“ ငှက်ဖျားရောဂါ (Malaria)”

အခုဆိုရင် မိုးဦးကျကာလရောက်ပြီဆိုတော့ ခြင်ပေါက်ပွားမှုကလည်း ပိုမိုများပြားလာတာကြောင့် ခြင်ကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုလည်း အထူးသတိထားဖို့ လိုအပ်တဲ့ကာလ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ခြင်ကနေ ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်တဲ့ ငှက်ဖျားရောဂါအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါဟာ အများထင်နေကြသလို ငှက်ပျောသီးစားလို့၊ စိမ့်စမ်းရေသောက်လို့ ဖြစ်ရတာ မဟုတ်ပါဘူး။

plasmodium အမည်ရှိတဲ့ ကပ်ပါးကောင်ကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အဲဒီရောဂါပိုးကို သယ်ဆောင်ထားတဲ့ အနောဖလီးစ် (Anopheles) ခြင်မ ကိုက်ခံရကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ plasmodium vivax နဲ့ plasmodium falciparum တို့ကို အတွေ့များပါတယ်။

..

ဒါဆိုရင် ခြင်ကိုက်ရာကနေ ဘယ်လို ရောဂါကူးနိုင်သလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

ခြင်(မ)တွေဟာ သူတို့သယ်ဆောင်ထားတဲ့ ခြင်ဥတွေ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့အာဟာရအတွက် လူတွေကိုကိုက်ပြီး သွေးကနေတစ်ဆင့် ရယူတာဖြစ်ပါတယ်။ အဲ့ဒီလိုကိုက်ပြီး သွေးကိုစုပ်ယူတဲ့အခါမှာ သွေးခဲမသွားအောင် သူတို့ရဲ့တံတွေးကို အရင်ထွေးထည့်ပါတယ်။ ဒါကြောင့် ရောဂါပိုးသယ်‌ဆောင်ထားတဲ့ခြင်အကိုက်ခံရပြီဆိုရင် ရောဂါပိုးက ခြင်တံတွေးကနေတစ်ဆင့် အကိုက်ခံရသူရဲ့ သွေးထဲကိုရောက်သွားပြီး ကူးစက်တာဖြစ်ပါတယ်။

ငှက်ဖျားရောဂါဟာ အများအားဖြင့်တော့ အပူပိုင်းဒေသတွေ၊ နိုင်ငံတွေမှာ အဖြစ်များပါတယ်။ တစ်နှစ်ကို လူဦးရေ သန်း (၂၉၀) လောက်နီးပါးဟာ ငှက်ဖျားရောဂါ ကူးစက်ခံရပါပြီး (၄) သိန်းလောက် သေဆုံးနေကြတာမို့ ငှက်ဖျားရောဂါဟာ လုံးဝမပေါ့ဆသင့်တဲ့ ရောဂါဖြစ်ပါတယ်။

..

ငှက်ဖျားရဲ့ ရောဂါလက္ခဏာတွေကတော့

– ချမ်းတုန်ပြီး အဖျားကြီးမယ်

– ခေါင်းကိုက်မယ်

– ပျို့အန်မယ်

– ဝမ်းလျှောမယ်

– ဗိုက်နာမယ်၊ ကိုယ်လက် ကိုက်ခဲမယ်

– မောပန်းမယ်

– အသက်ရှူမြန်နေမယ်၊ နှလုံးခုန်မြန်မယ်

– ချောင်းဆိုးမယ်

..

ဒီထက်ပိုဆိုးလာမယ်ဆိုရင်တော့…

• သွေးအားနည်းတာ၊ မျက်လုံးတွေဝါတာ၊ ဆီးတွေဝါတာ

• သွေးယိုစိမ့်တာ၊ သွေးအန်တာ

• စိတ်ဂဏာမငြိမ်တာ၊ စိတ်ကယောင်ကတမ်းဖြစ်တာတို့အထိ ဖြစ်တတ်ပါတယ်။

ဒီလိုလက္ခဏာတွေဟာ ငှက်ဖျားပိုးကို သယ်ဆောင်ထားတဲ့ ခြင်အကိုက်ခံရပြီး ရက်သတ္တပတ်အတွင်း ပေါ်တတ်ပါတယ်။ တချို့ ငှက်ဖျားပိုးတွေကတော့ တစ်နှစ်လောက်ထိ ခန္ဓာကိုယ်မှာ အောင်းနေတတ်ပါတယ်။ (အထူးသဖြင့် plasmodium vivax အမျိုးအစားပါ။တစ်ခါဖြစ်ပြီးသွားရင် သူက အသည်းထဲ ပုန်းနေတတ်ပါတယ်။ နောက် ၄/၅ လလောက်နေမှ မြို့ပေါ်ရောက်ပြီး ငှက်ဖျားခြင်ထပ်အကိုက်မခံရဘဲနဲ့ကို ငှက်ဖျားလက္ခဏာတွေ ထပ်ဖြစ်လာတာမျိုးပါ။ အမြစ်ပြတ်အောင် ဆေးကိုသေချာသောက်ရင်တော့ အရှင်းပျောက်နိုင်ပါတယ်)

အပူပိုင်းဒေသတွေ ဖြစ်တဲ့ အာဖရိက၊ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းနိုင်ငံတို့လို ဒေသတွေကို ခရီးသွားတဲ့သူတွေ၊ အဲ့ဒီဒေသတွေမှာ နေထိုင်တဲ့သူတွေမှာ ငှက်ဖျားရောဂါ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒေသတစ်ခုချင်းအလိုက် ငှက်ဖျားရောဂါကို ဘယ်လောက်ထိန်းချုပ်နိုင်လဲ၊ မိသားစုချင်းအလိုက်၊ တစ်ဦးချင်းအလိုက် ခြင်မကိုက်အောင် ဘယ်လိုကာကွယ်နေထိုင်ကြလဲဆိုတာပေါ် မူတည်ပြီးတော့ တစ်ဒေသနဲ့တစ်ဒေသ ငှက်ဖျားကူးစက်နှုန်းက ကွာခြားကြပါတယ်။

– ငှက်ဖျားဒေသမှာရှိတဲ့ ကလေးတွေ၊ မွေးကင်းစလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ

– ငှက်ဖျားဒေသမှာ အလုပ်လုပ်ကိုင်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ရွှေ့ပြောင်းနေထိုင်ရသူတွေ

– ငှက်ဖျားဒေသကို မကြာခဏ ခရီးသွားနေရတဲ့သူတွေ

– တောတောင် လုပ်ငန်းလုပ်ကိုင်တဲ့သူတွေမှာ ငှက်ဖျားရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

..

ငှက်ဖျားရောဂါကို မကုသဘဲ ပေါ့ပေါ့ဆဆ နေမယ်ဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့

– ငှက်ဖျားပိုးက ဦးနှောက်ထဲရောက်တာ

– အဆုတ်မှာ ရေဝင်တာ

– ကျောက်ကပ်၊ အသည်းနဲ့ သရက်ရွက်တို့ ပျက်စီးတာ

– သွေးအားနည်းတာ

– သွေးတွင်းသကြားဓာတ်ကျတာ အစရှိတာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုနောက်ဆက်တွဲတွေကနေတဆင့် နောက်ဆုံးမှာ ကိုမာဖြစ်တဲ့အပြင် အသက်ဆုံးရှုံးတာတွေအထိ ဖြစ်ပွားနိုင်ပါတယ်။

..

ငှက်ဖျားရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နိုင်သလဲ ?

အဓိကကတော့ ခြင်ကိုက်မခံရအောင် နေထိုင်ဖို့ပဲ ဖြစ်ပါတယ်။

ခြင်ကိုက်တဲ့ ညနေပိုင်း၊ ညပိုင်းလို အချိန်မျိုးတွေမှာ အကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ပါ။

ခြင်မကိုက်တဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေရှိရင် မိမိရဲ့ ခန္ဓာကိုယ်နဲ့ အကျီအဝတ်အစားတွေမှာ ညွှန်ကြားထားတဲ့ ပမာဏအတိုင်း လိမ်းပေး၊ ဖျန်းပေးလို့ရပါတယ်။

ဆေးစိမ်ခြင်ထောင်နဲ့ အိပ်ပါ။

မိမိရဲ့ အိမ်တွင်းအိမ်ပြင် ရေဝပ်နိုင်တဲ့ အရာဝတ္ထုပစ္စည်းတွေကို ရှင်းလင်းပါ။ အဘိတ်ခပ်ပါ။ သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။

အိမ်ပတ်ပတ်လည်မှာရှိတဲ့ မြောင်းတွေကို ရေစီးရေလာကောင်းအောင် ‌ဆောင်ရွက်ထားပါ။

ငှက်ဖျားရောဂါ အဖြစ်များတဲ့ ဒေသတွေကို ခရီးသွားရတဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ငှက်ဖျားရောဂါ ကာကွယ်နိုင်ဖို့ ဆေးဝါးတွေ ကြိုတင်သောက်သုံးဖို့ လိုအပ်ပါတယ်။

..

မိမိဟာ ငှက်ဖျားရောဂါ ပေါများတဲ့ဒေသမှာ နေထိုင်တဲ့သူ (ဒါမှမဟုတ်) ငှက်ဖျားရောဂါ ခဏခဏဖြစ်တဲ့ဒေသကို ခရီးသွားထားတယ်၊ ဒါ့အပြင် အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ငှက်ဖျားရောဂါ ရှိ/မရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။

ငှက်ဖျားရောဂါကို

– RDT ( ငှက်ဖျားပိုး အမြန်စစ် ကိရိယာ)

– Microscopy

– PCR အစရှိတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။

ငှက်ဖျားရောဂါပိုး ရှိနေခဲ့တယ်ဆိုရင်တော့ ငှက်ဖျားရောဂါအတွက် လိုအပ်တဲ့သောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မပျက်မကွက် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

Reference – https://www.mayoclinic.org/…/symptoms-causes/syc-20351184

https://www.mayoclinic.org/…/diagnosis…/drc-20351190

❤️ MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

( နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here