“မုတ်သုံရာသီတွင် အဖြစ်များသောရောဂါများအကြောင်း (Monsoon Diseases)”

ခုလို မုတ်သုံရာသီကာလမှာ စိုစွတ်တဲ့ရာသီဥတု၊ မိုးသည်းထန်စွာရွာခြင်းနဲ့ လေထန်ခြင်းတို့ကြောင့် ကူးစက်ရောဂါအများအပြား ဖြစ်နိုင်ပါတယ်။

မိုးရာသီဟာ ပူပြင်းလှတဲ့အပူဒဏ်ကနေ သက်သာမှုပေးစွမ်းနိုင်သော်လည်း ပူထိုင်းစိုစွတ်မှုဟာ ပိုးမွှားများ ပေါက်ဖွားလာစေရန် ဖန်တီးပေးကာ ကူးစက်ရောဂါအမျိုးမျိုးကို ဖြစ်ပွားနိုင်ခြေ တိုးလာစေပါတယ်။

အဖြစ်များဆုံးရောဂါတွေကတော့ အရေပြားဓာတ်မတည့်ခြင်း၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ အခြားတုပ်ကွေးရောဂါတို့ ဖြစ်ပါတယ်။

ရိုးရှင်းသောကြိုတင်ကာကွယ်မှုများနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ရိုးလုပ်စဉ်များအပြင် စောစီးစွာသိရှိပြီး ကုသမှုခံယူရင်တော့ ဒီရာသီတစ်လျှောက်လုံး ဘေးကင်းစွာနေထိုင်နိုင်ပါတယ်။

မုတ်သုံရာသီမှာ အဖြစ်များပြီး သတိထားသင့်တဲ့ရောဂါတွေကတော့…

1️⃣ ခြင်ကိုက်ခြင်းမှ ကူးစက်သောရောဂါများ

ငှက်ဖျားရောဂါ (malaria) ၊ သွေးလွန်တုပ်ကွေး (dengue hemorrhagic fever) နဲ့ ဆင်တုပ်ကွေး (chikungunya) တို့ဟာ မုတ်သုံရာသီအတွင်း ခြင်ကိုက်ခံရခြင်းမှ ကူးစက်နိုင်တဲ့ရောဂါများ ဖြစ်ပါတယ်။ မိုးရွာသီမှာ ခြင်ပေါက်ဖွားနှုန်း တိုးလာတာကြောင့် ဒီလိုရောဂါတွေ ကူးစက်ခံရဖို့ဟာ အတော်လေး လွယ်ကူပါတယ်။

  • ငှက်ဖျားရောဂါ — Anopheles ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ပြီး ဖျားခြင်း၊ ခန္ဓာကိုယ်နာကျင်ခြင်း၊ ချမ်းတုန်ခြင်းနဲ့ ချွေးထွက်ခြင်းတွေဟာ ငှက်ဖျားရောဂါ၏ မူလလက္ခဏာတွေ ဖြစ်ပါတယ်။
  • သွေးလွန်တုပ်ကွေး — Aedes aegypti ခြင်ကျားကိုက်ခံရာမှတစ်ဆင့် ကူးစက်တတ်ပြီး လက္ခဏာတွေကတော့ အဖျားတက်ခြင်း၊ အနီစက်များထွက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် သွေးဖြူဥဆဲလ်များ နည်းလာခြင်းတို့ ဖြစ်ပါတယ်။ ဒီသွေးလွန်တုပ်ကွေးရောဂါဟာ အချိန်မီကုသမှုမရရှိဘဲ မှန်ကန်ထိရောက်တဲ့ ပြုစုစောင့်ရှောက်မှုမရရှိပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
  • ဆင်တုပ်ကွေး — အထူးသဖြင့် မိုးရာသီမှာအဖြစ်များပြီး Aedes albopictus ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ကာ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချမ်းတုန်ခြင်းနှင့် အဖျားတက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

2️⃣ လေမှတစ်ဆင့် ကူးစက်သောရောဂါများ

မုတ်သုံရာသီဟာ အအေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ လည်ချောင်းနာနဲ့ တခြားလေမှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးတွေက လေထုကတစ်ဆင့် ပျံ့နှံ့သွားပြီး ကိုယ်ခံအားစနစ်အားနည်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဟာ ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။

  • အအေးမိခြင်းနှင့် တုပ်ကွေးရောဂါ — မုတ်သုံရာသီအတွင်း အပူချိန် ရုတ်တရက်ပြောင်းလဲမှုကြောင့် အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်တာကို တွေ့ရတတ်ပါတယ်။
  • ရာသီတုပ်ကွေး — နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်အားလုံးကို ထိခိုက်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ လူတစ်ဦးကနေတစ်ဦးကိုလည်း လျင်မြန်စွာ ကူးစက်နိုင်ပါတယ်။

3️⃣ ရေမှတစ်ဆင့် ကူးစက်သောရောဂါများ

ဒီလိုမိုးရာသီမှာ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အသားဝါခြင်း၊ အသည်းရောင်အသားဝါ အေ၊ တိုက်ဖွိုက်၊ ကာလဝမ်းရောဂါနဲ့ အစာအိမ်ပိုးဝင်ခြင်း စတဲ့ ရေမှတစ်ဆင့်ကူးစက်တဲ့ရောဂါများ မကြာခဏ ဖြစ်တတ်ပါတယ်။ အများစုကတော့ သိုလှောင်ထားတဲ့ ရေ (ဒါမှမဟုတ်) မိလ္လာပိုက်တွေနဲ့ တွင်းတွေထဲမှာ ရှိနေတဲ့ ညစ်ညမ်းတဲ့ရေများမှတစ်ဆင့် ပျံ့နှံ့တတ်ပါတယ်။ ဒီလိုမသန့်ရှင်းတဲ့ရေတွေကို ချက်ပြုတ်ခြင်းနဲ့ အခြားအိမ်တွင်းမှုလုပ်ငန်းတွေမှာ သုံးမိတဲ့အခါ နာမကျန်းတာတွေ ဖြစ်စေနိုင်ပါတယ်။

  • တိုက်ဖွိုက် — မသန့်ရှင်းတဲ့ အစားအစာနဲ့ရေကြောင့် အူရောင်ငန်းဖျားလို့ခေါ်တဲ့ တိုက်ဖွိုက်ဖြစ်ရပါတယ်။
  • ကာလဝမ်းရောဂါ — Vibrio cholera လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ရေမှတစ်ဆင့်ကူးစက်တဲ့ရောဂါ ဖြစ်ပါတယ်။
  • Leptospirosis — ခွေး၊ ကြွက်စတဲ့ တိရစ္ဆာန်အညစ်အကြေးတွေဟာ ရေထဲပါလာပြီး ထိုရေထဲလမ်းလျှောက်ရာမှတစ်ဆင့် ရောဂါပိုးကူးစက်ခြင်းဖြစ်ပါတယ်။ ကြွက်သားများ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အရေပြားအနီစက်များဖြစ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
  • အသားဝါခြင်း — ညစ်ညမ်းသောအစားအစာနဲ့ ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ နောက်ထပ်ရောဂါတစ်ခုကတော့ အသားဝါခြင်း ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းကို ပျက်စီးစေနိုင်ပါတယ်။ ရောဂါလက္ခဏာအချို့ကတော့ ဆီးရောင်ဝါခြင်း၊ မျက်လုံးဝါခြင်းနှင့် အော့အန်ခြင်းတို့ဖြစ်ပါတယ်။
  • အသည်းရောင်အသားဝါ အေ ပိုး — အဖျားတက်ခြင်း၊ အော့အန်ခြင်းနှင့် အနီကွက်ထွက်ခြင်း စတာတွေဟာ ညစ်ညမ်းသော အစားအစာနှင့် သောက်သုံးရေများမှတစ်ဆင့် အဓိကကူးစက်ခြင်း ဖြစ်ပါတယ်။

4️⃣ ဗိုင်းရပ်စ်ပိုးဝင်ခြင်း

မုတ်သုံရာသီအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်ပွားနိုင်ခြေဟာလည်း အလွန်မြင့်မားပါတယ်။ မှိုပိုးဝင်ခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်းနှင့် ခြေဖဝါးပိုးဝင်ခြင်းတို့ ပါဝင်ပါတယ်။ ကိုယ်ခံအားကိုလည်း ထိခိုက်နိုင်ခြေများပါတယ်။

5️⃣ နမိုးနီးယားအဆုတ်ရောင်ရောဂါ

မုတ်သုံရာသီမှာ အဆုတ်ရောင်ရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကျွန်ုပ်တို့ရှူရှိုက်တဲ့လေထဲမှာ တွေ့ရှိရပါတယ်။ ဒီရောဂါပိုးဟာ အဆုတ်နှစ်ခုလုံးက လေအိတ်များရောင်ရမ်းခြင်းကို ဖြစ်စေပြီး အရည်များ စုပုံလာစေပါတယ်။ မည်သူမဆို ဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ခြေရှိသော်လည်း မွေးကင်းစကလေးငယ်များနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ အန္တရာယ်ပိုများပါတယ်။

ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မအီမသာဖြစ်ခြင်း၊ အရေပြားယားယံခြင်း၊ ချွေးထွက်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူမြန်ခြင်းတို့ဟာ အဖြစ်များတဲ့လက္ခဏာအချို့ဖြစ်ပါတယ်။

..

..

????ဒီတော့ မုတ်သုံရာသီမှာအဖြစ်များတဲ့ရောဂါတွေကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ

  • ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့နဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးပါ။
  • ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ဖို့ အင်္ကျီရှည် ဘောင်းဘီရှည်ဝတ်ဆင်ပြီး ခြင်ပြေးဆေးလိမ်းတာမျိုး လုပ်သင့်ပါတယ်။ နေ့ခင်းနဲ့ ညဘက် အိပ်ချိန်တွေမှာ ခြင်ထောင်ထောင်ပြီး အိပ်ပါ။ သင့်အိမ်အနီးပတ်ဝန်းကျင်မှာ ခြင်ဆေးဖြန်းတာ၊ ရေဝပ်တဲ့နေရာတွေကို ရှင်းလင်းတာမျိုး လုပ်ဆောင်ပါ။
  • ကာလဝမ်းရောဂါဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေပြီး ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် ကျိုချက်ထားသောရေနှင့် သန့်ရှင်းသောရေကိုသာ သောက်သုံးပါ။
  • တုပ်ကွေးရောဂါနဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါအတွက် အပြင်ထွက်ချိန်တွေမှာ mask တပ်ကြပါ။ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုတွေကို ကြိုတင်ပြီး ကာကွယ်ဆေးတွေ ထိုးပေးပါ။
  • အူရောင်ငန်းဖျားရောဂါ မဖြစ်ပွားစေဖို့ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် မိလ္လာကန်ကို စနစ်တကျထိန်းသိမ်းပါ။
  • Leptospirosis ရောဂါ ကင်းဝေးစေရန် ရေကြီးရေလျှံသောနေရာများသို့ ခြေဗလာနဲ့သွားလာခြင်းကို ရှောင်ကြဉ်ပါ။

Reference: ????

https://www.healthshots.com/…/5-common-monsoon…/amp

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here