အချိုမှုန့်နဲ့ ကျန်းမာရေးရှုထောင့် Monosodium Glutamate and Health (September,2023)

0
282

———|| အချိုမှုန့်နဲ့ ကျန်းမာရေးရှုထောင့် ||——–

အချိုမှုန့် ဆိုတာဘာလဲ ????

Monosodium Glutamate လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လိုကတော့ ရှင်းပါတယ်….Sodium ၁ လုံးနဲ့ Glutamate ပါတဲ့ ဟင်းခတ်မှုန့်ပေါ့။

Glutamate က အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့အတွက် အသားတို့၊ ပဲတို့၊ အခြား အစားအစာတွေမှာလည်း ပါပါတယ်။ ခန္ဓာကိုယ်တွင်းမှာတော့ အာရုံ‌ကြော တစ်ခုနဲ့ တစ်ခုအကြားက ဆက်သွယ်ပစ္စည်း (neurotransmitter) အနေနဲ့ အသုံးပြုပါတယ်။

Glutamate ပါတဲ့အတွက် Umami အရသာကို ရစေတဲ့အပြင်၊ Sodium ကြောင့် အငန်အရသာကိုပါ ရနေတာဖြစ်ပါတယ်။

ဒီတော့ အချိုမှုန့်ကို အစားအစာထဲထည့်ရင် အရသာကို ပိုကောင်းစေတာပေါ့။

အရသာကို ပိုကောင်းစေတယ် ဆိုပေမယ့်လည်း ဆရာ၀န်နဲ့ ကျန်းမာရေး၀န်ထမ်းအများစုကတော့ အချိုမှုန့်ကို “ မကောင်းဘူး မသုံးနဲ့” ဆိုပြီး အပြောများပါတယ်။

ဒီတော့ အချိုမှုန့်အစားထိုး အခြား အသားမှုန့်တံဆိပ်တွေ၊ ဟင်းခတ်မှုန့်တွေ ပေါ်လာတာပေါ့။ ဒီအသားမှုန့်နဲ့ ဟင်းခတ်မှုန့်တွေဟာလည်း အရသာရှိအောင် ဆားကို ထည့်ကြပါတယ်။

ဆိုလိုချင်တာက အချိုမှုန့်မသုံးဘဲ အခြားဟင်းခတ်မှုန့်တွေကို အရသာရှိချင်ဇောနဲ့ ပိုထည့်မယ်ဆိုရင်လည်း ဆားတွေအများကြီး စားမိသလိုဖြစ်တာမို့ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေပါတယ်။

????အချိုမှုန့်ဟာ အန္တရာယ်ရှိသလား

ဒီမေးခွန်းကတော့ တစ်ခွန်းထဲနဲ့ ဖြေဖို့ခက်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် သုံးစွဲလာခဲ့ပေမယ့် အချိုမှုန့်ရဲ့ ကောင်းခြင်း/ဆိုးခြင်းတွေကို လေ့လာတဲ့သုတေသနတွေကတော့ အများကြီးရှိမနေတဲ့အပြင် ကောင်းလား/ဆိုးလား တိတိပပ အားလုံးသဘောတူထားခြင်း မရှိသေးပါဘူး။

အချိုမှုန့်ကို Generally Recognized As Safe (GRAS) အုပ်စုအနေနဲ့ အသိအမှတ်ပြုထားတဲ့အတွက် စျေးကွက်ထဲမှာလည်း တရား၀င်ရောင်းလို့ရသလို စားသုံးတဲ့နေရာမှာလည်း သုံးလို့ရပါတယ်။ ယေဘုယျအားဖြင့် အန္တရာယ်မရှိလို့ သတ်မှတ်ထားပါတယ်။

ဒီတော့ အချိုမှုန့်ကို အများကြီးမထည့်နဲ့၊ အလွန်အကျွံသုံးတာတွေကို ရှောင်၊ အနည်းအကျဥ်းစားတာ ထည့်တာတော့ ကျန်းမာရေးကို ရုတ်ချည်းဆိုး၀ါးစေမှုမရှိလို့ အကြမ်းဖျဥ်းယူဆနိုင်ပါတယ်။

????အချိုမှုန့်က ကျန်းမာရေးအရ ဘယ်လိုမကောင်းတာမျိုးတွေ ဖြစ်စေတတ်လဲ

လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က တရုတ် စားသောက်ဆိုင် ရောဂါစု (Chinese restaurant syndrome) ဆိုပြီး နာမည်ကြီးခဲ့တဲ့ အချိုမှုန့်ပါတဲ့ စားသောက်ဆိုင်က ဟင်းလျာကို စားပြီးတဲ့အခါ ကျောပူတာ၊ အရည်ကြည်ဖုတွေ ပေါက်လာတာ၊ ရင်တုန်လာတာ၊ မူးမော်မှုတွေဖြစ်လာတဲ့ ဖြစ်စဥ်တစ်ခု ရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒါဟာ သိပ္ပံနည်းကျ တိတိပပစမ်းသပ်ပြီး ဖြစ်လာတဲ့အဖြစ်အပျက်မျိုး မဟုတ်ဘဲ လူတစ်ဦးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ခြင်းသာဖြစ်တာကြောင့် ထိုသူနဲ့ မတည့်လို့သာ ဖြစ်နိုင်ခြေရှိတယ်လို့ နောက်ပိုင်းမှာ ကောက်ချက်ချခဲ့ပါတယ်။

ဒီနောက်ပိုင်း လေ့လာစမ်းသပ်မှုတွေအရတော့ အချိုမှုန့်ဟာ leptin လို့ခေါ်တဲ့ (စားချင်စိတ်နဲ့ ရောင့်ရဲစိတ်ကို ကြားခံပေးတဲ့) ကိုယ်တွင်း အသေးစားဟော်မုန်းတွေကို ကမောက်ကမဖြစ်စေကြောင်း တွေ့ရှိလာရပါတယ်။

စားတာများသွားရင် ဗိုက်တင်းတာ၊ ရောင့်ရဲတာ၊ ထပ်မစားချင်တော့တာ စတာတွေဟာ ပုံမှန် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်ပါတယ်။ အချိုမှုန့်ဟာ ဒီလုပ်ငန်းစဥ်ကို နှောင့်ယှက်တဲ့အတွက်ကြောင့် အ၀လွန်ခြင်း၊ အာရုံကြောပြဿနာများ ဖြစ်ခြင်း၊ စိတ်ပူပန်ခြင်း၊ အာရုံများခြင်း၊ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းတို့နဲ့အတူ မျိုးပွားဆဲလ်များကိုပါ မူမမှန်ဖြစ်စေနိုင်တယ်ဆိုပြီး လေ့လာတွေ့ရှိချက်အချို့က ဆိုပါတယ်။

လူတစ်ယောက်ဟာ အချိုမှုန့် လက်ဖက်စားဇွန်း တစ်၀က်လောက်ရှိတဲ့ ပမာဏ (3 g) ကို စားသုံးလိုက်တဲ့အခါ ခေါင်းကိုက်ခြင်း၊ ခေါင်းမကြည်ဘဲ မူးနောက်နောက်ဖြစ်ခြင်း၊ ထုံထုံကျဥ်ကျဥ်ကြီး ဖြစ်နေခြင်း၊ ရင်တုန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

????ကျန်းမာရေး မထိခိုက်အောင် အချိုမှုန့်ကို ဘယ်လို အသုံးပြုရမလဲ

အချိုမှုန့်နဲ့ အခြားဟင်းခတ်မှုန့် အကုန်လုံးဟာ ဆား (ဆိုဒီယမ်) ပါ၀င်လို့ ပမာဏများရင် ရေရှည်မှာ သွေးတိုးရောဂါနဲ့အတူ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ပမာဏချင့်ချိန်မှုဟာ အလွန့်အလွန် အရေးပါလာပါတယ်။

ဥပမာ။ အသုတ်တို့လို တစ်ပွဲစာ (ဒါမှမဟုတ်) ၂ – ၃ ယောက်စာလောက်ပြင်ဆင်တဲ့ ဟင်းပွဲမျိုးကို လက်နဲ့ ဆားဖြူးသလောက်သာ အချိုမှုန့် (သို့) အသားမှုန့်ကို ဖြူးတာမျိုး လုပ်ပါ။ ဇွန်းနဲ့ခပ်ထည့်မယ်ဆို ဇွန်းက လက်ဖက်စားဇွန်းလို ဇွန်းအသေးလေးရဲ့ထိပ်ဖျားပိုင်းလောက်သာရှိတဲ့ ပမာဏဆို လုံလောက်ပါပြီ။ များသွားရင် ပြန်ဖယ်ဖို့ခက်တဲ့အရာမို့ နည်းနည်းစီထည့်လိုက်၊ မြည်းလိုက်၊ လိုရင် အနည်းငယ်ထပ်ထည့်တာမျိုးလုပ်တာ ပိုသင့်တော်ပါတယ်။

အိမ်ချက်တွေမှာ ဟင်းအိုးကြီးနဲ့ တစ်အိမ်လုံးစာ ချက်မယ်ဆိုလည်း လက်ဖက်စားဇွန်း တစ်ဇွန်းမှ နှစ်ဇွန်းခန့်သာ အချိုမှုန့် (သို့) အသားမှုန့်ထည့်ရင် လုံလောက်ပါတယ်။ အလှူအိုးကြီးလို ဆိုင်ကြီးတွေက ရောင်းတမ်း၀င် အိုးအကြီးတွေဆိုလည်း ထမင်းစားတဲ့ စတီးဇွန်းနဲ့ တစ်ဇွန်းခန့်သာ ချိန်ထည့်ပါ။ တစ်ခါတစ်ရံ ဟင်းမွှေတဲ့ ယောက်ချိုဇွန်းကြီးနဲ့ အချိုမှုန့်တွေကို ဇွန်းလိုက်ကြီး ထည့်ပစ်တတ်ကြပါတယ်။ ဒီလိုအပြုအမူမျိုးကို လုံး၀ (လုံး၀) ရှောင်ကြဥ်ဖို့လိုပါမယ်။

အစားအစာဟာ “ စားတတ်ရင်ဆေး၊ မစားတတ်ရင်ဘေး” ဖြစ်စေတာမို့ ဆင်ခြင်ကြဖို့ အကြံပြုလိုပါတယ်။

ဆားရော အချိုမှုန့်ရော ဟင်းခတ်မှုန့် ငံပြာရည် စတာတွေ အားလုံးကို လက်ဖက်စားဇွန်း (သို့မဟုတ်) ထမင်းစား စတီးဇွန်းလိုဖြင့်သာ ချိန်ဆ၍ ထည့်ပါ။ တတ်နိုင်သမျှ လျှော့စားပါ။ အချိုမှုန့်အစားထိုး ကြက်ပြုတ်ရည်၊ အသားပြုတ်ရည်၊ ကြက်သွန်နီ၊ အချိုဓာတ်ရသော အခြားဟင်းသီးဟင်းရွက်များ၊ မဆလာမှုန့်နှင့် ဇီယာ၊ ဖာလာ စတဲ့ ဟင်းခတ်အမွှေးအကြိုင်များကို ပိုမိုအသုံးပြုဖို့ တိုက်တွန်းလိုပါတယ်။

ပြန်ချုပ်ရရင်တော့ အချိုမှုန့်ရော သူနဲ့အလားတူ ဟင်းခတ်မှုန့်များအစား သဘာ၀အသီးအရွက်၊ အစေ့အဆန်များကို အသုံးပြုပြီး အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်ပြုတ်စားသောက်ဖို့ အကြံပေးလိုပါတယ်….။

အာဟာရဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference : ????

Extensive use of monosodium glutamate: A threat to public health? Kamal Niaz,*,1 Elizabeta Zaplatic,2 and Jonathan Spoor3

Health Debunked: What Is MSG, and Is it Really Bad for You?

Mayo Clinic: MSG is it harmful?

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here