ရာသီသွေးအဆင်းများခြင်း ( March, 2022 )
ဘာကြောင့်ဖြစ်တာလဲ ?
????Dysfunctional Uterine Bleeding
အများအားဖြင့် ဖြစ်ရတဲ့အကြောင်းရင်း မသိပါဘူး။ သားအိမ်၊ သားဥအိမ်စစ်ဆေးမှုတွေမှာလဲ ပုံမှန်ပဲ အဖြေထွက်ပါတယ်။ Dysfunctional Uterine Bleeding လို့ခေါ်ပါတယ်။ ရာသီသွေးပေါ်ကာစအရွယ်နဲ့ သွေးဆုံးခါနီးအသက်အရွယ်တွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။
သားအိမ်အတွင်းနံရံကနေ ပုံမှန်ထုတ်ပေးလေ့ရှိတဲ့ Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို လိုအပ်တာထက်ပိုပြီး ထုတ်တာများနေတာနဲ့ သက်ဆိုင်လေ့ရှိပါတယ်။
????အခြား ရာသီသွေးဆင်းများရသည့်အကြောင်းအရင်းတွေကတော့
-သားအိမ်တွင်းအလုံးရှိခြင်း
-သုံးလခံ တားဆေးထိုးထားသူများ
-သားအိမ်တွင်း ကိုယ်ဝန်တားပစ္စည်းထည့်ထားသူများ
-သွေးကျဲရောဂါရှိသူများ
-သွေးကျဲဆေးသောက်နေရသူများ
-ကိုယ်ဝန်ပျက်ကျလျှင်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်နေလျှင်
-လိင်ဆက်ရာမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ အပါအဝင် သားအိမ်တွင်းပိုင်း ပြဿနာရှိနေသူတွေ
-သားအိမ်နံရံကင်ဆာရောဂါရှိသူတွေ
ဘယ်လိုသိနိုင်မလဲ ?
ဆရာဝန်က ပုံမှန်စမ်းသပ်စစ်ဆေးမှုတွေအပြင် လိုအပ်လျှင် အောက်ပါစစ်ဆေးမှုများလဲပြုလုပ်နိုင်ပါတယ်။
-မျိုးပွါးလမ်းကြောင်း စမ်းသပ်စစ်ဆေးခြင်း
-သားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးခြင်း
-သွေးအားနည်းရောဂါရှိမရှိသိနိုင်ရန် သွေးစစ်ခြင်း
-ဝမ်းဗိုက်နှင့် မျိုးပွါးလမ်းကြောင်းမှတစ်ဆင့် အယ်ထွာဆောင်း( Ultrasound)ရိုက်ခြင်း
-သားအိမ်မှန်ပြောင်းနှင့် စစ်ခြင်း
ကုသခြင်း
အကယ်၍ စမ်းသပ်စစ်ဆေးလို့ ရောဂါအခံမရှိဘူးဆိုရင် ကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်က သွေးဆင်းတဲ့ပမာဏနည်းသွားအောင်ပဲဖြစ်ပါတယ်။ ဆရာဝန်က အောက်ပါဆေးတွေညွှန်းနိုင်ပါတယ်။
-တားဆေးကဒ်
တားဆေးကဒ်ကို ပုံမှန်သောက်ရင် ဆေးမှာပါတဲ့ ဟော်မုန်းအာနိသင်ကြောင့် သွေးဆင်းတာ သုံးပုံတစ်ပုံလောက်နည်းသွားစေနိုင်ပါတယ်
-ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ကိုယ်ဝန်တားပစ္စည်း
ဒီနေရာမှာ သတိပြုရမှာကတော့ သားအိမ်တွင်းထည့်ပစ္စည်းဟာ အမျိုးအစား (၂)မျိုးရှိတယ် ဆိုတာပါဘဲ။ ကိုယ်ဝန်တားနည်းသုံးဖို့လည်း လိုအပ်နေတဲ့ တချို့အမျိုးသမီးတွေမှာတော့ ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ကိုယ်ဝန်တားပစ္စည်းသုံးလိုက်ခြင်းဖြင့် ရာသီသွေးဆင်းတာသက်သာသွားတတ်ပါတယ်။
(-ပြသနာဖြစ်လေ့ရှိတာက အိမ်ထောင်မရှိသူကို ဘာကြောင့်ကိုယ်ဝန်တားဆေးတွေသောက်နေရတာလဲဆိုတာပါ။ တကယ်တော့ ရာသီသွေးဆင်းနည်းဖို့အတွက်ပေးတာပါ။
-နောက်ထပ်ရှုပ်ထွေးစရာရှိတာက တားဆေးကဒ်နဲ့ ဟော်မုန်းပါတဲ့ သားအိမ်ထဲထည့် ကိုယ်ဝန်တားပစ္စည်းက ရာသီသွေးဆင်းတာနည်းစေပြီး သုံးလခံထိုးဆေးနဲ့ ဟော်မုန်းမပါတဲ့ သားအိမ်ထဲထည့် ကိုယ်ဝန်တားပစ္စည်းထည့်တာက ရာသီသွေးဆင်းများစေနိုင်ပါတယ်)
-NSAIDs လို့ခေါ်တဲ့ အချို့ အကိုက်အခဲပျောက်ဆေးတွေကလဲ သွေးဆင်းတာနည်းစေပါတယ် ( အစာအိမ်ရောင်နိုင်လို့ ဆရာဝန်ညွန်ကြားချက်နဲ့သာသောက်ပါ)
-သွေးခဲရာမှာကူညီပေးတဲ့ အချို့ဆေးတွေကိုလဲ လူနာတစ်ယောက်ချင်းရဲ့ ရောဂါပြင်းထန်မှုပေါ်မူတည်ပြီးပေးနိုင်ပါတယ်။
-ရာသီသွေး အရမ်းအများကြီးဆင်းတာမဟုတ်ဘူး၊ လူနာအတွက်လဲ အန္တရာယ်မရှိနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကုသစရာမလိုဘဲ ကာလအတိုင်းအတာတခုထိ စောင့်ကြည့်လို့ရပါတယ်။ ( အထူးသတိထားရမှာက သွေးဆင်းတာများရင် သွေးအားနည်းတတ်ပြီး ထိုမှတဆင့် သွေးအားနည်းနှလုံးရောဂါဖြစ်နိုင်တဲ့အတွက် သွေးအားနည်းပြဿနာရှိမရှိ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးရပါမယ်။ )
– သံဓါတ်ပါတဲ့ အားဆေးပုံမှန်သောက်ပါ
– ရာသီလာချိန် တတ်နိုင်သမျှ အနားယူပါ
– အာဟာရပြည့်ဝအောင်စားပါ
– ဆေးရုံ၊ ဆေးခန်းပြလျှင် ကိုယ့်မှာ ရာသီသွေးဆင်းတာများတဲ့ ပြဿနာရှိကြောင်း ဆရာဝန်ကိုပြောပြပါ
(ဆရာဝန်က သိမှသာ Aspirin ကဲ့သို့သော သွေးကျဲစေတဲ့ဆေးမျိုးပေးတာရှောင်နိုင်မှာပါ)
Reference:
John Murtagh’s Patient Education, six edition: Menorrhagia
❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
️???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ
လှူဒါန်းရန်-https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.