ကိုယ်ဝန်လရင့်လာရင် လိပ်ခေါင်း ပေါ်လာတတ်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ပိုဆိုးလာတတ်ပါတယ်။
ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ရတာပေါ့ဗျာ။ မခွဲမဖြစ်ဆိုရင်တော့လည်း ကိုယ်ဝန်ကြီးနဲ့ ခွဲရတာပေါ့။ သိပ်မဆိုးရင်တော့ ဆေးဝါး၊ အစားအသောက်နဲ့ထိန်း၊ မွေးပြီးရင် သက်သာသွားမယ်ပေါ့။
…
…
ဒါနဲ့ဆက်စပ်ပြီးပြောရရင် ခန္ဓာကိုယ်မှာ ကြွက်သားသုံးမျိုးရှိတယ်ဗျ။
၁။ Gym ဆော့ရင် ကိတ်တဲ့ကြွက်သား (skeletal muscle)
၂။ ကိုယ်တွင်းကလီစာ နံရံကြွက်သားတွေ (သားအိမ်၊ အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ်နဲ့ ဆီးအိမ်ဆက်ထားတဲ့ ဆီးပြွန်စသည်တို့ရဲ့ နံရံကြွက်သားတွေ smooth muscle)
၃။ နှလုံးကြွက်သား (cardiac muscle)
ကိုယ်ဝန်ခိုင်မြဲဖို့ အချင်းကထုတ်တဲ့ progesterone ဟော်မုန်းရဲ့ နောက်ထပ်အလုပ်တစ်ခုက သားအိမ်နံရံကြွက်သားတွေကို ကိုယ်ဝန်ကိုးလလုံးလုံး ကလေးမွေးထွက်သည်အထိ အားထည့်မညှစ်ဖို့ တားထားတာပဲ။
ကိုယ်ဝန် ခြောက်လ၊ ခုနှစ်လလောက်ကတည်းကတော့ သားအိမ်နံရံကြွက်သားတွေက စညှစ်ကြည့်နေပါပြီ။ အမေက ဗိုက်သားအိမ်ကြီးက တစ်ခါတစ်ရံ တင်းတင်းလာတယ်လို့ ပြောတတ်တယ်။ မေ့လောက်မှတစ်ခါပါ။ ကလေးထွက်လာနိုင်လောက်တဲ့အထိ အားမပါပါဘူး။ Progesterone က တားထားတယ်လေ။ စာစကားနဲ့ဆိုရင် Braxtonhick contractions လို့ ခေါ်တယ်။ လွယ်လွယ်နားလည်အောင် အမွေးသင်နေတာလို့ ရှင်းပြကြပါတယ်။
ပြဿနာက သားအိမ်နံရံကြွက်သားတွေပဲ မညှစ်တော့တာမဟုတ်ဘူး။ သူနဲ့အမျိုးတော်တဲ့ အခြား smooth muscle တွေကပါရောပြီး မညှစ်တော့တာပဲ။
အစာအိမ်နံရံကြွက်သားတွေ မညှစ်တော့ အစာအိမ်ထဲမှာ အစာတွေအကြာကြီးနေတယ်။ Gastric emptying time ကြာတယ်။ ရင်ပြည့်၊ ရင်ကယ် ဖြစ်တတ်တယ်ပေါ့ဗျာ။
အူနံရံကြွက်သားတွေ မညှစ်တော့ ကိုယ်ဝန်သည် အတော်များများ ဝမ်းချုပ်တယ်ပေါ့ဗျာ။ လိပ်ခေါင်းပိုဆိုးလာတတ်တာ ဒါ့ကြောင့်လဲ တစ်ချက်ပါတာပေါ့။ ဝမ်းချုပ်ရင် ရေများများသောက်၊ နွားနို့သောက်၊ အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေစား ဥပမာ သင်္ဘောသီး၊ နဂါးမောက်သီး၊ စတာတွေနဲ့ ပြုပြင်ရပါတယ်။ ဆေးကူမယ်ဆိုရင် အလွန်ဆုံး stool softener လို့ခေါ်တဲ့ ဝမ်းပျော့ဆေး M.O.M, lactulose လောက်ပဲ ပေးရပါတယ်ဗျ။ ဝမ်းနှုတ်ဆေး အပြင်းစားကြီးတွေသောက်တာ၊ ဝမ်းချူတာ စတာတွေကို မလုပ်ရပါဘူးတဲ့။ အူနံရံကြွက်သားတွေလှုပ်ရှားရင် အပြန်အလှန်အနေနဲ့ သားအိမ်နံရံကြွက်သားတွေကလည်း လိုက်ညှစ်ပြီး လမစေ့မွေးလေးဖြစ်သွားမလား စိုးရိမ်မိတဲ့ theoretical risk ရှိလို့ပါတဲ့။
…
…
ကိုယ်ဝန်မရှိခင်က သားအိမ်လေးက သေးသေးလေး။ ဗိုက်ပေါ်ကတောင် စမ်းမမိဘူး။ ကိုယ်ဝန်သုံးလကျော်မှ ဗိုက်ပေါ်က စမ်းမိတယ်။ နေ့စေ့လစေ့ ကိုယ်ဝန်သည်တွေကို မီးပုံးပျံကြီးတွေလို့ ချစ်စနိုးခေါကြတယ်။ တကယ်လည်း မီးပုံးပျံပြဿနာ ကြုံရတယ်။
မီးပုံးပျံကြီးတွေ မှိုင်းမဝခင် အထက်ကိုတက်မသွားအောင် ဆိုင်းကြိုးတွေနဲ့ ဆွဲထားတယ်။ မှိုင်းအပြည့်ဝပြီဆိုမှ တင်းနေတဲ့ ဆိုင်းကြိုးတွေကို ဖြေလွှတ်လိုက်ပြီး အထက်တက်သွားတာလေ။ ထို့အတူပဲ သားအိမ်မှာ ဆိုင်းကြိုးတွေရှိတယ်။ Round ligaments လို့ ခေါ်တယ်။ ကိုယ်ဝန်ကြောင့် သားအိမ်က ဆီးခုံအောက်ထဲကနေ ဗိုက်ပေါ်ကို တိုးတက်ကြီးထွားလာတော့ ဆိုင်းကြိုး Round ligaments တွေက တင်းလာတာပေါ့။ နာလာတာပေါ့။
ဒါကြောင့် ကိုယ်ဝန် လေးငါးခြောက်လမှာ ပေါင်ခြံနားလေးက တင်းတယ်၊ နာတယ်ဆိုရင် သည်းခံပါသမီးတို့။ မွေးပြီးသွားရင် ပျောက်မယ်နော်။ မခံနိုင်ရင် paracetamol သောက်ပါ။ သူ့ထက်ပြင်းတဲ့၊ ပိုအနာသက်သာစေမယ့် အကိုက်အခဲပျောက်ဆေး ပြင်းပြင်းကြီးတွေ မသောက်နဲ့နော်။ ဗိုက်ထဲက ကလေးအတွက် အန္တရာယ်ရှိလို့ပါ။
…
…
မွေးခါနီး နေ့စေ့၊ လစေ့ဖြစ်လာရင် ပုံမှန်ကိုယ်ဝန်တစ်ခုမှာ မိခင်လောင်းက အလေးချိန် ပေါင်နှစ်ဆယ်လောက် နှစ်ဆယ့်လေးနာရီ အမြဲလွယ်ထားရတာ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရင်းနှီးတဲ့ အတိုင်းအတာနဲ့ပြောရရင် ခြောက်ပိဿာလောက်ပေါ့။
ကလေးက ခုနှစ်ပေါင်၊ အချင်းနဲ့ရေမြွှာရည်က သုံးပေါင်၊ သားအိမ်ကြီးလာတာ၊ ရင်ဘတ်ကြီးလာတာ၊ သွေးပမာဏတိုးလာတာ စတာတွေ ပေါင်းလိုက်ရင် ပေါင်နှစ်ဆယ်လောက်ရှိတယ်။
ခါးနာတာပေါ့ဗျာ။ နားနားနေနေ လှဲနေပါ။ မခံနိုင်ရင် paracetamol သောက်ပါ။ မွေးပြီးရင် ပျောက်သွားမယ်ပေါ့။ ဒါပဲအပ်ကြောင်းထပ်အောင် ပြောရတာပဲလေ။ ဒါပေမယ့် ကိုယ်ဝန်သည်တွေကတော့ တချို့ အကဲပိုကြသဗျ။
…
…
ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာပဲ မွေးလာမယ့် ကလေးလေးကို နို့တိုက်ဖို့ အမေရဲ့ရင်သားက ကြိုတင်ပြင်ဆင်တယ်လို့ ပြောပြခဲ့တယ်နော်။ သတိထားမိလိုက်တယ်နော်။ ဟုတ်တယ်ဟုတ်။
ဒါဆို ကိုယ်ဝန်ဆောင်စဉ်မှာပဲ သဘာဝမွေးလမ်းကြောင်းက အောင်မြင်စွာ မွေးဖွားနိုင်ဖို့ကိုရော ကြိုတင်ပြင်ဆင်ထားမှာပဲလို့ မတွေးမိဘူးလား။ ပြင်ဆင်ပါတယ်ဗျ။ ဘယ်လိုသိသာသလဲဆိုတော့ နေ့စေ့လစေ့မွေးခါနီး ကိုယ်ဝန်သည်တွေမှာ လှေကားတက်ရင်၊ ပက်လက်အိပ်နေရင်းက ဘေးဘယ်ညာစောင်းလှည့်ရင် တင်ပါးဆုံရိုးခွေက နာတယ်လေ။
ရိုးရိုးမွေးမယ်ဆိုရင် ကလေးက တင်ပါးဆုံရိုးခွေ အတွင်းကနေ ဖြတ်ကျော်ထွက်သွားရတာလေ။ တင်ပါးဆုံရိုးခွေက လက်စွပ်မောင်းကွင်းလို တစ်ကွင်းတည်း မဟုတ်ဘူး။ ဆီးခုံရိုး၊ တင်ပါးရိုး၊ မြီးညှောင်းရိုးတွေဆက်ထားပြီး အဝိုင်းပုံ အခွေလိုက်ရှိနေတာ။ ကိုယ်ဝန်လရင့်လာရင် အချင်းက relaxin hormone ထွက်လာပြီး တင်ပါးဆုံရိုးအခွေရဲ့ အဆက်နေရာတွေကို ချောင်လာစေတယ်။ ကလေးဖြတ်သန်း၊ မွေးဖွားထွက်လာရမယ့် အရိုးကွင်းကြီးကို ကျယ်သွားစေတာပေါ့ဗျာ။ ကလေးထွက်ဖို့ လွယ်စေတာပေါ့။ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ တေ့ဆက်ဆက်ထားတဲ့ အရိုးပြားတွေက ချောင်သွားတဲ့အတွက် လှုပ်လိုက်ရင် တေ့ဆက်မျက်နှာပြင်အချင်းချင်း ပွတ်တိုက်မိပြီး နာတာပေါ့။ မွေးပြီးရင်ပျောက်မယ်ပဲ ပြောပြရတာပေါ့။
နောက်ဆုံးပြောရရင် ကိုယ်ဝန်ဆောင်လိုက်ရင် ရင်သားတွေကြီးလာမယ်၊ တင်ပါးတွေ ကားလာမယ်ပေါ့။ တစ်သားမွေး၊ တသွေးလှဆိုတဲ့ ရှေးလူကြီးတွေစကား နှစ်ပေါင်းများစွာရင်းခဲ့ သတိထားမိခဲ့တဲ့ သညာသိကနေ လာတယ်ထင်မိ။
…
…
ဟုတ်ကဲ့ပါ ကိုယ်ဝန်သည်အပေါင်းတို့ခင်ဗျား။
ကျွန်တော်တို့ OG တွေက ကိုယ်ဝန်အစကနေ အဆုံးအထိ ကိုးလကျော် ဆယ်လအတွင်းကနေ မွေးဖွားပြီးသည်အထိ တွေ့ကြုံရနိုင်တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို တစ်သက်လုံး သင်ယူလေ့လာနေပါတယ်။
သည်းခံလိုက်ပါ၊ သက်သာအောင်ဆေးပေးမယ်နော်၊ မွေးပြီးရင် ပျောက်သွားမယ်၊ မွေးပြီးလည်း အပျိုတုန်းကလို ပြန်မဖြစ်တော့ဘူး။ နားထောင်လို့တော့ မကောင်းဘူးပေါ့ အမှန်တရားတွေက။
ကိုယ်ဝန်ယူဖို့ စဉ်းစားလိုက်တဲ့အချိန်ကစပြီး ကိုယ်ဝန်ရှိစဉ် တစ်လျှောက်လုံးနဲ့ မွေးဖွားပြီး နို့တိုက်နေစဉ်၊ နောက်ကိုယ်ဝန်မရအောင် တားဖို့အထိ ကျွန်တော်တို့နဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့နော်။
ကျွန်တော်တို့ လူနာအများကြီး ကြည့်ရဖို့၊ ပိုက်ဆံအများကြီးရဖို့ ကြော်ငြာဝင်နေတာ မဟုတ်ပါဘူး။
ပိုက်ဆံအများကြီးရချင်ရင် ခုလိုဘာမှ မပြောဘူး။ ဥထားမယ်။ အသည်းအသန်ဖြစ်တော့မှ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုပြီး လောဘရှိသမျှ ပညာခဆိုပြီး တောင်းလိုက်မှာပေါ့ဗျ။
ကျွန်တော်တစ်ယောက်တည်းရဲ့ ယုံကြည်ချက်ကို ပြောရရင် ကျွန်တော် လူနာနဲ့ ငွေရေးကြေးရေးအကြောင်း လုံးဝမပြောချင်ဘူး။ အဲလိုပြောလို့ မင်းက ရေသောက်အားရှိပြီး လူနာတွေကို အလကားကုပေးမယ့် စေတနာ ဆရာဝန်လားဆိုရင်လည်း မဟုတ်ပါဘူး။ ကိုယ့်အဆင့်နဲ့ထိုက်တန်တဲ့ ဘဝနေထိုင်မှု အဆင့်အတန်းတစ်ခုကိုလည်း လိုချင်ပါတယ်။ နိုင်ငံတော်ကို အုပ်ချုပ်၊ စီမံ၊ ခန့်ခွဲမယ့် အစိုးရဆီကပါ။
ကျွန်တော်က အခု Consultant OG အတိုင်ပင်ခံ သားဖွားမီးယပ်အထူးကု တောဆရာဝန် မြန်မာပြည်ပေါ့။ OG နဲ့ပတ်သက်တဲ့ international certificate တစ်ခုမှ မရထားပါဘူး။
ပိုက်ဆံရလိုမှု တစ်ခုတည်းအတွက်နဲ့ ကျွန်တော်ကိုယ်တိုင်ကြည့်စရာ၊ ခွဲစရာမလိုတဲ့ ကျွန်တော်ယုံကြည်စိတ်ချတဲ့ ဂျူနီယာတွေကို ပေးလုပ်ရမယ့် case တွေကိုလည်း လုမလုပ်ချင်ပါဘူး။
ဆရာဝန်တစ်ယောက်ရဲ့ဘဝမှာ တာဝန်သုံးခုရှိတယ်ဗျ။ သင်ကြား၊ ကုသ၊ သုတေသနတဲ့။
ကျွန်တော် ဂျူနီယာတွေကို တတ်နိုင်သမျှ သင်ကြားပေးခဲ့ပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ အောင်မြင်သလဲတော့ ကျွန်တော်လည်း မသိဘူး။
ကုသရေးကတော့ ဘာမှပြောစရာမရှိပါ။ နေ့တိုင်း၊ နေရာတိုင်းမှာ နာမည်ဆိုး မထွက်ခဲ့ပါဘူး။
သုတေသနကတော့ ဘာမှကိုမလုပ်နိုင်ခဲ့ဘူး။ Painless labour, labour Analgesia အကြောင်းလုပ်ချင်တယ်။ မသေခင်တော့ ဖြစ်လာမယ် ထင်ပါတယ်။
Sorry ဗျာ။ ဘာတွေလျှောက်ပြောမိသွားလည်း မသိ။
ဗိုက်ကြီးတဲ့ တစ်လျှောက်လုံးလည်း အိမ်မှာပဲနေတယ်။ လစေ့လို့ ဗိုက်နာလာတော့လည်း အိမ်မှာပဲနေတယ်။ ဘယ်လိုမှ မမွေးနိုင်တော့မှ ခုခွဲပေးဆိုပြီးရောက်လာတဲ့ သမီးများနဲ့ ယောက္ခမများကို သိစေချင်တာပါ။ OG တွေဆိုတာ ခွဲမွေးတာတစ်ခုတည်း တတ်တာမဟုတ်ဘူးလို့……။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.