———-|| စိတ်ကျန်းမာရေး ဦးစားပေး ||———-

စိတ်ကျန်းမာရေးဆိုတာ ကျွန်မတို့ နေ့စဉ် တွေးတောခံစား ပြုမူနေတာ‌တွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ စိတ်ကျန်းမာရေး ထိခိုက်ခြင်းဟာ နေ့စဉ်ရှင်သန်ရာ ဘဝ၊ ပေါင်းသင်းဆက်ဆံရေးတွေသာမက ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုကိုပါ ထိခိုက်နိုင်ပါတယ်။

ဒီလိုပဲ လူတွေဟာ ဘဝမှာ ရုန်းကန်ရှင်သန်ရမှုတွေ၊ ဘေးပတ်ဝန်းကျင်က အခြေအနေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ များစွာကလည်း စိတ်ကျန်းမာရေးကို ပြန်လည်ပြီး ဆိုးရွားထိခိုက်နိုင်စွမ်း ရှိပါတယ်။ စိတ်နဲ့ ရုပ်ဟာ အပြန်အလှန် မှီခိုနေကြတာပါ။

စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ လူတစ်ဦးရဲ့ဘဝ ပျော်ရွှင်မှုကို အထောက်အပံ့ပေးနိုင်ပါတယ်။

ဒီလို ဂရုစိုက်ခြင်းက ထိုသူရဲ့ဘဝလှုပ်ရှားမှု၊ ထမ်းဆောင်ရမယ့် တာဝန်များနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကို ရရှိစေပြီး ဘဝကို ဟန်ချက်ညီစွာ ဆက်လက်လျှောက်လှမ်းနိုင်စေမှာပါ။

..

..

စိတ်ကျန်းမာရေးလို့‌ ပြောလိုက်ရင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါ၊ စိတ်ပေါ့သွပ်တာတွေ စတဲ့‌ စိတ်ရောဂါတွေကိုပဲ လူတွေက မြင်တတ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ “ စိတ်ကျန်းမာရေး ဆိုတာဟာ စိတ်ပေါ့‌သွပ်ခြင်းနဲ့ စိတ်ရောဂါတွေ မရှိခြင်းထက် ပိုပါတယ်” လို့ အတိအလင်းပြောထားပါတယ်။

အလုံးစုံကျန်းမာတဲ့ စိတ်ကျန်းမာရေးဆိုတာ ဘဝမှာ ကြုံလာသမျှ စိတ်အခြေအနေတွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရုံသာမက၊ ဆက်လက်ပြီး ပြည့်စုံကျန်းမာစေရန်နဲ့ ပျော်ရွှင်‌စေရန် လုပ်ဆောင်နိုင်မှုများလည်း ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးဟာ တစ်ဦးချင်းသာမက ရပ်ရွာနဲ့ လူ့အဖွဲ့အစည်းအတွက်လည်း အလွန်အရေးကြီးပါတယ်။

..

..

စိတ်ကျန်းမာရေးရဲ့ အရေးကြီးပုံကို သိပြီဆိုတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို ချို့ယွင်းစေတဲ့ အကြောင်းအရင်းတွေကို လေ့လာလိုက်ကြရအောင်ပါ …

လူတိုင်း အသက်အရွယ်၊ ကျား/မ၊ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးစုမရွေး စိတ်ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပွားနိုင်ပါတယ်။

လူမှုရေးနဲ့ ငွေကြေးအခြေအနေတွေ၊ ကလေးဘဝက ဝမ်းနည်းဖွယ် အတွေ့အကြုံတွေ၊ နောက်ခံ ကျန်းမာရေးအခြေအနေတွေက လူတစ်ဦးရဲ့ စိတ်ကျန်းမာရေးကို ပုံဖော်ပေးနိုင်ပါတယ်။

စိတ်ကျန်းမာရေးချို့ယွင်းတဲ့ လူတော်တော်များများမှာ ချို့ယွင်းစေတဲ့အကြောင်းအရင်း တစ်ခုထက်ပိုပြီး ရှိတတ်ပါတယ်။

အကြောင်းအရင်း အများစုကတော့…

– လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဖိအားများ

– ကလေးဘဝတွင် ကြုံခဲ့ရသော စိတ်ဒဏ်ရာများ

( မိဘဆုံးရှုံးခြင်း၊ မိဘနှင့်ခွဲခွာရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း)

– မိသားစုတွင်း မျိုးရိုးရှိခြင်း

– ကင်ဆာ၊ ဆီးချိုရောဂါနှင့် နာတာရှည်ရောဂါများ၊ နာကျင်မှုဝေဒနာများ အစရှိတာတွေ ဖြစ်ပါတယ်။

..

..

????စိတ်ကျန်းမာ‌ရေး ထိခိုက်ခြင်းရဲ့ ကနဦးလက္ခဏာများ

ကနဦးလက္ခဏာတွေ အနေနဲ့…

• မိမိ နဂိုကျင်လည်နေတဲ့ ပတ်ဝန်းကျင်ကနေ ဖယ်ကြဉ်လာမယ်။

• သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အဆံလုပ်တာ နည်းလာတယ်။

• သာမန်အားဖြင့် သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို မလုပ်တော့ဘူး။

• အလွန်အကျွံအိပ်စက်တာ

• အလွန်အကျွံစားတာ (သို့) အစား အလွန်နည်းလာတာ

• မျှော်လင့်ချက်မဲ့သလို ခံစားရတာ

• အားမရှိသလို ခံစားရတာ

• အရက်နှင့် နီကိုတင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲစေသော အရာများကို မကြာခဏသုံးစွဲတာတွေ စတင်လုပ်လာတတ်ပါတယ်။

.

တဖြည်းဖြည်းနဲ့…

• အပျက်သဘောဆောင်တဲ့ ခံစားချက်တွေ ပိုများလာတာ

• ဆုံးဖြတ်ချက်တစ်ခုခု လုပ်ဖို့ ဝေဝါးလာတာ

• နေ့စဉ်လုပ်ရမယ့် စား၊ ဝတ်၊ နေရေး ဆိုင်ရာ အလုပ်တွေကိုတောင် မဆောင်ရွက်နိုင်တော့တာ

• မကောင်းတဲ့ အတွေးတွေ၊ အတိတ်က အဖြစ်ဆိုးတွေကနေ ရုန်းမထွက်နိုင်တာ

• မိမိကိုယ်ကို (သို့မဟုတ်) အခြားသူတွေကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေရန် တွေးတောလာတာ

• တကယ်မရှိဘဲ နားထဲ အသံတွေ ကြားနေရတာ

• အပြင်မှာ တကယ်မရှိတာတွေ မြင်နေရတာတွေ ဖြစ်လာပြီး မိမိကိုယ်ကို အဆုံးစီရင်ခြင်းအထိ ဖြစ်လာတတ်ပါတယ်။

..

..

????စိတ်ရောဂါကို သတ်မှတ်ခြင်း

စိတ်ရောဂါတစ်ခုကို ရောဂါသတ်မှတ်တော့မယ်ဆိုရင် အဆင့်များစွာ လိုပါတယ်။

ဆရာဝန်က စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာရောဂါများ ရှိနေလား ရှာဖွေခြင်းတို့ကို ပြုလုပ်ပါလိမ့်မယ်။

လူနာကို ခံစားနေရတဲ့ လက္ခဏာတွေ၊ ဘဝအတွေ့အကြုံတွေ၊ မိမိရဲ့နေ့စဉ်ဘဝမှာရော ဘယ်လို ထိခိုက်မှုရှိနေလဲဆိုတဲ့ အချက်တွေကို မေးမြန်းပါလိမ့်မယ်။ တစ်ခါတလေလည်း စိတ်ပိုင်းဆိုင်ရာ မေးခွန်းလွှာတွေ ဖြေရလေ့ရှိပါတယ်။ စိတ်ရောဂါကို ဓာတ်ခွဲစစ်ဆေးလို့ မရပေမယ့် အချို့သော ရုပ်ပိုင်းဆိုင်ရာရောဂါအခံတွေကို ရှာဖွေဖို့ သွေး၊ ဆီး စစ်ဆေးရတတ်ပါတယ်။

ဒီလိုအဆင့်တွေကို ဖြတ်ကျော်ပြီးမှ စိတ်ရောဂါတစ်ခုကို သတ်မှတ်တာဖြစ်လို့ မိမိဘာသာအထင်နဲ့ မိမိကိုယ်တိုင်နဲ့ သူများကို label မတပ်ဖို့ လိုပါတယ်။

..

..

????ကုသမှုများ

ကုသမှုများမှာ ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်မှုများ၊ အပြုအမူဆိုင်ရာ ပြောင်းလဲမှုကုထုံးများသာမက ဆေးဝါးများလည်း ပါဝင်ပါတယ်။ မိမိကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာအောင်နေထိုင်ခြင်းဟာလည်း အထူးအရေးကြီးပါတယ်။

..

..

????စိတ်ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းကြမလဲ

မိမိကိုယ်ကို ဂရုစိုက်ပြီး ချစ်ခင်ပေးခြင်းဟာ ‌မဖြစ်သေးတဲ့ ကျန်းမာရေးပြဿနာတွေကို လျှော့ချပေးနိုင်တဲ့အပြင် လိုအပ်နေတဲ့ စိတ်ခွန်အားကိုလည်း တိုးမြင့်စေပြီး စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

မိမိကိုယ်ကို ချစ်ခင်ဂရုစိုက်ပေးခြင်း နည်းလမ်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။

◼️ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

တစ်နေ့ကို အနည်းဆုံး ၃၀ – ၄၅ မိနစ်၊ တစ်ပတ်လျှင် သုံးကြိမ်မှ ငါးကြိမ်အထိ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ကျန်းမာရေးကို သိသိသာသာ တိုးတက်စေနိုင်ပါတယ်။

.

◼️မျှတသောအစားအစာကိုစားပြီး ရေဓာတ်ပြည့်ဝနေပါစေ

အာဟာရမျှတသော အစားအစာစားခြင်းနှင့် ရေဓာတ်ပြည့်ဝပါက တစ်နေ့တာလုံးအတွက် ခန္ဓာကိုယ်ကလိုအပ်တဲ့ စွမ်းအင်ကို လုံလောက်စွာ ပေးစွမ်းနိုင်ပါလိမ့်မယ်။

.

◼️ကောင်းစွာ အိပ်စက်ခြင်း

အိပ်ရေးဝဝ အိပ်စက်ခြင်းအလေ့က လူတစ်ဦးရဲ့စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေကြောင်း သုတေသနတွေများစွာ ရှိပါတယ်။

.

◼️စိတ်ပြေလျော့စေတဲ့ လှုပ်ရှားမှုများ လုပ်ဆောင်ပါ

အသက်ရှုလေ့ကျင့်ခန်းများ၊ တရားထိုင်ခြင်း၊ ယောဂလုပ်ခြင်း၊ မိမိအတွေးများကို ချရေးခြင်းဟာ ကိုယ်ရောစိတ်ပါ ကျန်းမာသုခကို တိုးစေပါတယ်။

.

◼️ကျေးဇူးတရား ပွားများတတ်သော အကျင့်ကို မွေးမြူပါ

နေ့စဉ် မိမိမှာရှိတဲ့ အရာရာကို ကျေးဇူးတင်သောစိတ် မွေးခြင်းက ကောင်းသောအတွေးအမြင်များကို တိုးပွားစေပါတယ်။

.

◼️မိမိရဲ့ အဆိုးမြင်တတ်တဲ့ အတွေးများကို သတိထားပြီး စောင့်ကြည့်ပါ

မိမိရဲ့ စိတ်ပူတတ်တဲ့၊ အဆိုးဘက်ရောက်တဲ့ အတွေးတွေ၊ မိမိကို စိတ်ပူပန်မှုတိုးစေတဲ့ အတွေးတွေကို စောင့်ကြည့်ပြီး ထိန်းသိမ်းခြင်းကလည်း အကောင်းမြင်စိတ်ကို တိုးလာစေပါတယ်။

.

◼️အပြုသဘောဆောင်သော လူမှုဆက်ဆံရေးများကို ဖန်တီးပါ

မိမိအတွက် အဓိပ္ပါယ်ရှိတဲ့ လူမှုဆက်ဆံရေးများကို ထားရှိခြင်းက လိုအပ်တဲ့အချိန်မှာ အကူအညီများ ရစေနိုင်ပြီး စိတ်ဓာတ်ခွန်အားကို မြှင့်တင်နိုင်ပါတယ်။ လူမှုဆက်ဆံရေးများလို့ ဆိုရာမှာ social media အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ စာအုပ်ဖတ်ခြင်းများ အပါအဝင် မိမိအတွက် စိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေ ဖတ်တာ၊ podcasts လေးတွေ နားထောင်တာတွေလည်း ပါဝင်ပါတယ်။

.

ဒီလို နည်းလမ်းတွေကို လုပ်ဆောင်နေရင်းတောင် မိမိမှာ ဘဝမှာ နေမပျော်ဘူး၊ စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ထင်ရင် (သို့) မိမိရဲ့အနီးပတ်ဝန်းကျင်က တစ်ဦးတစ်ယောက်ဟာ စိတ်ကျန်းမာရေးဆိုင်ရာမှာ ခက်ခဲမှုတွေ ကြုံတွေ့နေရတယ်ဆိုရင် ဖွင့်ဟအကူအညီတောင်းဖို့ မနှောင့်နှေးပါစေနဲ့။

တယ်လီကျန်းမာမှာလည်း ကျွမ်းကျင်တဲ့ ဆရာဝန်/ဆရာမများနဲ့ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါရစေနော်။

ပြည်သူများအားလုံး ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး ညီညွတ်မျှတပါစေ ဆုတောင်းလျက်…..။ ။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference : ????

https:// www. medicalnewstoday. com /articles/154543#summary

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here