Misophonia ဆိုတာက အသံတစ်ခုကို ကြားလိုက်ရချိန်မှာ စိတ်ခံစားချက်အရဖြစ်စေ၊ ခန္ဓာကိုယ်က အလိုအလျောက်ဖြစ်စေ မခံမရပ်နိုင်အောင် တုံ့ပြန်လိုက်မိခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါကို တစ်ခါတစ်ရံ Selective Sound Syndrome လို့လည်း ခေါ်ပါသေးတယ်။

Misophonia ကို ခံစားနေရသူတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ ခံတွင်းကထွက်တဲ့အသံတွေဖြစ်တဲ့ အခြားသူ အစားစားနေတဲ့အသံ၊ အသက်ရှူသံ၊ တဂျွတ်ဂျွတ်မြည်အောင်ဝါးနေသံတွေကို မခံနိုင်ကြပါဘူး။ အချို့ကကျ ကွန်ပြူတာပေါ်လက်ကွက်ရိုက်သံ၊ လက်ညှိုးတတောက်တောက်ခေါက်သံတွေလို ထပ်ခါထပ်ခါထွက်ပေါ်နေတဲ့ အသံတွေကို အတော်လေးမခံမရပ်နိုင် ဖြစ်တတ်ကြပါတယ်။

ကျွမ်းကျင်သူတွေရဲ့ လေ့လာတွေ့ရှိချက်အရ Misophonia ကို ခံစားနေရသူတွေရဲ့ဦးနှောက်ဟာ အသံတွေကိုခွဲခြမ်းစိတ်ဖြာရာမှာ ပြဿနာတစ်ခုခုရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဦးနှောက်တစ်ခုလုံးကို MRI Scan ရိုက်ကြည့်တဲ့အခါ အများစုမှာ Myelin လို့ခေါ်တဲ့ အရာလေးတွေ များနေတာကိုတော့ တွေ့ရပါတယ်။ (Myelin ဆိုတာ အာရုံကြောဆဲလ်လေးတွေရဲ့ပတ်လည်မှာတည်ရှိပြီး လျှပ်စစ်ကြိုးမှာအုပ်ထားတဲ့အကာအကွယ်လေးတွေနဲ့ သဘောတရားချင်းတူပါတယ်) ဒေါသထွက်ချိန်၊ စိတ်လှုပ်ရှားချိန်၊ စိတ်ခံစားချက်တစ်ခုခုဖြစ်ပေါ်ချိန်မှာ ပါဝင်လုပ်ဆောင်ပေးတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Anterior Insular Cortex ဟာလည်း အသံတွေကြားရချိန်မှာ ပုံမှန်ထက်ပိုပြီးလှုပ်ရှားနေတာကို တွေ့ရှိရတယ်လို့ ဖော်ပြကြပါတယ်။

ရောဂါလက္ခဏာတွေကို သာမန်ကနေ ပြင်းထန်အဆင့်ထိ ခံစားရနိုင်ပါတယ်။ သာမန်အနေအထားမှာဆိုရင် အသံတွေကြားရတဲ့အခါ

– စိုးရိမ်သောကဝင်လာတာ

– နေမထိထိုင်မသာဖြစ်တာ

– ထွက်ပြေးချင်စိတ်ပေါက်တာ

– စိတ်ထဲ အော်ဂလီဆန်သလိုဖြစ်လာတာမျိုး ခံစားရတတ်ပါတယ်။

.

ပြင်းထန်တဲ့အနေအထားမှာဆိုရင်….

– ဒေါသထွက်တာ

– ထိန်းမရအောင် ဒေါသူပုန်ထတာ

– မုန်းတီးစိတ်တွေပေါ်လာတာ

– ကြောက်စိတ်ပေါ်လာတာ

– ထိတ်ထိတ်ပျာပျာဖြစ်တာ

– အလွန်အမင်း စိတ်သောကရောက်သွားတာမျိုးအထိ ဖြစ်ပေါ်နိုင်ပါတယ်။

.

ဒါ့အပြင် ခန္ဓာကိုယ်မှာလည်း…

– ချွေးစေးပြန်တာ

– နှလုံးခုန်မြန်လာတာ

– ကြက်သီးထတာ

– ရင်ဘတ်တင်းကျပ်နေသလိုဖြစ်တာ

– သွေးပေါင်ချိန်တိုးလာတာ စတဲ့လက္ခဏာတွေကို တချို့မှာခံစားရပါတယ်။

Misophonia လက္ခဏာတွေကို အသက် (၉) နှစ်ကနေ (၁၃) နှစ်အရွယ်တွေက ပိုမိုခံစားရလေ့ရှိပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။

ဖြစ်ပွားရတဲ့အကြောင်းရင်းကို တိတိကျကျမသိရပေမယ့် အကြားအာရုံမှာပြဿနာဖြစ်နေတာမျိုး၊ နားမကောင်းတာမျိုးနဲ့ သက်ဆိုင်မှုမရှိပါဘူး။ အချို့က Misophonia ကို စိတ်ကျန်းမာရေးနဲ့ ရာနှုန်းပြည့်သက်ဆိုင်တယ်လို့ယူဆကြပြီး၊ အချို့ကကျ စိတ်ကျန်းမာရေးတစ်ဝက်၊ ဦးနှောက်ပြဿနာတစ်ဝက်လို့ ယူဆကြပါတယ်။ တစ်ခါတလေမှာ Misophonia ကို စိုးရိမ်သောကများတာ၊ နောက်ပြီး Bipolar Disorder (စိတ်ကြွစိတ်ကျရောဂါ) တို့နဲ့ရောပြီး အမှတ်မှားတတ်ကြပါသေးတယ်။

Misophonia ကို သက်သာစေဖို့ ဘယ်လိုလုပ်နိုင်မလဲဆိုရင်

• ဆူညံမှုကို ဖြောက်ပေးတဲ့ Noise – Cancelling System ပါတဲ့ နားကြပ်တွေတပ်ထားတာ

• သီချင်းအေးအေးလေးတွေ နားထောင်တာ

• တရားထိုင်တာ (ဒါမှမဟုတ်) Affirmation တွေရွတ်တာ စတဲ့အရာတွေနဲ့ အာရုံလွှဲနိုင်ပါတယ်။

Misophonia ခံစားနေရသူတွေဟာ ဘေးလူတွေဆီကနေ ရူးကြောင်ကြောင်နိုင်တယ်၊ ဆတ်ဆတ်ထိမခံဖြစ်နေတယ်၊ ဇီဇာကြောင်တယ် စတဲ့မှတ်ချက်တွေကို ကြားရမှာစိုးတာကြောင့် မိမိတို့ခံစားနေရတာကို ထုတ်ဖော်ပြောလေ့မရှိပါဘူး။ တကယ်တမ်းမှာ မိမိအဆင်မပြေတာကို ထုတ်ဖော်ပြောဆိုပြီး အသံဖန်တီးနေသူကို ရပ်တန့်ခိုင်းတာ၊ အသံတိုးခိုင်းတာတွေ လုပ်ခိုင်းသင့်ပါတယ်။

နောက်ပြီး တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ မိမိခံစားနေရသမျှကို ဆွေးနွေးတိုင်ပင်ပြီး စိတ်တည်ငြိမ်စွာ ရင်ဆိုင်နိုင်မယ့်နည်းလမ်းလေးတွေ တောင်းခံတာက Misophonia ခံစားနေရသူတွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

အကယ်၍များ ဒီစာဖတ်‌နေသူတွေထဲမှာ Misophonia ကို ကိုယ်တိုင်ခံစားနေရတာဖြစ်စေ၊ ဖွင့်ပြောရခက်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရသည်ဖြစ်စေ တယ်လီကျန်းမာအခမဲ့ဆေးခန်းမှာ လာရောက်ဆွေးနွေးနိုင်ပါကြောင်းလည်း အသိပေးပါရစေ။

Reference : ????

https://www.webmd.com/mental-health/what-is-misophonia….

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here