သံပုရာရည်နှင့် သွေးပေါင်ချိန် Lemon Juice and BP

0
409

ဆေးခန်းမှာ မိုးကလေးက စိုတိုတိုနဲ့ ဖျားလို့နာလို့ လာပြတဲ့ ကလေးငယ်တွေကြည့်အပြီးမှာတော့ ဒေါ်ညိုမြ အလှည့်ရောက်လာပါပြီ…

ဆရာ။ ကဲ ဒီမှာထိုင်ပါဦး … ဘယ်လိုဖြစ်တုန်း အဒေါ်ရ……ဟုပြောပြောဆိုဆိုဖြင့် သွေးပေါင်ချိန်ရန် လက်ပတ်ကို လူနာ၏လက်မောင်းမှာ ပတ်ရွယ်လိုက်သည်။

ဒေါ်ညိုမြ။ ဆရာရေ အဒေါ်က သွေးတိုးရှိတော့လေ ဒီနေ့ အရမ်းသွေးပေါင်တက်နေလားမသိဘူး၊ ခေါင်းတွေ တအားအုံနေတာပဲ အိပ်ရာနိုးကတည်းက … သံပုရာ ရည်လည်း ၂ ခွက်ရှိပြီ သောက်ထားတာ မသက်သာသေးဘူး… ငုံ့လိုက်တာနဲ့ ခေါင်းက လေးလေးကျိန်းကျိန်းကြီးဖြစ်လာတာ …ရင်ထဲတောင်နေမထိဘူး ဆရာရေ။

ဆရာ။ ဖြစ်ရမယ် အဒေါ်ရေ သွေးပေါင်က တော်တော်ကို တက်နေတာ … အပေါ်သွေး ၁၈၀ အောက်သွေး ၁၁၀ တောင်၊ ဒါနဲ့ ခေါင်းအုံတာအပြင် အခု ပါးတစ်ခြမ်းရွဲ့တာ၊ လက်တစ်ခြမ်းခြေတစ်ခြမ်းရုတ်တရက်လှုပ်မရတာ၊ ရင်ဘတ်အောင့်တာ၊ ထိုးထိုးအန်တာ၊ မျက်လုံး၀ါးတာမျိုး … ဘယ်အရာ ဖြစ်နေတာရော​ရှိလဲ။

လူနာ။ အဲဒါမျိုးတော့ မရှိပါဘူးဆရာ။

ဆရာ။ (သက်ပြင်းတချက်ချရင်း….) ဟူး တော်သေးတာပေါ့… သွေးတိုးအရမ်းများနေပေမယ့် အရေးပေါ် အခြေအနေမျိုး မဟုတ်ပေလို့ပဲ။ နို့မို့ဆို သောက်ဆေးနဲ့ အိမ်မှာတင် မရလောက်ဘူး … ဆေးရုံတက်ဖို့ လိုမှာ … အခန့်မသင့်ရင် လေဖြတ်သွားနိုင်တယ်ဗျ။

လူနာ။ ဟုတ်လား …. သွေးပေါင်ကတော့ ခါတိုင်းလည်း ဒီလိုပဲ ၁၈၀ ဖြစ်လိုက်၊ ၁၇၀ ဖြစ်လိုက်ပဲ… ဒါနဲ့ အဒေါ်လည်း သတိထားမိသွားလို့ သံပုရာသီးစစ်စစ် အရည်အရွှမ်းရွှမ်းကိုလေ ပျားရည်လေးရယ် ရေနွေးလေးရယ်နဲ့ဖျော်ပြီး သောက်ထားလို့ပေါ့၊ နို့မို့ရင် ခေါင်းတောင် ထူနိုင်မှာမဟုတ်ဘူး….။

ဆရာ။ ဟင်…မဟုတ်ဘူး အဒေါ်ရဲ့… သွေးတိုးဆိုတာ သွေးကြောတွေက ရေပိုက်လိုင်း ကျဥ်းသလို ဖြစ်နေတာ သွေးဖိအားများနေတာပေါ့။ စိတ်ပင်ပန်းဖိစိီးတဲ့အခါဖြစ်ဖြစ်၊ အသက်ကြီးလာလို့ပဲဖြစ်ဖြစ်၊ နောက်ပြီး ဆားအစားများလို့ပဲ ခန္ဓာကိုယ်ထဲ ရေတွေများလာတာကြောင့်ပဲဖြစ်ဖြစ် သွေးပေါင်တက်တာ ဖြစ်လာတယ်။

အဒေါ်ကြည့်ရတာ ၁၈၀ အထိတက်နေတဲ့အပြင် သွေးတိုးက အရင်ထဲက ရှိပုံရပါတယ်။ သွေးတိုးတာက အပြင်ပန်းမှာ ထွေထွေထူးထူးမသိသာဘူး … တိုင်းကြည့်မှ သိသာတာမျိုး။ ဒီတော့ ဆေးကပုံမှန်သောက်ဖို့လိုမယ်။ ဒါမှ နောက်ဆက်တွဲ ကျောက်ကပ်ထိတာတွေ ဘာတွေမဖြစ်မှာ။

တစ်သက်လုံးစွဲသောက်ရမယ့် သဘောပေါ့။ သောက်လိုက်မသောက်လိုက် မလုပ်ရဘူး … သွေးပေါင်တက်လိုက် ကျလိုက်က ပိုဆိုးတယ်။ သွေးပေါင်ချိန်ပြီးတက်မှ သောက်ရအောင် ဒီဆေးက အဖျားတိုင်းပြီး သောက်ရတဲ့ပါရာစီတမောမဟုတ်ဘူး … သွေးဖိအားကို ပုံမှန်ဖြစ်နေအောင် ညှိပေးတာပါ။၊ဒီဆေးက မပြင်းဘူး၊ သွေးချိန်ပေးတဲ့သဘောပဲ။ အားဆေးသဘောမျိုးပဲ အမြဲသောက်ရမယ်နော် အဒေါ်။

လူနာ။ ဒီဆေးက သံပုရာရည်နဲ့ တွဲသောက်ရမှာလား..

ဆရာ။ ဟာ… မဟုတ်ဘူး။ ဒီဆေးက သံပုရာရည်နဲ့ မတည့်ဘူး။ Amlodipine, Nifedipine စတဲ့ ဆေးအုပ်စုတွေရယ်၊ တချို့ နှလုံးဆေးတွေရယ်က သံပုရည်နဲ့ တွဲမသောက်ရဘူး။ နောက်ပြီး သံပုရာရည် သွေးပေါင်ကျတဲ့ကိစ္စ အဲဒီကိစ္စလည်း လူနာတွေ အယူတော်တော်မှားနေကြတယ်။ သံပုရာရည်သောက်လို့ ထူးခြားပြီး သွေးပေါင်ကျတာ မရှိဘူးဗျ…

ဒါပေမယ့် သံပုရာရည်က သောက်လိုက်ရင် လန်းဆန်းပြီး စိတ်ကိုကြည်လင်သွားစေတော့ အနည်းငယ် စိတ်ငြိမ်သွားစေတယ်ပေါ့။ စိတ်ငြိိမ်သွားတော့ နှလုံးခုန်နှုန်း နည်းနည်းပြန်ငြိမ်ပြီး သွေးပေါင်အနည်းငယ်ကျပြီး နေလို့ကောင်းသွားတာ။ မယုံရင် သွေးအရမ်းတိုးနေရင် ငြိမ်ငြိမ်လေးထိုင် ရေအေးလေးအရင်သောက်… တခြားဘာမှမစဥ်းစားဘဲ ၀င်လေထွက်လေကိုပဲ အာရုံထားကြည့်။ ၃ မိနစ်လောက်နေရင် စိတ်ငြိမ်ပြီး သွေးပေါင်ငြိမ်သွားစေတယ်။ သံပုရာသီးကတော့ vitamin C တို့လို ဒြပ်ပေါင်းတွေပါတယ် … အနံလေးမွှေးပြီး စိတ်ကြည်စေတာတော့ အမှန်ပါဘဲ။

သံပုရာရည်ကို ကြိုက်လို့သောက်တာတော့ သောက်ပေါ့။ ဒါပေမယ့် သွေးပေါင်ကျဆေး မသောက်ဘဲ သံပုရာရည်ကြီးသောက်နေလို့ကတော့ လေဖြတ်တာတို့လို သွေးတိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို မထိန်းနိုင်တာတွေသာ ဖြစ်သွားမယ် … အကျိုးမထူးဘူး ဗျ။ အဒေါ့်ဆေးထဲမှာ ခုနကဆေးမပါရင် သံပုရာသီးရှောင်ဖို့တော့ ထွေထွေထူးထူးမလိုပါဘူး… အသုတ်လေးမှာ သံပုရာရည် ညှစ်စားဆိုလည်း ရနိုင်တာပဲ … vitamin C ရတာပေါ့။

သွေးပေါင်ကျဖို့တော့ အဒေါ် တစ်နေ့ကို နာရီ၀က် လမ်းလျှောက်ရမယ်၊ ထမင်းစားရင် ထမင်းထက် အသီးအရွက်ပိုများများစားရမယ်၊ အသီးအနှံတွေပိုစားပေး… တစ်ပတ် ၃ ရက်က ငါးနဲ့ပင်လယ်စာ၊ အသားကို ကျန်တဲ့ရက်တွေစား… အဲဒီလိုစားပေး။

လျှော့ရမှာကတော့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ စည်သွတ်ဘူးနဲ့ အချဥ်စိမ်တာတွေ လျှော့စားပေး… အဲဒီလိုလုပ်ပေးပါဗျ။

နောက်တစ်ပတ်နေရင် ပြန်လာပြဦးနော်…

ညနေဘက် လမ်းလျှောက်ဖြစ်တယ်ဆိုလည်း ဆေးခန်းဘက် ၀င်လှည့်ပါဦး။ သွေးပေါင်လေးချိန်ချိန်ပေးပါ့မယ်…..အဲဒီအတွက် အဖိုးအခမယူပါဘူးဗျ။

လူနာ။ ဟုတ်ကဲ့ပါ ဆရာလေးရယ် … ကျေးဇူးကြီးလှပါတယ်။

သွေးတိုးရောဂါဟာ မြန်မာပြည်မှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး အသံတိတ် လူသတ်သမားလို့ နာမည်ကြီီးပါတယ်။ သွေးတိုးရှိတာသေချာပြီဆိုရင်တော့ ဆေးကိုပုံမှန်သောက်ပြီး၊ အစားအစာ၊ လေ့ကျင့်ခန်း၊ လူနေမှုပုံစံတွေကို သင့်တော်သလို ပြောင်းလဲပြီး နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

သံပုရာရည်သောက်လို့ ဗီီတာမင်စီရပါတယ်။ သွေးတိုးမကျစေပါ။ ဆရာ၀န်ကညွှန်တဲ့ ဆေးတွေကို သောက်လိုက် မသောက်လိုက် မလုပ်ပါနဲ့။ ဆေးမြီးတိုတွေနဲ့ မကုပါနဲ့။ ဆေးမသောက်ဘဲ သွေးပေါင်ကျချင်ရင် လူနေမှုပုံစံကို ပြုပြင်နိုင်ပါတယ်။ ဒီအခါ ရှိရင်းစွဲထက် ၁၀-၂၀ ဖိအားကျလာနိုင်ပါတယ်။

အာဟာရဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference: ????

Sari, Aysel & Selim, Nevzat & Dilek, Melda. (2012). Effect of lemon juice on blood pressure. Journal of Experimental and Clinical Medicine. 29. 38-41. 10.5835/jecm.omu.29.01.010.

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here