LGBTQ+ နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ

0
150

—- “ ရုန်းမထွက်ခင်အချိန်တွေက ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့အထိပါ တွေးခဲ့ဖူးပါတယ်” —-

(ဆောင်းပါးတစ်ပုဒ်ပါ LGBTQ+ တစ်ဦး၏ ပြောစကား)

ဒီလိုမျိုးပြောစကားပါဝင်တဲ့ ဆောင်းပါးလေးကို အဆုံးထိဖတ်အပြီးမှာတော့ ကျွန်တော့်ရဲ့စိတ်တွေ အတွေးနယ်ချဲ့မိပါတော့တယ်…

ကျွန်တော်တို့တွေဟာ ဘယ်အသက်အရွယ်ကစလို့ ကိုယ့်ကိုကိုယ် ကျား/မ အဖြစ် သတ်မှတ်ခဲ့ကြပါသလဲ ?

မွေးကတည်းက မိဘဆွေမျိုးတွေရဲ့…

“ သူကတော့ဖြင့် ယောင်္ကျားလေး၊ သူကတော့ မိန်းကလေး” စသဖြင့် သတ်မှတ်ခံရပြီး (ပြုစုပျိုးထောင်ခံရပြီး) ကြီးပြင်းလာခဲ့ရတယ် မဟုတ်ပါလား။

ယောင်္ကျားလေး အဝတ်တွေ ဆင်ပေးတယ်..

မိန်းကလေး အဝတ်တွေ ဆင်ပေးတယ်..

ယောင်္ကျားလေးလို နေခိုင်းတယ်

မိန်းကလေးလို နေခိုင်းတယ်

ဒီလို သတ်မှတ်ချက်တွေအကြား…

တကယ်အရေးကြီးတဲ့ ကိုယ့်ကိုကိုယ် ကျားဖြစ်တယ်၊ မဖြစ်တယ်ဆိုတဲ့ စိတ်ကလေးကရော ဘယ်အချိန်က စပြီးဖြစ်လာခဲ့ပါသလဲ…?

မူကြိုအရွယ်ကလား…

အလယ်တန်းလား…

လူပျိုပေါက်အရွယ်လား….

ကျွန်တော် မမှတ်မိတော့ပါဘူး။

ထပ်ပြီး တွေးစရာတစ်ခုရှိလာတာက…

ခန္ဓာကိုယ်မှာ ယောင်္ကျားအင်္ဂါအစိတ်အပိုင်းတွေ ပါရှိနေရုံနဲ့ လူတစ်ယောက်ဟာ အလိုလို ယောင်္ကျားစိတ်ဖြစ်သွားရောလား…

မိန်းမအင်္ဂါအစိတ်အပိုင်းတွေ ပါရှိနေရုံနဲ့ မိန်းမစိတ်ဖြစ်သွားရောလား ?

(သဘာဝအရရော) သူ့အလိုလို လိင်စိတ်ခံယူမှု မတူတာတွေ (Sexual Orientation) ၊ ဂျဲန်ဒါဝိသေသ ခံယူချက် ကွဲပြားတာတွေ (Gender Identification) ဖြစ်မနေနိုင်ဘူးလား…

ဒါမျိုးဖြစ်နေရင်ရော လှောင်ရယ်စရာလား..

စိတ်နဲ့ ခန္ဓာ ဘယ်လိုပတ်သတ်နေပါသလဲ…?

စိတ်ဆိုတာကို ခဏမေ့ထားပြီး…

ခန္ဓာကိုယ်နဲ့ ပတ်သတ်တာတွေကရော ?

လူတချို့ဟာ ပြင်ပခန္ဓာကိုယ် ပုံပန်းသွင်ပြင်အပေါ် မူတည်ပြီး လှောင်ပြောင်ရယ်မော ရှုံ့ချတတ်တဲ့အကျင့် ရှိကြပါတယ်။

ပိန်ခြင်းဝခြင်း၊ ပုခြင်းရှည်ခြင်း၊ မျက်စိစွေ၊ အသားမည်းတာမျိုးတွေအထိ တစ်ဖက်သားကို (ကိုယ်ချင်းစာစိတ်မရှိ) ပြစ်တင်နှိမ့်ချမိကြပါတယ်….မလုပ်သင့်တာတွေ လုပ်တတ်ကြပါတယ်။

မွေးရာပါဖြစ်နေတဲ့…(သဘာဝအလျောက်ဖြစ်နေတဲ့) အချက်တွေကို ကျွန်တော်တို့ ဘာကြောင့် လှောင်ပြောင်ရယ်မောမိနေပါလိမ့် ?

ဒါတွေဟာ ပြုပြင်ရမယ့် အချက်တွေ မဟုတ်ပါလား ?

..

..

“ လား” ပေါင်းများစွာနဲ့ မေးခွန်းတွေကို စဥ်းစားအပြီးမှာ ကျွန်တော် သိလာရတာ တစ်ခုပဲရှိပါတယ်…

ဒါကတော့…

ယောင်္ကျားခန္ဓာကိုယ်ဖြစ်လျက်နဲ့ မိန်းမစိတ် ဖြစ်နေရင် (အပြန်အလှန်အားဖြင့် မိန်းမခန္ဓာကိုယ်ဖြစ်လျက်နဲ့ ယောင်္ကျားစိတ် ဖြစ်နေရင်)

တစ်နည်းအားဖြင့်…

လိင်စိတ်ခံယူမှု မတူနေရင်…

ဂျဲန်ဒါဝိသေသ ခံယူချက် ကွဲပြားနေရင်… ပတ်ဝန်းကျင်က ဝိုင်းဝန်းလှောင်ပြောင်ပြီး ခွဲခြားဆက်ဆံကြတယ် ဆိုတာပါပဲ။

ဒါတွေဟာ မိရိုးဖလာ သက်ဝင်ယုံကြည်မှုတွေ၊ ဓလေ့ထုံးတမ်း အစဥ်အလာဟောင်းတွေနဲ့ မှားယွင်းစွာလက်ခံထားတဲ့ အယူအဆတွေကြောင့် ဖြစ်ပါလိမ့်မယ်။

ယောင်္ကျားဖြစ်ရင် မြင့်မြတ်တယ်၊ ဘုန်းကံကြီးတယ်… မိန်းမဘဝက နိမ့်ကျပြီး ဘုန်းကံနိမ့်တယ်ဆိုတဲ့ ကျား/မ ခွဲခြားဆက်ဆံတဲ့ အယူအဆဟောင်းတွေကြားမှာ LGBTQ+ ဆိုတဲ့ လိင်စိတ်တိမ်းညွှတ်မှု ကွဲပြားသူတွေ၊ ဂျဲန်ဒါဝိသေသ ခံယူချက်ကွဲပြားသူတွေဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ ပိုလို့တောင်ခွဲခြားနှိမ့်ချ ဆက်ဆံခံနေရပါတယ်။

ကျွန်တော်တို့ ဒီကနေ ရုန်းထွက်ဖို့ လိုပါလိမ့်မယ်…

.

———————-။ ။———————

.

အခုဆောင်းပါးလေးမှာတော့ ခွဲခြားဆက်ဆံခံရမှုတွေကြောင့် LGBTQ+ တွေမှာ ကျန်းမာရေးအရ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အကြောင်းလေးကို ဖော်ပြပေးသွားချင်တာပဲ ဖြစ်ပါတယ်။

.

————————။ ။———————–

.

ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်မဆို အလုံးစုံ ပြည့်စုံကောင်းမွန်နေတယ်ဆိုတာတော့ မရှိပါဘူး..

ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားတဲ့ နိုင်ငံတွေမှာတောင်မှ လူတိုင်းတန်းတူ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ဖို့အတွက် စိန်ခေါ်မှုတွေက ရှိနေဆဲပါ။

ဆင်းရဲ ချမ်းသာ ကွာဟမှု၊ အသားအရောင် ခွဲခြားမှု၊ လူမျိုးရေး ကွာဟမှုတွေအကြား ကျန်းမာရေးစောင့်ရှောက်မှု ကွဲပြားခြင်းမရှိအောင် ကြိုးပမ်းအားထုတ်နေကြရာမှာ LGBTQ+ များ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာဟာလည်း အရေးပါတဲ့အချက်တစ်ခုအဖြစ် ရှိနေပါတယ်။

ဒီအထဲကမှ LGBTQ+ များနဲ့ သက်ဆိုင်တဲ့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ (၇) ချက်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) စိတ်ကျန်းမာရေး ပြဿနာတွေ

အထက်မှာဆိုပြီးဖြစ်တဲ့အတိုင်း ခွဲခြားဆက်ဆံခံရမှုတွေ၊ မိသားစုအသိုင်းအဝန်းရဲ့ ဖယ်ကြဥ်ခံရမှုတွေ စတာမျိုးတွေကြောင့် LGBTQ+ တို့ဟာ တခြားလူထုထက်စာရင် စိတ်ကျန်းမာရေးပြဿနာတွေ ပိုမိုခံစားရလျက် ရှိပါတယ်။

လေ့လာမှုတွေအရ Transgender တွေနဲ့ Queer တွေဟာ တခြားလူထုထက်စာရင် စိတ်ကျရောဂါနဲ့ Attention Deficit Disorder လိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေ ပိုမိုခံစားနေရပါတယ်။

သူတို့ဟာ စိတ်ပူပင်သောကများတာ၊ စိတ်ဓာတ်ကျတာ၊ အစာစားခြင်းနဲ့ပတ်သတ်တဲ့ ပြဿနာရှိနေတာ၊ ဆေးဝါးနဲ့ မူးယစ်ဆေး အလွဲသုံးတာတွေအပြင် မိမိကိုယ်ကို သေကြောင်းကြံစည်နိုင်နှုန်း မြင့်မားတာအထိ စိတ်ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို တခြားလူတွေထက် ပိုပြီးခံစားရလျက် ရှိနေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေအပေါ် မယုံကြည်မှုနဲ့ ကြောက်ရွံ့မှုတွေကြောင့်လည်း သူတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အလွယ်တကူ လာရောက်ပြသလေ့ မရှိပါဘူး။

..

..

(၂) ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ တခြားမီးယပ်နဲ့ဆိုင်တဲ့ ကင်ဆာအမျိုးမျိုး

အံ့သြစရာကောင်းတဲ့ အချက်ပါပဲ။ Lesbian, Bisexual နဲ့ Transgender men တွေဟာ ရင်သားကင်ဆာဖြစ်နိုင်နှုန်း မြင့်တက်နေတာကို လေ့လာတွေ့ရှိရပါသတဲ့။

သာမာန်အားဖြင့် နို့တိုက်မိခင် မဟုတ်သူတွေ၊ အသက်ကြီးမှ ကိုယ်ဝန်ဆောင်သူတွေ၊ အဝလွန်သူတွေ၊ ဆေးလိပ်နဲ့ အရက်သောက်သုံးနေရသူတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများတာပါ။

Lesbian နဲ့ Bisexual တွေမှာတော့ အထက်ပါအချက်တွေ တော်တော်များများ အကျုံးဝင်နေသလို၊ တချို့သော Queer women တွေနဲ့ Transgender men တွေမှာတော့ ဒီအချက်တွေအပြင် ဟော်မုန်းအစားထိုး အသုံးပြုခြင်းတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ပိုလို့များပြားစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

အဓိကအနေနဲ့ကတော့ ခွဲခြားဆက်ဆံခံရမှု (discrimination) ကို စိုးရွံ့တာကြောင့် ဆေးရုံဆေးခန်းကို တော်ရုံတန်ရုံနဲ့ စောလျင်စွာ လာရောက်စစ်ဆေးစမ်းသပ်မှု မခံယူဖြစ်ကြတာတွေကလည်း ကင်ဆာဖြစ်နိုင်ခြေအခွင့်အလမ်းကို ပိုလို့များစေတယ်လို့ ပညာရှင်များက ဆိုပါတယ်။

ဒါ့အပြင် အကာကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ HPV ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းဟာ Lesbian, Bisexual women နဲ့ WSW တွေမှာ ပိုများနေပါတယ်။ သားအိမ်ခေါင်းကင်ဆာအတွက် (Pap smear) ယူပြီး စစ်ဆေးကြည့်တဲ့အခါ WSW တွေရဲ့ (၁၃ – ၃၀%) ခန့်မှာ HPV ဗိုင်းရပ်စ်ပိုး တွေ့ရှိရကြောင်းလည်း လေ့လာမှုတစ်ခုက ဆိုပါတယ်။

ဟော်မုန်းဆေးတွေ အသုံးပြုတတ်တဲ့ တချို့ Lesbian တွေမှာတော့ မမျိုးဥအိမ် အရည်အိတ်တည်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Polycystic Ovarian Syndrome ဆိုတဲ့ (PCOS) ရောဂါတစ်မျိုးဟာလည်း ပိုအဖြစ်များတာကို လေ့လာသူတွေက တွေ့ရှိထားပါတယ်။ Lesbian တွေရဲ့ ၃၈% မှာ ဒီရောဂါကို တွေ့ရှိထားပြီး၊ တခြားသူတွေမှာတော့ ၁၄% သာ တွေ့ရှိရတာကြောင့် ၃ ဆနီးပါး မြင့်တက်နေတာပါ။ ဒါဟာ Lesbian တွေရဲ့ ခန္ဓာကိုယ်အတွင်း ဟော်မုန်းမညီမျှခြင်းနဲ့ ကိုယ်အလေးချိန် အတက်အကျမမှန်ခြင်းတို့နဲ့ ဆက်စပ်ပြီးဖြစ်ပွားတယ်လို့ သုံးသပ်ထားကြပါတယ်။

..

..

(၃) အဝလွန်ခြင်းနဲ့ စားသောက်မှု ပုံစံမမှန်တဲ့ပြဿနာ

စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ဖိစီးမှုတွေများတဲ့အတွက် စားသောက်မှုပုံစံမမှန်တဲ့ အလေ့အကျင့်တွေကြောင့် Lesbian နဲ့ Bisexual အမျိုးသမီးတွေဟာ အဝလွန်ခြင်း ပိုပြီးအဖြစ်များတာကို လေ့လာမှုတွေအရ တွေ့ရှိထားပါတယ်။ Gay တွေမှာတော့ ဒါမျိုး ပုံမှန်ထက် အဝလွန်တာမျိုး သိပ်တွေ့ရလေ့မရှိဘူး ဆိုပါတယ်။

..

..

(၄) နှလုံးရောဂါ

ဆေးလိပ်သောက်သုံးခြင်း၊ အဝလွန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း စတာတွေကြောင့် Lesbian, Gay နဲ့ Bisexual တွေအကြားမှာ သာမန်လူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများနေကြောင်းလည်း သုတေသနတွေက ဆိုပါတယ်။ LGBTQ+ တို့အနေနဲ့ သတိပြု ဆင်ခြင်စရာပါ။

..

..

(၅) ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု

လေ့လာစမ်းစစ်မှုအများအပြားရဲ့အဖြေအရ Transgender တွေဟာ လူမှုဘဝရှင်သန်ကျင်လည်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အခံရဆုံး ဖြစ်ပါတယ်။ ဒီအထဲမှာမှ Transgender women တွေနဲ့ Transgender youth တွေဟာ ပိုပြီး အကြမ်းဖက်ခံရလေ့ ရှိပါတယ်။

ဒါ့အပြင် Cisgender Gay တွေနဲ့ Lesbian တွေဟာ ခေတ်အဆက်ဆက် မှားယွင်းစွာ လက်ခံထားတဲ့ ရှေးရိုးစွဲ အယူအဆတွေရယ်၊ ဥပဒေကြောင်းအရ အကာအကွယ်မရရှိတာတွေရယ်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတချို့မှာ အများပြည်သူရဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ပိုလို့ခံစားနေရပါတယ်။

Bisexual တွေကတော့ တခြားသူတွေထက်စာရင် မိမိရဲ့တွဲဖက် (partner) ရဲ့ အကြမ်းဖက်မှုကို ပိုပြီး ခံစားရလေ့ရှိကြောင်း လေ့လလာမှုတချို့က ဆိုပါတယ်။

(၆) ဆေးလိပ်၊ အရက်၊ ဆေးဝါးနှင့် တခြားတားမြစ်ဆေးများ အသုံးပြုမှု ပိုများလာခြင်း

ကျန်းမာရေးအရ (သတိမထားမိခဲ့ကြပေမယ့်) အင်မတန် ဂရုပြုရမယ့် အချက်တွေ ဖြစ်ပါတယ်။

ခွဲခြားဆက်ဆံခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း စတာတွေကတစ်ဆင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်ခံစားစေရပြီး၊ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေလျော့ကျစေဖို့နဲ့ စိတ်ဝေဒနာတွေ သက်သာစေဖို့ ထွက်ပေါက်တစ်ခုအနေနဲ့ ဆေးလိပ်၊ အရက်၊ ဆေးဝါးနှင့် တခြားတားမြစ်ဆေးများ အသုံးပြုမိတတ်ကြပါတယ်။

Lesbian, Gay နဲ့ Bisexual တွေရဲ့ (၂၀.၅%) ဟာ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်နေကြတယ်လို့ ၂၀၁၆ က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဒါဟာ LGBTQ+ မဟုတ်တဲ့ တခြားလူတွေရဲ့ ဆေးလိပ်သောက်နှုန်း (၁၅.၃%) ထက် ပိုပြီးများနေတာကို တွေ့ရှိရမှာပါ။

ဒါ့ကြောင့် ဆေးလိပ်သောက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်တာ၊ အဆုတ်ကင်ဆာနဲ့ ဆေးရွက်ကြီးနဲ့ ဆက်နွယ်တဲ့ တခြားရောဂါတွေဟာ LGBTQ+ အသိုင်းအဝန်းထဲမှာ ပိုပြီး ဖြစ်ပွားနိုင်ပါတယ်။

အရက်သောက်သုံးမှုမှာလည်း Lesbian နဲ့ Gay တွေဟာ သာမာန်လူတွေထက် ၂ ဆ ပိုများပြီး၊ Bisexual တွေကတော့ ၃ ဆအထိ ပိုမိုသောက်သုံးကြကြောင်း လေ့လာမှုတွေအရ တွေ့ရှိထားပါတယ်။

Transgender တွေကတော့ Cisgender တွေထက်စာရင် ကိုကင်း၊ မက်အန်ဖင်တမင်း အစရှိတဲ့ မူးယစ်ဆေးသုံးစွဲမှု ၂ဆခွဲ ပိုမိုမြင့်တက်နေတယ်လို့ ဆိုပါတယ်။

ယေဘုယျအားဖြင့် LGBTQ+ တွေဟာ တခြားလူထုတွေထက် ဆေးဝါးနဲ့ မူးယစ်ဆေး သုံးစွဲမှု ပိုများကြောင်းလည်း တွေ့ရှိထားရပါတယ်။

ဒါကြောင့် LGBTQ+ တို့ရဲ့ မိသားစုများအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ဖယ်ကျဉ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း စတဲ့ အပြုအမူတွေကို ရှုံ့ချတားမြစ်ရမှာဖြစ်ပြီး၊ LGBTQ+ တို့အနေနဲ့လည်း မိမိတို့ရဲ့ ကျန်းမာရေးအတွက် ထိခိုက်စေမယ့် အပြုအမူမျိုးကို ဂရုတစိုက် လေ့လာပြီး သတိထားဆင်ခြင် ကာကွယ်နေထိုင်သင့်ပါတယ်။

(၇) လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ Sexually Transmitted Infection (STI)

အကာကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် Gay, Bisexual နဲ့ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (MSM) တွေဟာ တခြားသူတွေထက် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနှုန်း ပိုမိုမြင့်မားပါတယ်။ ၂၀၁၈ ခုနှစ် အချက်အလက်တွေအရ အမေရိကန်ပြည်ထောင်စုမှာ တစ်နှစ်အတွင်း HIV ရောဂါပိုးအသစ်တွေ့ရှိသူ စုစုပေါင်းရဲ့ (၆၈%) ဟာ အသက်ငယ်ရွယ်တဲ့ Gay နဲ့ Bisexual တွေ ဖြစ်နေကြတာကို တွေ့ရှိရပါသတဲ့။

(စအိုမှတစ်ဆင့် လိင်ဆက်ဆံခြင်းဟာ မိန်းမကိုယ်မှတစ်ဆင့် လိင်ဆက်ဆံခြင်းထက် HIV ပိုး ကူးစက်နိုင်ခြေ ၁၈ ဆခန့် ပိုများတယ်လို့ သုတေသနတွေက ဆိုထားပါတယ်)

ဒါ့အပြင် ကာလသားရောဂါ၊ ဆီးပူညောင်းကျ ဂနိုရောဂါနဲ့ တခြား လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း တခြားသူတွေထက် ဖြစ်ပွားနှုန်း မြင့်တက်လျက်ရှိပါတယ်။

Human Papilloma Virus (HPV) လို့ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတစ်မျိုးရဲ့ နောက်ဆက်တွဲအနေနဲ့ စအိုကင်ဆာ ဖြစ်ပွားနှုန်းလည်း ပိုများနေတာကို တွေ့ရှိရပါတယ်။ Gay, Bisexual နဲ့ MSM တွေဟာ တခြားသူတွေထက် စအိုကင်ဆာ ဖြစ်နိုင်ခြေ အဆ (၂၀) ခန့်မြင့်မားလျက်ရှိပါတယ်။

ဒါ့အပြင် ပါးစပ်မှတစ်ဆင့် လိင်ဆက်ဆံတာကြောင့်လည်း (HPV) ဗိုင်းရပ်စ် ကူးစက်ခံရပြီး ဦးခေါင်းပိုင်းနဲ့ လည်ပင်းတစ်ဝိုက်က ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ခြေ ပိုများနေပါသေးတယ်။

အချုပ်အားဖြင့်ဆိုရရင် တချို့သော ကျန်းမာရေးပြဿနာတွေဟာ LGBTQ+ တွေမှာ ပိုပြီး ဖြစ်ပွားနေကြောင်း ဂရုပြုရမှာ ဖြစ်ပါတယ်။

ဆေးပညာ တိုးတက်လာတာနဲ့အမျှ လူတန်းစား အသီးသီး၊ လူမျိုးဘာသာ အသီးသီးမှာ ပိုမိုဖြစ်ပွားလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ပိုမိုရှာဖွေဖော်ထုတ်လာနိုင်ပြီး အကောင်းဆုံး အကြံပြုမှုတွေနဲ့အတူ ကုသမှုတွေလည်း တိုးတက်လို့ လာပါတယ်။

ဥပမာအားဖြင့် ဆိုရရင် အရင်က “ ကုရာနတ္ထိ ဆေးမရှိ” လို့ ပြောခဲ့ကြတဲ့ HIV/AIDS လိုရောဂါမျိုးတောင် အခုချိန်မှာတော့ “ Undectable = Untransmittable” (U=U) ဆိုတဲ့ အခြေအနေရောက်အောင် ဆေးပညာရှင်များက ကြိုးစားအားထုတ်ခဲ့ကြတာ လက်တွေ့မျက်မြင်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် LGBTQ+ တို့နဲ့ ပတ်သတ်တဲ့ ကျန်းမာရေးပြဿနာများကို အထူးအလေးပြုပြီး ရှာဖွေလေ့လာကြမယ်ဆိုရင်ဖြင့် လူထုအတွင်း ယခုထက်ပိုမိုတဲ့ ရလဒ်ကောင်းများကို ရရှိမှာပဲ ဖြစ်ပါတယ်။

နောက်ပြီး…ယခုဆောင်းပါးပါ အချက်အလက်တွေဟာ လူ့အခွင့်အရေး ကောင်းစွာဖွံ့ဖြိုးပါတယ်ဆိုတဲ့ နိုင်ငံတွေရဲ့ လေ့လာတွေ့ရှိချက်တွေကိုသာ အခြေခံထားတာဖြစ်ပြီး၊ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ တချို့သောကိန်းဂဏန်းတွေဟာ ယခုထက် ပိုများနေနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေ အနေနဲ့လည်း LGBTQ+ များအပေါ် ခွဲခြားဆက်ဆံခြင်း မရှိဘဲ LGBTQ+ တွေမှာ ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို ကောင်းမွန်စွာ နားလည်ဖြေရှင်းပေးဖို့ အရေးကြီးလှပါတယ်။

အထူးသဖြင့်….လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဟာ LGBTQ+ တွေမှာ ပိုမိုဖြစ်ပွားနေတာကို ဘက်ပေါင်းစုံကနေ ဂရုတစိုက် ဖြေရှင်းပေးနိုင်ဖို့ဟာ အင်မတန် အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။

LGBTQ+ တွေဟာ ကျန်းမာရေးစောက်ရှောက်မှု စနစ်တကျ ခံယူနိုင်ဖို့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခံစားနေရတာကို နားလည်ပေးရမှာဖြစ်သလို၊ LGBTQ+ တို့အတွက် ပြည့်စုံတဲ့ ကျန်းမာရေးအသိပညာပေးတွေ လိုအပ်နေတာကိုလည်း ကျန်းမာရေးကဏ္ဍက တာဝန်ရှိသူအသီးသီးက ဦးစားပေး ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ဒီ့အတွက် ကျန်းမာရေးဝန်ထမ်းတွေသာမက LGBTQ+ အချင်းချင်းကပါ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအပြင်၊ တခြား LGBTQ+ အသိုင်းအဝန်းမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿလေးတွေကိုပါ အချင်းချင်း အသိပညာပေး မျှဝေဖြန့်ဖြူးပေးဖို့ကိုလည်း တိုက်တွန်းအပ်ပါတယ်။

LGBTQ+ တို့အပေါ် စာနာနားလည်ပေးတတ်ပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးကာကွယ် စောင့်ရှောက်ပေးနိုင်မယ့် Ally ဆရာဝန်/သူနာပြု/ကျန်းမာရေးဝန်ထမ်းတွေလည်း မြန်မာနိုင်ငံမှာ ပိုမိုလိုအပ်လျက်ရှိတယ်ဆိုတာလည်း ဂရုပြုရမှာ ဖြစ်ပါကြောင်း ပြောကြားရင်း….

နောက်ဆုံးပိတ်အနေနဲ့ အားပေးစကားတစ်ခွန်းကိုတော့ ပြောကြားပါရစေ….

ဒါကတော့…

“ ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကို ရဲရဲဝင့်ဝင့် တိုင်ပင်ဆွေးနွေး အဖြေရှာလိုက်ခြင်းဖြင့် သင်ဟာ ကမ္ဘာပေါ်မှာ သတ္တိအကောင်းဆုံး လူသားတစ်ဦးဖြစ်တယ်ဆိုတာ ပြသလိုက်ပါ….ဒီ့အတွက်လည်း ကျွန်တော်ဟာ သင့်ကို အမြဲလေးစားပြီး အားကျဂုဏ်ယူနေမှာပါ” ဆိုတာပါပဲ….။ ။

“ ???????????? ခွဲခြားဆက်ဆံခြင်းမှ ကင်းဝေးပြီး…

ကျန်းမာသန်စွမ်းသော ကမ္ဘာသစ်ကို အားလုံးအတူတူ လက်တွဲညီစွာ ဖြတ်သန်းကြပါစို့ ???????????? “

.

Reference : ????

https:// www . health. com /mind-body/lgbtq-health-disparities

https:// www . ncbi.nlm.nih. gov /pmc/articles/PMC5478215/

https:// www .drugwatch. com /health/lgbtq/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here