မနာအောင် ခွဲကြမယ်

ဆေးပညာရပ်ဟာ နည်းပညာတိုးတက်ဖွံ့ဖြိုးလာတာနဲ့အညီ နည်းပညာရဲ့အကူအညီနဲ့ ခွဲစိတ်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေ၊ ပစ္စည်းကိရိယာတွေဟာလည်း တိုးတက်ပြောင်းလဲလာပြီး ခုဆို လူကို နာကျင်မှုသက်သာပြီး ဆေးရုံအကြာကြီးတက်စရာမလို ပုံမှန်ဘ၀ကို မြန်မြန်ပြန်ရောက်စေနိုင်တဲ့ ခွဲစိတ်မှုနည်းပညာသစ်တွေဆီကို ခြေဦးလှည့်သွားနေပါပြီ။ အရင်လို ခွဲစိတ်ဒဏ်ရာ အကြီးကြီး( open surgery)ကနေ အပေါက်ကလေးတွေဖောက်ပြီးခွဲသော key hole surgeryဘက်ကို အရှိန်အဟုန်နဲ့ ကူးပြောင်းနေပြီဖြစ်ပါတယ်။

key hole surgery တွေမှာ စက်ရုပ်လက်တံ (robotic arm)တွေကိုပါအသုံးပြုပြီး ပိုမိုတိကျသေချာတဲ့ ခွဲစိတ်မှုတွေကိုပါလုပ်ဆောင်လာနေပြီဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာဆို အဆိုပါ key hole surgeryနဲ့ပဲ အသည်းအစားထိုးခြင်း၊ ကျောက်ကပ်အစားထိုးခြင်းများပါ လုပ်ဆောင်လာနေပြီဖြစ်ပါတယ်။

????ဘာလို့ key hole surgery ကို လုပ်လာကြတာလဲ? ဘာပိုကောင်းလဲ?

ဒီ key hole surgery ( minimally invasive surgery)ဟာ ၁၉၈၀နောက်ပိုင်းကတည်းက လိုအပ်ချက်အရပေါ်ပေါက်လာတာပါ။ လွန်ခဲ့တဲ့ နှစ်၂၀အတွင်း ခွဲစိတ်ဆရာ၀န်အများစုက ပုံမှန်ခွဲစိတ်မှု ( traditional open surgery ) ကို ပိုကြိုက်ကြပါတယ်။

အဲလိုခွဲစိတ်မှုတွေက ခွဲကြောင်းပိုကြီးတယ်၊ ပိုနာတယ်၊ ဆေးရုံပိုကြာကြာတက်ရတယ် စသဖြင့် ရှိပါတယ်။

အခု key hole surgery ကတော့ အပေါ်မှာပြောခဲ့သလိုပါပဲ အပေါက်သေးသေးလေးတွေဖောက်ပြီး ဗိုက်ကို လေဖောင်း( CO2 gas)၊ ကင်မရာ(camera )၊ ခွဲစိတ်တဲ့ ပစ္စည်းကိရိယာ အတံအရှည်လေးတွေထည့်ပြီးခွဲစိတ်တာဖြစ်ပါတယ်။ လက်နဲ့ ကိုင်တွယ်တာလို ကိုင်တွယ်မှု သိပ်မများလို့ ခန္ဓာကိုယ်က တန်ပြန်တုန့်ပြန်မှု (metabolic response to trauma) နည်းပါတယ်။ အများအားဖြင့် key hole surgeryကို ခွဲစိတ်ပြီး နလန်ထမြန်စေတဲ့ နည်းလမ်းတွေနဲ့ (enhanced recovery after surgery)ပူးပေါင်းဆောင်ရွက်လေ့ရှိလို့ လူနာအကြာကြီးဆေးရုံတက်စရာမလိုပါဘူး။ အပေါက်ကလေးတွေဖောက်တာမို့လို့ ဒဏ်ရာသေးလို့ ခွဲကြောင်းက နာတဲ့ဒဏ် သက်သာပါတယ်။ အလှလည်းမပျက်ပါဘူး။ အလုပ်ခွင် ပုံမှန်ပြန်၀င်ဖို့လည်း မြန်စေပါတယ်။

ခွဲစိတ်မှု အန္တရာယ်ကလည်း အချို့ နိုင်ငံတွေမှာဆို ပုံမှန်ခွဲစိတ်မှု(open surgery)ထက်တောင် နည်းတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုတိုင်းကတော့ မေ့ဆေးကြောင့် ရနိုင်တဲ့ အန္တရာယ်၊ ခွဲစိတ်မှုကြောင့်ဖြစ်တတ်တဲ့ သွေးထွက်တာ၊ ပိုး၀င်တာတွေကတော့ ဖြစ်နိုင်ပါတယ်။

????ဘယ်လိုရောဂါတွေမှာ ခွဲစိတ်နိုင်နေပြီလဲ?

ရောဂါအတော်များများမှာ key hole surgery က လုပ်နိုင်နေပါပြီ။ အထွေထွေခွဲစိတ်ဆရာ၀န်တွေအပြင် ဦးနှောက်အာရုံကြော၊ နား၊နှာခေါင်း၊လည်ချောင်း၊ သွေးကြောခွဲစိတ်၊ ရင်ခေါင်းခွဲစိတ်၊ ဆီးနဲ့ကျောက်ကပ်ခွဲစိတ်၊ အသည်းနှင့် သည်းခြေလမ်းကြောင်း ခွဲစိတ်၊ အရိုးပိုင်းဆိုင်ရာ ခွဲစိတ်မှု၊ အစာအိမ်နဲ့အူလမ်းကြောင်းခွဲစိတ်နဲ့ သားဖွားမီးယပ်ခွဲစိတ်မှုတွေမှာပါ key hole surgery ကို လုပ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အတော်များများသော ခွဲစိတ်မှုတွေကို အပေါက်ကလေး‌တွေဖောက်ပြီး ခွဲစိတ်မှုတွေ (key hole surgery) ပြုလုပ်လာနိုင်ပါပြီ။

????ဘယ်လိုလူတွေက ဒီလိုခွဲစိတ်မှုမျိုး လုပ်နိုင်လဲ? လူတိုင်းလုပ်လို့ရလား?

ယေဘုယျအားဖြင့် လူနာ သွေးလန့် ရှော့ရနေရင်၊ အူပိတ်ပြီး အူတွေတအားဖောင်းနေရင်၊ ဦးခေါင်းတွင်း ဦးနှောက်သွေးဖိအားများနေရင်၊ အပေါက်ဖောက်မယ့့်နေရာတွေမှာ ပိုးရှိနေရင်၊ ကိုယ်၀န်ရှိနေရင်၊ ဗိုက်ကို CO2 လေဖောင်းမယ့် အနေအထားကို မခံနိုင်လောက်သော နှလုံးနှင့် အဆုတ် အားနည်းသူများ (cardiac and pulmonary failure) တွင် မလုပ်သင့်ပါဘူး။

အသေးစိတ်ကိုတော့ ခွဲစိတ်ပေးမည့်ခွဲစိတ်ဆရာ၀န်နှင့် မေ့ဆေးဆရာ၀န်တို့မှ တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တစ်ခါတရံရောဂါအနေအထားပေါ်မှာလည်း မူတည်ပါတယ်။

????ဒါဆိုသင်ရော ခွဲစိတ်မှုနဲ့ကြုံလာရရင် မနာအောင် အပေါက်ကလေးတွေနဲ့ မခွဲချင်ဘူးလား?

မြန်မာနိုင်ငံမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့်တော့ မလုပ်နိုင်သေးပေမယ့် မြိုကြီးတွေမှာတော့ လုပ်နိုင်နေပါပြီ။ သင်စိတ်၀င်စားရင် ဆရာ၀န်တွေနဲ့တိုင်ပင်ကြည့်ပါ။ ခုခေတ်စားနေတာကတော့ အပေါက်ကလေးတွေဖောက်ပြီး သည်းခြေအိတ်နဲ့ကျောက်နဲ့ထုတ်တာကတော့ လူအများကြား ပေါ်ပြူလာဖြစ်ပါတယ်။ ခေတ်ကလည်း ပြောင်းလာနေပါပြီ။ ကိုယ်လက်လှမ်းမှီရင်တော့ မနာအောင် ခွဲစိတ်တဲ့နည်းကို ရွေးချယ်နိုင်ကြစေဖို့ တင်ပြလိုက်ရပါတယ်ရှင်။

Reference
https://www.mayoclinic.org/…/minimal…/about/pac-20384771

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.