ကလေးအတွက် သားပိုက်ကောင် ပြုစုစောင့်ရှောက်မှု Kangaroo Care

0
154

“သားပိုက်ကောင် ပြုစုစောင့်ရှောက်မှု”

ကလေးငယ်လေး မိခင်ဝမ်းကထွက်လာပြီးနောက် ကလေးကို မိဘ၊ အဘိုး၊ အဘွားတို့ရဲ့ ရင်ဘတ်ပေါ်တင်ပေးပြီး အရေပြားအချင်းချင်း ထိတွေ့မှုလုပ်ပေးခြင်းကို သားပိုက်ကောင် ပြုစုစောင့်ရှောက်မှု (kangaroo care) လို့ ခေါ်ပါတယ်။

ဒီလိုမျိုး အရေပြားအချင်းချင်း ထိတွေ့မှုရှိခြင်းဟာ မိဘနဲ့ ကလေးအကြား သံယောဇဉ်တိုးစေခြင်း၊ လမစေ့ကလေးငယ်များ သေဆုံးနှုန်းကျဆင်းစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရရှိ‌စေနိုင်တဲ့အတွက် ဒီနည်းလမ်းကို ကျင့်သုံးလာကြတာပါ။

.

.

????သားပိုက်ကောင်ပိုက်နည်း ဖြစ်ပေါ်လာပုံ

သားပိုက်ကောင်ပိုက်နည်းကို ၁၉၇၀ ခုနှစ်မှာ ကိုလံဘီယာနိုင်ငံ၊ ဘိုဂတားမြို့ ဆေးရုံတစ်ရုံရှိ ဆရာဝန် ၂ ဦးက လမစေ့ဘဲမွေးဖွားခဲ့တဲ့ ကလေးတွေရဲ့ သေဆုံးနှုန်းကိုကျဆင်းစေဖို့ စတင်တွေ့ရှိ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ မွေးဖွားချိန်မှာ လမပြည့်တဲ့ကလေးရော၊ နေ့စေ့လစေ့ ကလေးတွေမှာပါ ကျင့်သုံးလာကြပါတယ်။

.

.

????သားပိုက်ကောင်ပိုက်နည်း ပွေ့ဖက်ခြင်းဖြင့်-

➤ မွေးကင်းစကလေးတွေရဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းတို့ကို မှန်ကန်စေတဲ့အပြင် သွေးတွင်းအောက်ဆီဂျင်ပမာဏကိုလည်း ကောင်းမွန်စေပါတယ်။

➤ မိဘနဲ့ကလေးကြား ခင်တွယ်မှုတိုးစေတာမို့ ဖေဖေနဲ့မေမေရဲ့ အသံ‌တွေကိုမှတ်မိစေပြီး သံယောဇဉ် ပိုတိုးစေပါတယ်။

➤ မိခင်ရဲ့ရင်ခွင်ထဲ ထွေးပွေ့ထားတာက “သက်ရှိအနွေးပုခက်” လိုမျိုးဖြစ်စေပြီး လုံခြုံနွေးထွေးမှုနဲ့ စိတ်သက်သာရာ ရစေတာမို့ ကလေးကို နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

➤ မိခင်နဲ့ ကလေးရဲ့ အသားချင်းထိတွေ့မှုက ကလေးရဲ့ ကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် ကလေးအနေနဲ့ ကိုယ်အပူချိန်ကို ထိန်းညှိဖို့ စွမ်းအင်အများကြီး မလိုတော့ဘဲ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ စွမ်းအင်ပိုရလာပါတယ်။

➤ မိခင်ရဲ့ဝမ်းဗိုက်ပေါ်မှာ ရှိနေစဉ် မေမေ့ချိုချိုကို အလွယ်တကူရှာတွေ့ကာ မိခင်နို့ရည်ကို အလွယ်တကူ တိုက်ကျွေးနိုင်ပါတယ်။ နို့ထွက်နှုန်းကိုလည်း ပိုများစေတာမို့ ကလေးအတွက်သာမက မိခင်ကိုပါ နေထိုင်ကောင်းစေနိုင်ပါတယ်။

..

..

????သားပိုက်ကောင်ပိုက်နည်းကို ဘယ်လိုမှန်ကန်စွာ ကျင့်သုံးမလဲ

– မိခင်တွေအ‌နေနဲ့ ဘရာလိုမျိုး အတွင်းခံ မဝတ်ဆင်ဘဲ သက်တောင့်သက်သာရှိတဲ့ ရှေ့ကြယ်သီးတပ် အဝတ်အစား ဝတ်ဆင်ပါ။

– ကလေးကို သေးခံ၊ ဦးထုပ်၊ ခြေအိတ်၊ လက်အိတ်ပဲ ဝတ်ဆင်ပေးပြီး အမေ့ရင်ခွင်ပေါ် မှောက်လျက်အနေအထားနဲ့ ကလေးကို တင်ပါ။

– ရင်ဘတ်ချင်းထိတဲ့အခါ ကလေးကျောပြင်ကို စောင်နဲ့အုပ်ထားပေးပါ။

– တိတ်ဆိတ်ငြိမ်သက်တဲ့ အနေအထားမှာ မီးတွေမှိတ်ပြီး ကလေးနဲ့မေမေ အတူတူအနားယူပါ။

????သတိထားစရာတွေကတော့

သားပိုက်ကောင် စောင့်ရှောက်မှုမလုပ်ခင်. . .

• လျှပ်စစ်ပစ္စည်း၊ ဖုန်း စတာတွေကြောင့် အနှောင့်အယှက်မဖြစ်စေဖို့ အဝေးမှာထားပါ။

• မိခင်မှာ အရေပြားရောဂါနဲ့ ထိခိုက်ဒဏ်ရာရှိနေရင် မလုပ်သင့်ပါ။

• ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

• မိခင်ဖျားနေရင် ကလေးဆီ ရောဂါပိုးကူးစက်နိုင်တာမို့ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေဆီက အကြံဉာဏ်ရယူပါ။

သားပိုက်ကောင်စောင့်ရှောက်မှုကို မွေးပြီးပြီးချင်း ၂ နာရီအတွင်း ပြုလုပ်ပေးရင် ကလေးအတွက် အလွန်အကျိုးရှိပါတယ်။ အဲဒီနောက် နေ့စဉ် (သို့) တစ်ပတ် ၄ ကြိမ်ခန့် အဆင်ပြေသလို ထွေးပွေ့နေပေးလို့ရပါတယ်။ .

သားပိုက်ကောင်ပိုက်နည်းကို မေမေတွေသာမက ဖေဖေ၊ ဘိုးဘိုးနဲ့ ဘွားဘွားတို့ပါ ပြုလုပ်နိုင်ပြီး ကလေးငယ်နဲ့အတူ နေပေးလို့ရပါတယ်။

????Reference

https:// my. clevelandclinic. org /health/treatments/12578-kangaroo-care

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here