Nasal Polyps ဆိုတာ နှာခေါင်းနဲ့ နှာခေါင်းတွင်းလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ အလုံးအကျိတ် တစ်မျိုးပါ။ စိုးရိမ်စရာ ကင်ဆာဖြစ်စေတဲ့ အလုံးမျိုးတော့ မဟုတ်ပါ။

အများအားဖြင့် ပန်းနာရင်ကျပ်သမားတွေ၊ ဓာတ်မတည့်ရောဂါ ရှိတဲ့သူတွေ၊ မကြာခဏ အသက်ရှုလမ်းကြောင်းမှာ ရောဂါပိုးဝင်ပြီး ရောင်ရမ်းလေ့ ရှိတဲ့သူတွေမှာ Nasal Polyps အလုံးအကျိတ် ပေါ်တတ်ပါတယ်။ ပြီးတော့ အလုံးဟာ အရွယ်အစား အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

????Nasal Polyps ဘာကြောင့်ဖြစ် ?

‌ခုချိန်ထိ ရောဂါဖြစ်စဉ်ကို အတိအကျ မရှင်းပြနိုင်ကြ‌သေးပါဘူး။ ဒါပေမယ့် ဒါဟာ မကြာခဏ နှာတွင်းလမ်းကြောင်းမှာ ရောဂါပိုးဝင် ရောင်ရမ်းခြင်းနဲ့ ဆက်စပ်နေမယ်လို့တော့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြပါတယ်။ နှာခေါင်းနဲ့ ဆိုင်းနပ်စ် အခေါင်းပေါက်တွေမှာရှိတဲ့ အမြှေးပါးတွေဟာ ကြိမ်ဖန်များစွာ ပိုးဝင်ရာကနေ ရောင်ရမ်းလာပါတယ်။ နီရဲပြီး အရည်တည်လာတယ်။ အဲ့သည်ကနေ Nasal Polyps ဖြစ်လာတယ်လို့ လက်ခံထားကြပါတယ်။

????ဘယ်လိုလူတွေမှာ အဖြစ်များလဲ ?

အသက်အရွယ် မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါမျိုးပါ။

– ပန်းနာရင်ကျပ် ရှိသူတွေ
– အကိုက်အခဲပျောက်ဆေးတွေနဲ့ ဓာတ်မတည့်ဖြစ်တတ်သူတွေ
– ဓာတ်မတည့်မှုကြောင့် နှာတွင်းလမ်းကြောင်း ရောင်ရမ်းလေ့ရှိသူတွေ (Allergic Rhinitis)
– အဆုတ်၊ အစာချေစနစ် တွေကို ပျက်စီးထိခိုက်စေတဲ့ မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်တဲ့ Cystic Fibrosis ရှိတဲ့သူတွေ
– မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ မကြာခဏ နှာတွင်းမှာ ကပ်တွယ်လေ့ ရှိတဲ့သူတွေ….စတဲ့ သူတွေမှာ ဖြစ်ဖို့ အလားအလာ မြင့်မားပါတယ်။

????ရောဂါလက္ခဏာတွေက ဘာလဲ ?

အများအားဖြင့် နှာခေါင်းရဲ့ နှစ်ဖက်စလုံးမှာ အလုံးအကျိတ် ပေါ်တတ်ပါတယ်။ တစ်ဖက်တည်းဆိုရင်တော့ nasal polyps လို့ ယူဆဖို့ထက် ကင်ဆာကို ပိုစိုးရိမ်ရပါတယ်။

အလုံးအကျိတ် ခပ်သေးသေးပဲ ပေါ်တဲ့အခါ တော်ရုံ သတိပြုမိဖို့ ခဲယဉ်းတတ်ပါတယ်။ ဆိုတော့ အောက်ပါ ရောဂါ လက္ခဏာများကို သတိထား ဂရုပြုသင့်ပါတယ်

– လူနာဟာ မကြာခဏ နှာစေးတတ်ပါတယ်။ ဒါကြောင့် သူကိုယ်သူ အအေးမိလွယ်တယ်လို့ ထင်နေတတ်ပါတယ်။
– နှာခေါင်းပိတ်နေတတ်ပါတယ်။ အသက်ရှုမဝဖြစ်ပြီး အိပ်ရခက်တာမျိုး ဖြစ်လာတတ်ပါတယ်။
– မကြာခဏ လည်ချောင်းရှင်းပြီး သလိပ်မျိုချလေ့ ရှိတတ်တယ်။ postnasal drip လို့ ခေါ်ပါတယ်။
– အနံ့အာရုံ ရသာရုံ ပါ ဖြည်းဖြည်းချင်း ချွတ်ယွင်းတတ်ပါတယ်။
– မျက်နှာတစ်ဝိုက်မှာ နာကျင်တတ်ပါတယ်။
– မျက်လုံးနားတစ်ဝိုက် ယားယံတတ်ပါတယ်။
– ခေါင်းကိုက်တတ်ပါတယ်။
– အိပ်ရင်း ဟောက်တတ်ပါတယ်။

????ရောဂါကို ဘယ်လိုစစ်ဆေးမလဲ ?

– နှာခေါင်းထဲသို့ ကိရိယာ ထည့်သွင်းပြီး စစ်ဆေးနိုင်ပါတယ်။

– စီတီ ရိုက်နိုင်ပါတယ်။ ဒီလို ရိုက်ခြင်းအားဖြင့် အလုံးအကျိတ် တည်နေရာကို သိနိုင်ပြီး တခြား ချိတ်ဆက်နေတဲ့ နာတာရှည် ရောင်ရမ်းခြင်းကိုလည်း ဖော်ထုတ်နိုင်ပါတယ်။

– ဓာတ်မတည့်ရောဂါ (အလာဂျီ) ကြောင့် ဖြစ်တယ်လို့ သံသယရှိရင် ဆရာဝန်က ဓာတ်မတည့်စစ်ဆေးမှု လုပ်ပေးပါလိမ့်မယ်။

– လူနာဟာ အရမ်းငယ်လွန်းရင် အဆုတ်၊ အစာချေစနစ် တွေကို ပျက်စီးထိခိုက်စေတဲ့ မျိုးရိုးဗီဇ ရောဂါတစ်မျိုးဖြစ်တဲ့ Cystic Fibrosis ကိုစစ်ဆေးနိုင်ပါတယ်။

????ရောဂါကို ဘယ်လို ကုသမလဲ ?

(၁) စတီးရွိုက်ပေးခြင်း

စတီးရွိုက်ဖျန်းဆေး ၊ နှာရည်အစက်ချဆေး နဲ့ ကုသနိုင်ပါတယ်။ အဲ့ဒီကနေ ရောင်ရမ်းမှုလျော့ကျပြီး အလုံးဟာ တဖြည်းဖြည်း သေးလာပါမယ်။ ဒါပေမယ့် ဒါဟာ ခပ်သေးသေး အလုံး တစ်လုံး၊ နှစ်လုံးသာ ရှိတဲ့ လူနာတွေအတွက် ပို အဆင်‌ပြေပါတယ်။ ဒီဆေးသုံးခြင်းကြောင့် သတိထားရမယ့် ဘေးထွက်ဆိုးကျိုးတွေက –

– ခေါင်းကိုက်ခြင်း
– လည်ချောင်းနာခြင်း
– နှာခေါင်းသွေးလျှံခြင်း တို့ပဲ ဖြစ်ပါတယ်။

စတီးရွိုက်ဆေးပြားများကိုတော့ ပိုမိုကြီးမားတဲ့ အလုံးရှိတဲ့သူတွေမှာ ပေးနိုင်ပါတယ်။ အင်မတန်ထိရောက်တယ် ဆိုပေမယ့် တခြား ဘေးထွက်ဆိုးကျိုးများတဲ့ အတွက် သတိထားသုံးစွဲရပါမယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်းသာ သုံးစွဲသင့်ပါတယ်။

(၂) ခွဲစိတ်ခြင်း

Polypectomy လို့ခေါ်တဲ့ အလုံးကို ခွဲထုတ်ပစ်ခြင်းနည်းဟာ အသုံးအများဆုံး ကုသနည်းပါ။ မေ့ဆေး (သို့) ထုံဆေးပေးပြီး ခွဲပါတယ်။ ခွဲထုတ်တဲ့အခါ လမ်းကြောင်းပွင့်အောင် နှာခေါင်းရိုး အနည်းငယ် ဖြတ်ထုတ်ရတာလည်း ရှိပါတယ်။ ခွဲထုတ်ပြီးရင်တော့ ထပ်မဖြစ်အောင် စတီးရွိုက်ဖျန်းဆေးကို သုံးရပါမယ်။

(3) တခြားဆေးဝါးများ

ဒါကတော့ ရောင်ရမ်းခြင်းကို ပိုမဆိုးစေအောင် ပေးရတဲ့ဆေးတွေပါ။ အဲ့ထဲမှာ ယားယံမှုကိုသက်သာစေသော antihistamine၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး တို့ ပါဝင်ပါတယ်။

????နောက်ဆက်တွဲ ဆင့်ပွားဆိုးကျိုးများ

အလွန်ကြီးမားတဲ့ နှာခေါင်းတွင်း အလုံးများဟာ အသက်ရှုလမ်းကြောင်းကို ပိတ်နိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဆိုင်းနပ်စ် လေခေါင်းပေါက်တွေ မကြာခဏ ရောင်နိုင်ပါတယ်။ အိပ်ရင်းနဲ့ အသက်ရှုလမ်းကြောင်း ပိတ်တာမျိုး ကြုံနိုင်ပါတယ်။ ကြာလာရင် မျက်နှာပုံပျက်တာမျိုးထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာအလုံးအကြိတ် မဟုတ်ပေမယ့် Nasal Polyps ကို မပေါ့ဆသင့်ပါဘူး။ ကုသမှုကို အလျင်အမြန် ခံယူသင့်ပါတယ်။

????ကာကွယ်နည်းများ

အဓိကက ပိုးမွှားမကူးစက်အောင် လက်ကို သန့်သန့်ရှင်းရှင်းထားပါ။ ဓာတ်မတည့်တဲ့ အရာတွေကို ရှောင်ပါ။ ပန်းနာရင်ကျပ် ရှိပြီဆိုလည်း ဆရာဝန် ညွှန်ကြားချက် အတိုင်းနေပါ။ ဒီလိုဆို နှာခေါင်းတွင်း အလုံးအကြိတ်ဖြစ်ဖို့ အခွင့်အလမ်းကို လျှော့ချနိုင်ပါတယ်။ နှာခေါင်းအတွင်းထဲထိ ထိုးသွင်းသန့်စင်နိုင်တဲ့ နှာခေါင်းဆေး အရည်ကို သုံးပြီးလည်း အကျိအချွဲ၊ သလိပ်၊ ဓာတ်မတဲ့အရာတွေကို သန့်စင်နိုင်ပါတယ်။

Reference ???? https://www.medicalnewstoday.com/articles/177020

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.