Morning Sickness and Hyperemesis Gravidarum

ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။

ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။

အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။

ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်တဲ့ပမာဏ မတူကြဘူး။

တချို့ဆို သိတောင်မသိလိုက်ဘူး။

တချို့အများစုကတော့ နည်းနည်းမအီမသာဖြစ်၊ ခံတွင်းလိုက် ချဉ်ချင်းတပ်တဲ့ အစာလေးတွေရွေးစား၊ ဘီတာမင် B6 နဲ့ အအန်ပျောက်ဆေးလေးသောက်၊ folic acid သောက်၊ အဲဒီလောက်နဲ့တင် ကိုယ်ဝန်သုံးလေးလလောက်ဆို အလိုလိုပျောက်သွားရော။ အဲဒီလောက်အခြေအနေဆို အင်္ဂလိပ်လို Morning Sickness လို့ခေါ်ပါတယ်။

တချို့အနည်းစုကတော့ ဆိုးဆိုးဝါးဝါးကို ခံစားကြရတယ်။ ပါးစပ်ထဲကို ဘာမှကိုထည့်လို့မရ၊ မျိုလို့မရဘူး။ ထည့်သမျှ၊ မျိုသမျှ အားလုံးပြန်အန်ထွက်တာပဲ။ ဆေးရုံတင်ပြီးကို ကုယူရတဲ့အဆင့် ဖြစ်သွားတယ်။ Hyperemesis Gravidarum လို့ခေါ်ပါတယ်။

ဒါပေမယ့် ဒီရောဂါလို့ သတ်မှတ်ဖို့ဆိုရင် ကိုယ်ဝန်ရှိခါစမှာ စားသမျှအကုန် ပြန်အန်ထုတ်ရုံမျှနဲ့ တန်းပြောလို့မရပါဘူး။ အခြားပြန်အန်ထုတ်နိုင်သော ဖြစ်နိုင်ခြေရှိသည့် ရောဂါများအားလုံးကို လိုက်လံရှာဖွေဆန်းစစ်ကြည့်ရပါသည်။ တစ်ခုမှ မဟုတ်ဘူးဆိုမှ Hyperemesis Gravidarum ဟု ယူဆပြီးကုရပါသည်။ Diagnosis of Exclusion ဟုခေါ်ပါသည်။

ကိုယ်ဝန်ရှိခါစ တအားအန်နေလျှင် သားစပျစ်ခိုင်ကိုယ်ဝန် ဖြစ်နိုင်ပါသည်။ USG ရိုက်ကြည့်ပါ။ ဟုတ်နေလျှင် သားအိမ်ခြစ်ကုရပါသည်။

ကိုယ်ဝန်ရှိခါစ တအားအန်နေလျင် အူအတက်ရောင်ခြင်း ဖြစ်နိုင်သည်။ ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်ပါ။ ဟုတ်နေလျင် ခွဲမလား၊ ဆေးဖြင့်ကုမလား OG & Surgeon နှစ်ယောက်ပေါင်း ခေါင်းစားကြတာပေါ့။

အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း ဖြစ်နိုင်သည်။ ယခင်ဖြစ်ဖူးသလား၊ ရောဂါရာဇဝင်မေး၊ စမ်းသပ်ခြင်းများ ပြုလုပ်ရပါမည်။ ဟုတ်နေလျှင် အစာအိမ်ရောင်အတွက်ကုထုံးကို ပေးရပါသည်။

ဆီးလမ်းကြောင်း ပိုးဝင်သောရောဂါ ဖြစ်နိုင်ပါသည်။ ဖျားနေသလား၊ ဆီးထဲမှာပိုးပါသလား စသည့်စစ်ဆေးမှုများ လုပ်ရပါသည်။ ဟုတ်နေလျှင် ဤရောဂါအတွက် ကုသမှုအတိုင်း သွားရပါမည်။

အထက်ပါရောဂါများအားလုံး မဟုတ်ဘူးဆိုမှ ကိုယ်ဝန်လနုနုတွင် ဘာမှမစားနိုင် အကုန်အန်ထုတ်နေသော ဤအမျိုးသမီးကို Hyperemesis Gravidarum ဟု သတ်မှတ်ပါသည်။

ဘာမှစားမရ၊ မျိုမရ၊ အန်ခြင်း၏နောက်ဆက်တွဲ လက္ခဏာများဖြစ်သော ဘီတာမင် B1 ချို့တဲ့ခြင်း၊ အစာရေမျိုပြွန်နံရံမှ သွေးထွက်ပြီး သွေးအနည်းငယ်အန်ခြင်း၊ ရေနှင့် ဓာတ်ဆား sodium, potassium ဓာတ်များချို့တဲ့ပြီး မောပန်း၊ နွမ်းနယ်၊ ပျော့ခွေခြင်း၊ အစာမဝင်သောကြောင့် ခန္ဓာကိုယ်ရှိ အဆီများကို ချေဖျက်ပြီး အာဟာရ ထုတ်ယူရာမှ ထွက်လာသောဘေးထွက်ပစ္စည်း ketone body များကြောင့် အသက်ရှူမြန်ခြင်း၊ မောခြင်း စသည်တို့ကို ခံစားရနိုင်ပါသည်။

ပထမဆုံးကုသမှုအနေဖြင့် ဆေးရုံတင်ရပါသည်။ ဘီတာမင် B1,B6 ထိုးဆေးများ၊ အအန်ပျောက်ဆေး metoclopramide, ondencetron စသည့်ထိုးဆေးများ၊ folic acid ထိုးဆေးများ ထိုးပေးရပါသည်။ ဘာမှ မစားခိုင်း၊ မသောက်ခိုင်းရပါ။

ရေဓာတ်နှင့် sodium ဓာတ်များ ပြန်လည်ဖြည့်တင်းရန်အတွက် N/S ဆေးရည်ကို တစ်မိနစ်လျင် အစက် ၃၀ နှုန်းခန့် (30 dpm) ဖြင့် နေ့နေ့ညည စဉ်ဆက်မပြတ် အကြောဆေးချိတ်ပေးရပါသည်။

အာဟာရအတွက် Dextrose saline သို့ Glucose ပေးမည်ဆိုပါက ဘီတာမင် B1 ကိုအရင်ထိုးပြီးမှ ပေးသင့်သည်ဟု ဆိုပါသည်။ B1 ဓာတ်ချို့တဲ့နေသည်ကို မဖြည့်တင်းဘဲ Glucose ပေးမိလျှင် ပိုဆိုးသွားတတ်သည်ဟု ဆိုပါသည်။

Potassium ဓာတ်ချို့တဲ့မှု ရှိ/မရှိကို သွေးဖောက်၍ စစ်ဆေးတိုင်းတာရပါသည်။ ချို့တဲ့မှုပမာဏ အနည်းအများအပေါ် မူတည်၍ potassium chloride 1 gram သို့ 2 gram ကို N/S ပုလင်းထဲတွင်ထည့်ပြီး 30 dpm နှုန်းဖြင့် ဖြည်းဖြည်းထည့်ရပါသည်။ သွေးတွင်း potassium ဓာတ်သည် နည်းလွန်းလျှင်သော်လည်းကောင်း၊ များလွန်းလျှင်သော်လည်းကောင်း အန္တရာယ်ရှိနိုင်ပါသည်။ ထို့ကြောင့် သွေးတွင်း potassium ပမာဏ (serum electrolytes) ကို မကြာခဏစစ်ပေးပြီး လိုမှ ဖြည်းဖြည်းဖြည့်သင့်ပါသည်။

ဤရောဂါ ပြင်းထန်မှုအတိုင်းအတာ၊ သက်သာလာခြင်းရှိ/မရှိ စသည်ကိုသိနိုင်ရန် ဆီးအတွင်း ketone body ပါဝင်မှု အနည်းအများကို နေ့စဉ်စမ်းသပ် တိုင်းတာနိုင်ပါသည်။ သက်သာလာပါက အရည်နည်းနည်းချင်း စ၍တိုက်ကျွေးနိုင်ပါသည်။ မအန်ဘူးဆိုလျှင် တိုး၍တိုး၍ စားသောက်စေရပါသည်။ ကိုယ်ဝန်လေးလခန့်ရောက်လျှင် သက်သာသွားတတ်ပါသည်။

ဤပထမအဆင့်ကုသမှု (B1+B6+ folic acid+အအန်ပျောက်ဆေး+N/S+/- glucose+/- potassium chloride) ဖြင့်မသက်သာပါက ဒုတိယအဆင့်အနေဖြင့် corticosteroids ထိုးဆေးများကို ထပ်မံပေါင်းထည့်နိုင်သည်ဟု ဆိုပါသည်။

ဒုတိယအဆင့်ဆေးများ ထပ်မံပေါင်းထည့်ပေးသော်လည်း သက်သာမှုမရှိပါက တတိယအဆင့်အနေဖြင့် ကိုယ်ဝန်ကိုဖျက်ချ (Therapeutic Abortion or Termination of Pregnancy) ပေးခြင်းအထိ လုပ်ပေးရသည်မျိုးရှိသည်ဟု သားဖွား၊မီးယပ် ဆေးပညာကျမ်းစာအုပ်များတွင် ရေးထားသည်ကို မှတ်သားဖူးပါသည်။

လက်တွေ့ဘဝတွင်တော့ တတိယအဆင့်ကုသမှုအထိ ပေးရမည့်ကိုယ်ဝန်သည်များကို မတွေ့ခဲ့ဖူးပါ။ ကျွန်တော်တို့နိုင်ငံ၏ ဓလေ့ထုံးတမ်း၊ ဥပဒေအရလည်း ခွင့်မပြုဟု ထင်ပါသည်။

မှတ်မိသမျကို ဆွေးနွေးသည့်သဘော ပြောပြခြင်းသာ ဖြစ်ပါသည်ဗျ။ မှားနေသည်များ၊ လိုအပ်သည်များ၊ မ​ကျေလည်သည်များရှိလျှင် ထောက်ပြ၊ အကြံပြု၊ ဆွေးနွေးပေးကြပါဗျ…..။

ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here