ဆီးချိုသွေးချိုနဲ့ ပတ်သက်ပြီး လွဲမှားသောအယူအဆများ ( Misconceptions about Diabetes )

သွေးချိုဆီးချိုရောဂါဟာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပြီး ဆေးကုသစရိတ်လည်းကြီးမားတဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးချို ဆီးချိုရောဂါဟာ အယူအဆမှားရင် လုပ်ဆောင်ချက်လည်း မှားနိုင်တာမို့ အယူအဆ အမှန်ကိုသိရှိဖို့လိုပါတယ် ။

❎ အမှား (၁) – သွေးချို ဆီးချိုရောဂါဟာ ကာကွယ်၍မရပါ။

● သုသေတနပြုချက်များအရ သွေးချို ဆီးချိုရောဂါကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
● သွေးချိုဆီးချိုရောဂါဟာ မကူးစက်တတ်တဲ့ရောဂါအစုအဝေးအောက်မှာ ပါဝင်ပါတယ်။ ဒါကြောင့်လူတွေက ကာကွယ်ဖို့မလို ၊ တားဆီးနိုင်ခြင်းမရှိလို့ မှားယွင်းတဲ့အယူအဆတွေ ဖြစ်လာတတ်ပါတယ်။
● ဆီးချိုသွေးချိုရောဂါဟာ ဘဝနေထိုင်မှုပုံစံသာမက အစားအသောက်​နဲ့လည်း ဆက်စပ်ဖြစ်ပေါ်လာတတ်ပါတယ်။
● ဒါကြောင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူ့မှုဘဝနေထိုင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ သွေးချိုဆီးချိုရောဂါကို ကျန်းမာရေးနဲ့ညီညွတ်အောင်နေထိုင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

❎ အမှား (၂) – သွေးချို ဆီးချို သည် ချမ်းသာသော သူများတွင်သာဖြစ်သည်။

● အစားအသောက်၊ လူမှုဘဝနေထိုင်ဟန်တို့နဲ့ ဆက်စပ်ပြီး ဖြစ်ပွားနေတဲ့ရောဂါဖြစ်တာမို့ ချမ်းသာတဲ့သူတွေမှာသာဖြစ်လေ့ရှိတယ်လို့ အယူအဆ မှားနေတတ်ကြပါတယ်။
● ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း၊ ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်းနဲ့ အရက်အလွန်အကျွံသောက်ခြင်းတို့က သွေးချိုဆီးချိုရောဂါကိုဖြစ်စေတဲ့ အကြောင်းအရင်းများလည်းဖြစ်ပါတယ်။
● ဆီးချိုသွေးချိုရောဂါဟာ လူအများထင်မှတ်ထားသလို ဝင်ငွေအများဆုံးနိုင်ငံတွေမှာသာဖြစ်တဲ့ရောဂါမဟုတ်ဘဲ ဝင်ငွေအလယ်အလတ်နဲ့ အနိမ့်ဆုံးရှိတဲ့နိုင်ငံတွေမှာပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ အဓိကရောဂါဖြစ်ပါတယ်။

❎ အမှား (၃) – သွေးချိုဆီးချိုရောဂါဟာ အသက်ကြီးသူများတွင်သာဖြစ်တတ်သည်။

● ဆီးချိုသွေးချိုရောဂါကို အဓိကအားဖြင့် အမျိုး အစား (၁) နဲ့ အမျိုးအစား (၂)လို့ ခွဲခြားထားပါတယ်။
● အမျိုးအစား (၁)ဟာ ကလေးသူငယ်နဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး အမျိုးအစား (၂) ကတော့ လူလတ်ပိုင်းနဲ့ အသက်ကြီးသူများမှာ ဖြစ်လေ့ရှိပါတယ်။
● အမျိုးအစား (၁)ရောဂါဟာ အမျိုးအစား (၂)ထက် ဖြစ်ပွားမှုနှုန်း နည်းသော်လည်း ယခုအခါ ကလေးလူငယ် ဆယ်ကျော်သက်တွေမှာလည်းဖြစ်ပွားမှု တိုးတက်လာပါတယ်။

❎ အမှား (၄) – သွေးချိုဆီးချိုရောဂါသည် မျိုးရိုးရှိသောသူများတွင်သာ ဖြစ်လေ့ရှိသည်။

● တစ်စိတ်တစ်ပိုင်း မှန်ကန်ပါတယ်။ အမျိုးအစား (၂)သွေးချိုဆီးချိုဟာ မျိုးရိုးရှိတဲ့သူတွေမှာ ၃ဆ ဖြစ်နိုင်ချေများပါတယ်။
● ဒါပေမယ့် မျိုးရိုးမရှိပေမယ့် ဆီးချိုရောဂါ ဖြစ်နိုင်သေးတယ်လို့ သတိပြုစေလိုပါတယ်။
● ဆီးချိုသွေးချိုမျိုးရိုးမရှိတာကြောင့် ဖြစ်နိုင်ချေမရှိဘူးဆိုပြီး အစားအသောက် အနေအထိုင်ကို မဆင်မခြင် မပြုမိစေဖို့ ဂရုပြုပါ။

❎ အမှား (၅) – ဆီးချိုသွေးချိုရောဂါသည် အဝလွန်သောသူများတွင်သာ ဖြစ်လေ့ရှိသည်။

● ဒီအချက်ဟာလည်း တစ်စိတ်တစ်ပိုင်းမှန်ပါတယ်။ ဒါပေမယ့် ဝတဲ့သူတွေမှာပဲ ဖြစ်တယ်လို့ မှတ်ယူရင်တော့ မှားသွားပါလိမ့်မယ်။
● အမျိုးအစား (၁) သွေးချိုဆီးချို ရှိသောသူများဟာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် လျော့နည်းနေတတ်ပါတယ်။ ဒါကြောင့် အဝမလွန်ပေမယ့်လည်း ဆီးချိုသွေးချို ရှိနိုင်သေးတယ်လို့ မှတ်စေလိုပါတယ်။
● အမျိုးအစား (၂) ဆီးချိုသွေးချိုကတော့ လူလတ်လူကြီးပိုင်းနဲ့ အဝလွန်တဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဝတဲ့သူတိုင်း ဆီးချိုသွေးချို မဖြစ်နိုင်တာကိုလည်း မှတ်စေလိုပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေလည်း အမျိုးအစား (၂) ဖြစ်နိုင်ပါသေးသည်။
● အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ဖို့အတွက်ဆို ဗီဇ​အပြင် ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက် အနေအထိုင်တွေလည်း ပါဝင်ပါတယ်။

❎ အမှား (၆) – ဆီးချိုရောဂါကာကွယ်ခြင်းသည် ဆီးချိုရောဂါဖြစ်နိုင်ခြေရှိသည့် သူများနှင့်သာ သက်ဆိုင်သည်။

● ပထမဆုံး ဆီးချိုရောဂါဖြစ်နိုင်ချေရှိတဲ့သူတွေကို အရင်ပြောပြပါမယ်။

(၁) အဝလွန်သောသူများ
(၂) ကိုယ်လက်လှုပ်ရှားမှု နည်းပါးသောသူများ
(၃) ဆွေမျိုးများတွင် ဆီးချိုရောဂါရှိသောသူများ
(၄) ကိုးပေါင်နှင့် အထက် ကလေးမွေးဖွား ဖူးသည့် မိခင်များ
(၅) သွေးတိုးရောဂါရှိသောသူများ
(၆) ခန္ဓာကိုယ်တွင် မကောင်းသော အဆီဓာတ်များနေသူများ
(၇) သားဥအိမ်တွင် အရည်အိတ်များစွာတည်နေသည့်ရောဂါရှိပြီး အဝလွန်နေသော အမျိုးသမီးများ
(၈) ဆီးချိုရောဂါ ကနဦး အဆင့်ရှိသောသူများဟာ သာမာန်ထက် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေမြင့်ပါတယ်။

● ဒါပေမယ့် ဒီလိုလူတွေမှာ ဆီးချိုရောဂါရာနှုန်းပြည့်ဖြစ်ပေါ်လာမယ်လို့ မဆိုလိုပါ။ အစားအသောက် ၊ အနေအထိုင်ဆင်ခြင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
● အထက်ပါအကြောင်းပြချက်တွေ မရှိပေမယ့်လည်း အသက် (၄၅) နှစ်ကျော်လာသူတွေမှာ ရောဂါဖြစ်နိုင်ချေ မြင့်တက်လာနိုင်ပါတယ်။

❎ အမှား (၇) – ဆီးချိုရောဂါကို စောစောသိသည်မှာမကောင်းပါ။

● ရောဂါကိုရှာကြည့်ပြီး စောစောသိရရင် စောစောကုနေရမယ်ဆိုပြီး ဆင်ခြေပေးပြီး တိမ်းရှောင်နေတတ်ကြပါတယ်။
● နောက်ကျမှ သိရရင် သွေးချိုရဲ့နောက်ဆက်တွဲတွေ ဝင်နေပြီမို့လို့ အသက်ဆုံးရှုံးခြင်း၊ လူစဉ်မမီခြင်းနှင့် ဆေးကုသစရိတ်များပြားခြင်း စတာတွေကို မလွဲမသွေကြုံရမှာဖြစ်ပါတယ်။ ဒါကြောင့် စောစောသိပြီး ကာကွယ်တာက ကုသခြင်းထက် ပိုထိရောက်ပါတယ်။
● တချို့သူတွေကတော့ သိပါလျက်နဲ့ သင့်တော်ရာ ဆရာဝန်နဲ့မပြဘဲ မိမိဘာသာ ကျိတ်ကုနေကြသူတွေလည်းရှိပါတယ်။ ပတ်ဝန်းကျင်ရဲ့ မြူစွယ်မှု၊ အကြံပေးမှုတွေကြောင့် ဟိုဟာ ကြိတ်သောက် ဒီဟာကြိတ်သောက် လုပ်နေရင်တော့ ဆီးချိုရောဂါပိုဆိုးစေတဲ့အပြင် နောက်မလိုလားအပ်တဲ့ တခြားရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်း သတိထားစေလိုပါတယ်။
● ဒါကြောင့် ကိုယ်တိုင်မကုသပဲ သင့်တော်ရာ ဆရာဝန်တစ်ဦးကိုပြသပြီး အကြံဉာဏ်ယူကာ ကုသမှုခံယူသင့်ပါတယ်။

သွေးချို ဆီးချို ရောဂါကို စောစောသိ၍ စောစောစီးစီး ကုသမှုခံယူပြီး ပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ……

Reference ????
– Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.254,255,256,259
– “ဆီးချိုသွေးချိုရောဂါလက်တွေ့ကျကျ ကာကွယ်ကုသကြ” (Prof. TSL)

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.