ရှိတော့ရှိတယ် ရှားတယ်ဆိုတဲ့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ ပြဿနာအကြီးကြီးတွေအကြောင်းပဲ ပြောပြနေမိတော့ ကြောက်သွားကြလားဗျ။ ကြောက်ဖို့ပြောပြတာ မဟုတ်ပါဘူးနော်။ ကြုံလာခဲ့ရင် နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ သိထားရအောင်လို့ ပြောပြတာပါ။
ဒီတစ်ခါတော့ ကိုယ်ဝန်တိုင်းနီးပါး ကြုံတွေ့ရမယ့် အပရိက ဒုက္ခသေးသေးလေးတွေအကြောင်း ပြောပြပါမယ်။ ဗမာစကားပုံတောင် ရှိတယ်မလား။ ကိုယ်ဝန်ရှိတာကို မပေါ့မပါးဖြစ်နေပြီ၊ ကိုယ်လေးလက်ဝန်ဖြစ်နေပြီလို့ ပြောကြတယ်လေ။ ဝေနေယျဒုက္ခလို့လည်း ခေါ်သလားလို့။ ချိုမြိန်ဒုက္ခလေးတွေပေါ့။
ဆေးပညာစကားနဲ့ကတော့ Minor illnesses in pregnancy နဲ့ Normal physiological changes in pregnancy ရယ်လို့ ရှိတယ်။ နှစ်မျိုးစလုံးပေါင်းပြီး ရောချလိုက်မယ်နော်။
…
…
ကိုယ်ဝန်ပထမသုံးလ First trimester၊ ဒုတိယသုံးလ Second trimester၊ တတိယသုံးလ Third trimester မှာကြုံမယ့် ဒုက္ခသေးသေးလေးတွေဆိုပြီး ခွဲခြားစဉ်းစားကြည့်ရအောင်နော်။
ကိုယ်ဝန်ပထမသုံးလမှာ ကြုံရတဲ့ဒုက္ခကတော့ အများသိတဲ့အတိုင်း အစားအသောက်ပျက်၊ ပျို့အန်၊ မူးမော် ကြတာပါပဲ။ ဝမ်းကြီးနာစွဲတယ်လို့ အရပ်ထဲမှာခေါ်ကြတယ်။ ဆေးပညာအရ morning sickness လို့ ခေါ်တယ်။
အတော်များများကတော့ ချဉ်ချင်းတပ်တာလေး ခံတွင်းလိုက်တာလေးစား၊ ပျို့အန်သက်သာတဲ့ဆေးလေးသောက်၊ ဘီတာမင် B6 ဆေးပြားလေးသောက် ဒီလိုနဲ့ ဘာသိဘာသာပဲ ကိုယ်ဝန်လေးလလောက်ရှိရင် ပျောက်သွားကြတာပါပဲ။ အနည်းစုကတော့ ဘာမှမစားနိုင်မသောက်နိုင်၊ ပါးစပ်ကဝင်သမျှ အကုန်ပြန်အန်ထွက်နေလို့ Hyperemesis Gravidarum ဆိုပြီး ဆေးရုံတင်ကုရတာလည်း ရှိသပေါ့။
ဘာကြောင့်ဖြစ်တာလဲဆိုတော့ ကိုယ်ဝန်ရှိခါစ သန္ဓေသားကထုတ်တဲ့ hCG ဟော်မုန်းကြောင့်ပါတဲ့။
သားဥအိမ်ထဲက မမျိုးဥလေးက ဖောက်ထွက်ကြွေကျလာပြီး သားဥအိမ်ထဲမှာကျန်ခဲ့တဲ့ မမျိုးဥရဲ့အခွံ (corpus luteum) ကနေ progesterone ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်တယ်။ သူက သားအိမ်အတွင်းနံရံမှာ ကိုယ်ဝန်ကပ်ဖို့ ပြင်ဆင်ပေးတာ။ မမျိုးဥလေးက မျိုးမအောင်ရင် corpus luteum လေးက မျိုးဥကြွေပြီး ၁၄ ရက်အကြာမှာ ညှိုးခြောက်သွားတယ်။ progesterone ဟော်မုန်း ဆက်မထုတ်ပေးတော့ဘူး။ သားအိမ်အတွင်းနံရံကို ဆက်မထိန်းထားနိုင်တော့ဘူး။ ကြွေကျ ရာသီပေါ်ရော။
မမျိုးဥလေးက မျိုးအောင်ပြီး သန္ဓေခဲလေးဖြစ်သွားရင် အဲဒီ corpus luteum ကို မညှိုးခြောက်ပါသေးနဲ့ဦး။ ကိုယ်ဝန်ကပ်ဖို့မြဲဖို့ progesterone ဟော်မုန်း ဆက်ထုတ်ပေးပါဦးဆိုပြီး သန္ဓေခဲလေးက hCG ဟော်မုန်းထုတ်ပြီး အကြောင်းကြားတယ်။ ပထမသုံးလ မပြီးခင်အထိပေါ့။ ဒါကြောင့် ကိုယ်ဝန်ပထမသုံးလမှာ မိခင်လောင်းသွေးထဲမှာ hCG level အမြင့်ဆုံး၊ အပျို့ဆုံး၊ အအန်ဆုံး၊ အစားအသောက် အပျက်ဆုံးပေါ့။
…
…
ကိုယ်ဝန်သုံးလကျော်လို့ သန္ဓေခဲလေး (embryo) ဘဝကနေ ရုပ်လုံးပေါ်လာတဲ့ (fetus) ဘဝရောက်သွားရင် အချင်းကသပ်သပ်၊ ကလေးကသပ်သပ် ကောင်းကောင်းဖွံ့ဖြိုးသွားပြီလေ။ ကိုယ်ဝန်ကို ထိမ်းသိမ်းဖို့ progesterone ဟော်မုန်းကို အချင်းက ကိုယ့်ဘာသာ စထုတ်ပြီ။ ခုနပြောတဲ့ corpus luteum ကို မှီခိုစရာမလိုတော့ဘူး။ hCG ထုတ်တာနည်းသွားပြီ။ hCG ကြောင့်ပျို့တာအန်တာ သက်သာသွားပြီ။ တချို့ဆို လုံးဝပျောက်သွားပြီး ဝါးတီးအသားကုန်ဆွဲတော့တာပဲ။
ဒါကြောင့် ကိုယ်ဝန်ပထမသုံးလမှာ တချို့ဆို ဝိတ်ကျပြီး သုံးလကျော်မှ ကိုယ်အလေးချိန် ပြန်တက်လာတာ။
…
…
တချို့ကိုယ်ဝန်တွေမှာ ပထမသုံးလရဲ့ စောစောပိုင်းမှာ သွေးနည်းနည်း ဆင်းတတ်တယ်။ Embryo လေးက progesterone ကြောင့် စိုအိထူပျစ်နေတဲ့ သားအိမ်အတွင်းနံရံ အပေါ်ဆုံးအလွှာ decidua ထဲကို ဖောက်ဝင်တွယ်ကပ်တဲ့အခါမှာပေါ့။ Implantation bleeding လို့ ခေါ်ပါတယ်။
မိမိကိုယ်ကိုယ် ကိုယ်ဝန်ရနေပြီလို့ မသိသေးသူတွေက ရာသီနည်းနည်းနောက်ကျလာတယ်လို့ မှတ်ယူမိကြတယ်။ ကိုယ်ဝန်ကပ်လို့ သွေးနည်းနည်းဆင်းတာကို နောက်ဆုံးရာသီပေါ်သောရက်လို့ မှားမှတ်လိုက်ကြတာ။ အဲဒါဆို နောက်ဆုံးရာသီပေါ်သောရက်ကနေ ကိုယ်ဝန်သက်တမ်း ခန့်မှန်းမွေးဖွားရက်ကို တွက်တာမှားပြီပေါ့။
ကိုယ်ဝန်ရှိမှန်း သိပြီးသားသူများကတော့ ကိုယ်ဝန်များ ပျက်တာလားဆိုပြီး ကျွန်တော်တို့ဆီ အပြေးအလွှား ရောက်လာကြတယ်။ USG ရိုက်ကြည့်ပြီး ကောင်းတယ်ဆိုရင် implantation bleeding အကြောင်းရှင်းပြပြီး စိတ်မပူဖို့ နှစ်သိမ့်အားပေးရတာပေါ့။ စိတ်ချချင်ရင် နောက်နှစ်ပတ်နေတော့ USG ထပ်ရိုက်ခိုင်းရတာပေါ့။
ဒုတိယသုံးလကစပြီး ရင်သားတွေ သိသိသာသာကြီးလာတယ်။ နာတယ် တင်းတယ်လို့ ခံစားရတယ်။ ရင်သားတစ်ခုလုံးကို breast လို့ခေါ်တယ်။ ကိုယ်ဝန်မရှိခင်က breast ထဲမှာ အဆီတွေများတယ်။ ပျော့ပျော့အိအိလေးပေါ့။ ကိုယ်ဝန်ရှိသွားတော့ နို့ရည်ထုတ်ဂလင်းတွေ (lactating mammary glands ) ပိုများလာတယ်။ ကလေးနို့တိုက်ဖို့ ကြိုပြင်ဆင်တာပေါ့။ ဒါကြောင့် ကြီးလာတယ်။ မာလာတယ်။
တချို့အမျိုးသမီးတွေဆိုရင် နို့ရည်ထုတ်ဂလင်းတွေက ချိုင်းကြားထဲမှာတောင် အပိုပါကြတယ်။ ကိုယ်ဝန်မရှိခင်က မသိသာပေမယ့် ကိုယ်ဝန်လရင့်လာလို့ နို့ရည်ထုတ်ဂလင်းတွေ ကြီးလာတဲ့အခါ ချိုင်းကြားမှာ အပိုပါလာတဲ့ ဂလင်းတွေကပါ လိုက်ကြီးကြတော့ ချိုင်းကြားမှာ အကျိတ်ပေါ်လို့ဆိုပြီး အလန့်တကြား လာပြကြတာတွေလည်း ကြုံဖူးတယ်။ ကိုယ်ဝန်မရခင် အစကတည်းက ရှိတာလား။ ခုကိုယ်ဝန်လရင့်မှ ပေါ်လာတာလား သေချာမေးရတယ်။ ခုကိုယ်ဝန်မှ ပေါ်လာတာဆိုရင် ဒါအပိုပါတဲ့ နို့ရည်ထုတ်ဂလင်းပါ။ စိုးရိမ်စရာမရှိ။ နို့ပိုပေါ ကလေးနို့ပိုဝဝစို့ရတာပေါ့။ ကလေးနို့ဖြတ်တော့မှ ပြန်ပျောက် ပြန်သေးသွားမယ် ရှင်းပြရတယ်။ လက်ခံသူလည်းရှိ၊ စိုးရိမ်လွန်ပြီး ခွဲစိတ်ဆရာဝန်ဆီ သွားပြတဲ့သူလည်းရှိပေါ့ဗျာ။
ထိပ်ကနို့သီးခေါင်းလေး (nipple လို့ခေါ်တယ်) စူထွက်လာတယ်။ ကလေးနို့တိုက်ရ လွယ်အောင်လို့။ တချို့သားဦးကိုယ်ဝန်တွေမှာ nipple က စူထွက်မနေဘူး။ နို့သီးခေါင်း မပေါ်ဘူးပေါ့။ အရပ်ထဲမှာ နို့ပါးစပ်လို့ ခေါကြတယ်။ ကလေးမွေးထွက်ပြီးလို့ နို့တိုက်ရတော့မယ်ဆိုမှသိရင် ဒုက္ခရောက်ရော။ ကလေးက ဘယ်လိုမှ စို့လို့မရ။ ကလေးမမွေးခင်ကတည်းက ကြိုကြည့်၊ ကြိုသိပြီး နို့သီးခေါင်းဖေါ်တဲ့ စုပ်ခွက်လေးနဲ့ လချီအချိန်ယူပြီး ဖော်ထားရမှာနော်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမှာ နို့လှန်ကြည့်ရတာလည်း အရေးကြီးသော အစိတ်အပိုင်းတစ်ခုအနေနဲ့ကို ပါပါတယ်။ ကျွန်တော်တို့ ယောက်ျားလေးOG တွေ ခဏခဏဒုက္ခရောက်လွန်းလို့ ပြောပြတာပါ။ ဗိုက်လာအပ်တာကို နို့လှန်ကြည့်လို့ဆိုပြီး။
နို့သီးခေါင်းရဲ့ဘေးက အမည်းကွင်းလေးကို areola လို့ ခေါ်ပါတယ်။ ကိုယ်ဝန်တစ်ခါမှ မဆောင်ဘူးတဲ့ အမျိုးသမီးတွေဆိုရင် အသားညိုတဲ့သူဆို areola က အညိုရောင်ဖျော့ဖျော့တဲ့။ အသားဖြူတဲ့သူဆိုရင် ပန်းရောင်ဖျော့ဖျော့တဲ့။ ပထမဦးဆုံးကိုယ်ဝန်လွယ်လို့ သုံးလေးလရောက်ရင် areola ရဲ့အရောင်က ပိုရင့်သွားတယ်။ တစ်သက်လုံးစာတဲ့။ မွေးပြီးလည်း ပြန်ဖျော့မသွားတော့ဘူးတဲ့။ Cosmetic ဆေးကြော်ငြာတွေမှာတော့ areola ပန်းရောင်ပြန်သန်းဆေး လိမ်းဆေးဆိုသလား ကြားမိသလားလို့။ ချင့်ယုံကြပေါ့ဗျာ။
ပြီးတော့ ကိုယ်ဝန်သည်တွေက မောတယ်၊ အသက်ရှူမဝဘူး၊ ရင်တုန်တယ် စသည်ဖြင့် ပြောကြတယ်။ မောတယ်၊ ရင်တုန်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ် အသက်ရှူနေမှန်း၊ နလုံးခုန်နေမှန်း သိတာကို ခေါ်ပါတယ်။ လူတိုင်း အသက်ရှူနေတာ၊ နှလုံးခုန်နေတာပဲ။ အေးအေးသက်သာနေနေရင် မသိကြဘူး။ ကိုယ်လက်လှုပ်ရှား ပြင်းပြင်းလေး လုပ်လိုက်တော့မှ စွမ်းအင်ပိုလိုအပ်လာတော့ အသက်ရှူမြန်၊ နှလုံးခုန်မြန်လာပြီး မောတယ်လို့ခံစားရတာ။
ကိုယ်ဝန်သည်အမေကျတော့ ဗိုက်ထဲက ကပ်ပါးကောင်လေးအတွက်ပါ ပိုအသက်ရှူ၊ ပိုနှလုံးခုန်ရတော့ ထိုင်နေရင်းနဲ့ ပြေးနေသလို ခံစားရတာပေါ့။ မောတာပေါ့။ မွေးပြီးမှပျောက်မယ်လို့ပဲ အားပေးရတာပေါ့။ ဒါကြောင့် ကိုယ်ဝန်သည်တွေ နေ့ခင်းတစ်ရေးတစ်မော အိပ်ပါ၊ နားပါ။ လရင့်လာရင် မမွေးခင်ကို မီးဖွားခွင့် ပေးကြတာပေါ့။ မမွေးခင်ကို နားစေလိုလို့ ခွင့်ပေးတာလေ။ မွေးပြီးမှ ပေါင်းယူလို့မရဘူးလား လာအထွန့်တက်တာတွေလည်း ကြုံရပါ့။
…
…
ကိုယ်ဝန်ဆောင်တွေမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စုစုပေါင်း သွေးပမာဏ total blood volume ကလည်း တဖြည်းဖြည်း များလာတယ်ဗျ။ ကိုယ်ဝန်မရှိတဲ့ အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ စုစုပေါင်း သွေးဆယ်ပုလင်းခန့်ရှိတယ်ဆိုရင် နေ့စေ့လစေ့ ကိုယ်ဝန်သည်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးက ဆယ့်လေးငါးပုလင်းလောက်ရှိပါတယ်။
ဘာလို့လဲဆိုတော့ သန္ဓေသားလေးကို အစာအာဟာရ ကျွေးမွေးဖို့၊ သန္ဓေသားလေးဆီက စွန့်ပစ်ပစ္စည်း အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ သားအိမ်အချင်းဆီသို့၊ အမေရဲ့ အဆုတ်ဆီသို့၊ အမေရဲ့ ကျောက်ကပ်ဆီသို့၊ အမေရဲ့ ရင်သားဆီသို့ သွေးပို့ရမယ့် ပမာဏက ကိုယ်ဝန်မရှိခင်အချိန်ကထက် များလာတယ်လေ။ သွေးတွေပိုလိုလာတာပေါ့။
နောက်ပြီး မွေးဖွားချိန်မှာ ရိုးရိုးမွေးသည်ဖြစ်စေ၊ ခွဲစိတ်မွေးဖွားသည်ဖြစ်စေ သွေးထွက်၊ သွေးဆုံးရှူံးမှုကတော့ အနည်းနဲ့အများရှိမှာပဲ။ အဲဒီ သွေးဆုံးရှူံးမှုဒဏ်ကို ခံနိုင်အောင် သွေးကိုကြိုစုရတယ်။
ဒါကြောင့် ကိုယ်ဝန်သည်တွေက လရင့်လာရင် ရေထိုးထားသလို ဖောင်းဖောင်းလေး ဖြစ်လာကြတယ်။ အရည်ရဲ့သဘောက အနိမ့်ဆုံးနေရာမှာနေတယ်။ ဒါကြောင့် လရင့်ကိုယ်ဝန်တွေရဲ့ ၇၀% လောက်သည် ခြေထောက်ကလေးတွေ ဖောရောင်ကြတယ်။ ကလေးလေးရှိနေတဲ့ သားအိမ်ကြီးသည် ပေါင်ထိပ်က သွေးပြန်ကြောတွေပေါ်ကို ဖိထားတဲ့ ဖိအားကြောင့် သွေးတွေပြန်မတက်နိုင်တာလည်း ပါတာပေါ့။ ဒါကြောင့် ခြေထောက်ကလေးတွေ ဖောရောင်တာက မနက်အိပ်ရာထနဲ့ ညနေဆို ညနေမှာပိုဆိုးမယ်။ မတ်တပ်ရပ်များတဲ့နေ့နဲ့ နည်းတဲ့နေ့ဆို များတဲ့နေ့မှာ ပိုဆိုးမယ်။ သူ့ချည်းပဲဆို ရောဂါမဟုတ်ပါဗျ။ ကုစရာမလိုပါဘူး။ မွေးပြီးရင် ပျောက်မယ်ပြောပြရုံပါပဲ။
သွေးတိုးနဲ့တွဲတယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင် သွေးဆိပ်တက်၊ သွေးတိုးရောဂါ ဟုတ်/ မဟုတ် ဆန်းစစ်ရပါတယ်။ ဟုတ်နေရင် အဲဒီရောဂါကုထုံးအတိုင်းပဲ သွားပါတယ်။ ဖောတာကျအောင်၊ ရေတွေထွက်သွားအောင်ဆိုပြီး ဆီးဆေးတွေ မပေးရပါဘူးနော်။ လိုလို့ကြိုစုထားတာပါဆိုမှ။
တချို့ဆိုရင် အဲဒီလိုသွေးတွေများလို့၊ သွေးပြန်ကြောတွေကနေ သွေးစီးဆင်းမှုမကောင်းလို့ ခြေထောက်အပေါ်ယံ သွေးပြန်ကြောတွေထဲမှာ သွေးတွေအိုင်နေတာ varicose vein တွေတောင် ဖြစ်တတ်ပါတယ်။ အစိမ်းပြာရောင် တွန့်တွန့်သွေးကြောကြီးတွေ အရေပြားအောက်မှာ ဖောင်းကားနေတာကို မြင်ရတယ်လေ။ အူယားစရာကြီး။ အရပ်ထဲမှာ သွေးကြောထုံးတယ်လို့ ခေါ်ကြတယ်။ အိပ်ရင် ခြေရင်းမြှင့်အိပ်ပါ။ ဘေးတစောင်းလှဲအိပ်ပါ။ အရမ်းဆိုးရင် သက်သာအောင်ဝတ်တဲ့ stocking လိုမျိုး ခြေစွပ်စွပ်ပါ။ ဆေးဆိုင်ကြီးတွေမှာ ရှိတတ်ပါတယ်။ မွေးပြီးရင် ပျောက်ပါမယ်။
ကိုယ်ဝန်လရင့်ရင် လိပ်ခေါင်းလည်း ပေါ်တတ်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ပိုဆိုးလာတတ်ပါတယ်။
…
…
ဆက်ရန်….။
(လာမည့်တစ်ပတ် သောကြာနေ့တွင် ဆက်လက်ဖော်ပြပါမည်)
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.