရင်းကိုရှာပြီး ကုသဖို့လိုပါတယ်။

..

..

ညဘက်ဆီးထသွားရစေသော အကြောင်းရင်းများ..

(၁) ညမအိပ်မီ အရည်များများသောက်သောအကျင့် (အထူးသဖြင့် ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းပါသော အရည်များနှင့် အရက်)

(၂) အယူအဆမှားပြီး မလိုအပ်ဘဲ ညဘက်မှာ တမင်တကာ ဆီးထသွားသောအကျင့် (ဆိုရှယ်မီဒီယာမှ အယူအဆမှားများ)

(၃) မနက်ပိုင်းသောက်သင့်သော ဆေးတချို့ကို ညနေပိုင်းမှာသောက်ခြင်း (ဥပမာ – ဆီးရွှင်ဆေးများ၊ တချို့သောနှလုံးဆေးများ)

(၄) ဗီတာမင် ဒီ အလွန်အမင်းစားသုံးခြင်း

(၅) ညအိပ်မပျော်သောရောဂါ၊ အိပ်မပျော်လို့ ဆီးထသွားခြင်း

(၆) အခြားသောကျန်းမာရေးပြဿနာများ…

– ဆီးချိုရောဂါ

– သွေးတိုး

– နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ၊ နှလုံး အားနည်းခြင်း

– ဆီးအိမ်ကျောက်က အထွက်ပေါက်မှာ ပိတ်မိခြင်း၊ တခြားဆီးအိမ်ရောဂါ၊ ဓာတ်ရောင်ခြည်၊ ခွဲစိတ်မှုတို့ကြောင့် ဆီးအိမ်မှာ ဆီးသိုလှောင်နိုင်စွမ်း ကျဆင်းခြင်း

– အကဲဆတ်သော ဆီးအိမ်က ဆီးနည်းနည်းရှိတာနဲ့ ဆီးသွားခြင်း

– အမျိုးသားများ ဆီးကျိတ်ကြီးပြီး ဆီးလမ်းကြောင်းကျဉ်းနေခြင်း

– အမျိုးသမီးများ မွေးလမ်းကြောင်းကျွံခြင်း၊ သွေးဆုံးမီးယပ်ကိုင်ခြင်း

– ကလေးများများမွေးသူများ ဝမ်းဗိုက်အောက်ပိုင်းကလီစာများ မူလနေရာမှ ကျွံကျခြင်း။

– ခြေလက်ဖောရောင်သူများ (ညဘက် တုံးလုံးလှဲလိုက်လျှင် ခြေထောက်မှရေများ သွေးလှည့်ပတ်စနစ်ထဲ ပြန်ဝင်လာပြီး ဆီးပိုသွားခြင်း)

– ဆီးအိမ်ရောင်ခြင်း၊ ဆီးအိမ်က ဆီးသိုလှောင်နိုင်စွမ်းကျခြင်း

– ဆီးအိမ်က ဆီးညှစ်အားမကောင်းသဖြင့် ဆီးအိမ်အတွင်းဆီးများ အလွန်အမင်းများကာ နည်းနည်းချင်းဆီးထွက်ကျခြင်း။

..

..

ကုသနည်းများ

ကုထုံးများကတော့ လက္ခဏာကိုဖြစ်စေတဲ့ အကြောင်းရင်းကို ဦးတည်ပြီးကုရမှာပါ။

(၁) နေထိုင်စားသောက်ပုံ အလေ့အကျင့်ကိုပြောင်းလဲခြင်း

ညဘက်တွင် အရည်လျှော့သောက်ခြင်း။ နေခင်းဘက်တွင် ရေများများသောက်ပြီး ညအိပ်ရာမဝင်မီ ၂-၄ နာရီအတွင်း အရည်ကိုလျှော့သောက်ရန်။

ဆီးရွှင်ဆေးနဲ့ အလားတူအာနိသင်ရှိဆေးများကို ညအိပ်ရာဝင်ချိန်နှင့် အနည်းဆုံး ၆ နာရီ ခွာသောက်ခြင်း။

ခြေထောက်ဖောရောင်တတ်သူတွေဟာ မတ်တပ် (သို့) အထိုင်များလို့ ခြေထောက်မှာရေစုနေခဲ့ရင် တုံးလုံးလှဲတဲ့အခါ အဲဒီရေတွေက သွေးလှည့်ပတ်မှုစနစ်ထဲပြန်ဝင်လာလို့ သွေးထဲကရေပမာဏများလာပြီး ဆီးပိုသွားပါတယ်။ အဲဒီလိုမဖြစ်အောင် နေ့ခင်းဘက်တွေမှာ ခြေထောက်ကို မကြာမကြာ အမြင့်တစ်ခုခုပေါ် တင်ထားခြင်း၊ elastic ခြေအိတ်ရှည်ဝတ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ညဘက် ဆီးခဏခဏထသွားရပြီး အိပ်ရေးပျက်လို့ နွမ်းနယ်နေရင် နေ့ခင်းဘက် ‌တရေးတမော ခဏအိပ်ပေးနိုင်ပါတယ်။ နေ့ခင်းဘက် လှဲအိပ်တာကလည်း ခြေထောက်ဖောရောင်တဲ့နေရာက ရေတွေကို သွေးစီးကြောင်းထဲ ပြန်လည်ဝင်‌စေနိုင်စွမ်း ရှိပါတယ်။ ညဘက် မျက်စိကြောင်လောက်‌တဲ့အထိ အကြာကြီး မအိပ်မိဖို့တော့ လိုပါတယ်။

(၂) အရင်းခံရောဂါကို သေချာ ကုသခြင်း။

ရောဂါကြောင့် ညဘက်ဆီးသွားသူများကတော့ အရင်းအမြစ်ဖြစ်တဲ့ ရောဂါကို သေချာကုသဖို့က အရေးကြီးပါတယ်။ (ဥပမာ – ဆီးချို၊ သွေးတိုးကိုသေချာထိန်းခြင်း၊ ကြီးနေသောဆီးကျိတ်ကိုကုသခြင်း၊ အမျိုးသမီး မွေးလမ်းကြောင်းကျွံခြင်းကိုသေချာကုသခြင်း)

(၃) ဆေးဝါးဖြင့်ကုခြင်း။

အထက်ဖေါ်ပြပါကုထုံးများနဲ့ အဆင်မပြေပါက တချို့ဆေးတွေက အကူအညီပေးနိုင်ပါတယ်။ ဆေးသောက်ဖို့ကိုတော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်များနဲ့တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

..

..

အချုပ်အားဖြင့် ဆိုရရင် ညဘက် မကြာခဏဆီးထသွားရခြင်းဟာ ပုံမှန်မဟုတ်ပါ။ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဖေ့ဘုတ်မှာပျံ့နေတဲ့ “ညဘက်ဆီးထသွားရမှာ မကြောက်ပါနဲ့၊ ညဘက်မှာ သွေးမပျစ်အောင် မအိပ်မီနဲ့ တစ်ရေးနိုးဆီးထသွားပြီးတိုင်း ရေသောက်ပါ” ဆိုတာ လုံးဝ မှားပါတယ်။ ညဘက် ဆီး လုံးဝ ထသွားစရာမလိုတာ ကျန်းမာခြင်းရဲ့လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။

ညဘက်မှာ တစ်ကြိမ်ထက်ပိုပြီး ဆီးထသွားရရင် အကြောင်းရင်းကို ရှာကုပါ။ လိုအပ်ရင် နားလည်ကျွမ်းကျင်သူ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးကုသပါလို့ တိုက်တွန်းလိုက်ပါရစေ။

Reference: ????

https: // www . urologyhealth. org/urology-a-z/n/nocturia

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here