ငို‌ကြွေးခြင်းက သင့်ကျန်းမာ‌ရေးအတွက် ကောင်းကျိုးပြုပါရဲ့လား…….

ငိုကြွေးခြင်းဟာ လူသားတွေရဲ့ စိတ်ခံစားချက် အခြေအနေအမျိုးမျိုးမှာ ဖြစ်ပေါ်လာတတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ကျွန်မတို့ အူလှိုက်သည်းလှိုက် ရယ်မောရင်၊ နာကျင်ဝမ်းနည်းရင်၊ ပျော်ရွှင်ရင် မျက်ရည်ကျတတ်ကြပါတယ်။ ဒါပေမယ့် ငိုကြွေးခြင်းဟာ တကယ်လိုအပ်လား၊ ကျန်းမာရေးအတွက်ရော ကောင်းလို့လားဆိုတာကို သိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။

????ကျွန်မတို့ ဘာကြောင့် ငိုကြွေးကြတာလဲ…….

ကျွန်မတို့ ကျတဲ့ မျက်ရည်တွေကို အခြေခံအားဖြင့် (၃) မျိုးခွဲခြားနိုင်ပြီး သူတို့က အမျိုးအစားအလိုက် အရေးပါပါတယ်။

.

(၁) အ‌ခြေခံမျက်ရည် (Basal tears)

သင့်ရဲ့ မျက်ဝန်းထဲမှာ အမြဲရှိနေတဲ့ မျက်ရည်လေးတွေပါ။ မျက်လုံးထဲမှာ တစ်နေ့တာလုံး ပမာဏနည်းနည်းစီ ထွက်နေပြီး မျက်လုံးအိမ်တစ်ခုလုံးကို ဖြန့်ကျက်ကာရံထားပါတယ်။ သူတို့က မျက်ကြည်လွှာကို ချော‌မွတ်စိုစွတ်စေဖို့နဲ့ အမှုန်တွေ၊ ဖုန်တွေ မကပ်စေဖို့ ကူညီပေးပြီး အမြင်ကြည်လင်စေဖို့ ကူညီပေးပါတယ်။ မျက်လုံးကို လှုပ်ရှားတဲ့အခါ သက်တောင့်သက်သာရှိအောင်နဲ့ ရောဂါပိုးတွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။ မျက်တောင်ခတ်ခြင်းဟာ မျက်ရည်တွေကို မျက်လုံးရဲ့မျက်နှာပြင်တစ်ခုလုံးမှာ မျှတ‌စွာပျံ့နှံ့စေပါတယ်။

အခြေခံမျက်ရည်ဟာဆိုရင်

– ရေဓာတ် (စိုစွတ်စေဖို့)

– မျက်လုံးမျက်နှာပြင်မှာ တစ်ပြေးညီပျံ့နှံ့ဖို့ ကူညီပေးတဲ့ အချွဲအမျှင်တွေ

– မျက်လုံးလှုပ်ရှားမှုကို ထောက်ပံ့ပေးဖို့ အဆီဓာတ်နဲ့

– Antibodies ခေါ် ရောဂါကာကွယ်ပေးတဲ့ ပဋိပစ္စည်းတွေနဲ့ အထူးပြုလုပ်ထားတဲ့ ပရိုတင်းတွေ ပါဝင်ပါတယ်။

.

(၂) မျက်ဝန်းထဲ တစ်ခုခုဝင်ရောက်တဲ့အခါ ကျတဲ့မျက်ရည် (Irritant tears)

မျက်လုံးထဲပုံမှန်မရှိတဲ့ ပြင်ပကအရာဝတ္ထုတွေ ဝင်တဲ့အခါ မျက်ရည်ထွက်လာလေ့ရှိပါတယ်။ သူတို့က မျက်လုံးကို ပြင်ပအရာဝတ္ထုတွေကနေ ကာကွယ်ဖို့နဲ့ ဒီအရာတွေကို ထုတ်လို့ရရင် ထွက်အောင်လုပ်ပေးဖို့ပါ။ မျက်ခုံးတွေရဲ့အောက်မှာရှိတဲ့ မျက်ရည်ဂလင်း (Glands) တွေကနေ ထွက်လာတာဖြစ်ပြီး ကျွန်မတို့တွေ ကြက်သွန်လှီးတာလိုမျိုး၊ ရေမွှေးစွတ်ရင်း မတော်တဆ မျက်လုံးထဲ ဝင်တာလိုမျိုး၊ မီး‌ခိုးငွေ့တွေ အမှုန်တွေ မျက်လုံးထဲဝင်တာလိုမျိုး‌တွေမှာ ထွက်လာတဲ့ မျက်ရည်တွေပါ။

.

(၃) စိတ်လှုပ်ရှားလို့ ကျတဲ့မျက်ရည် (Emotional tears)

ဒီလိုမျက်ရည်ထွက်တာမျိုးကိုမှ ကျွန်မတို့က ငိုကြွေးတယ်လို့ ခေါ်တတ်ကြပါတယ်။ ပျော်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကြောင့် ထွက်ရတဲ့ မျက်ရည်တွေပါ။ နာကျင်မှု၊ ကိုယ်ချင်းစာနာမှု၊ တစ်စုံတစ်ရာကို ဆုံးရှုံးရမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဒေါသထွက်စရာတွေကြောင့်သာမက နောက်ဆုံးမှာ တအားကို သဘောကျကျေနပ်ပြီး ရယ်မောကြရင်တောင် မျက်ရည်ထွက်ပါတယ်။

ဒီလိုမျက်ရည်ကျခြင်းဟာ မိမိရဲ့ခံစားချက်တွေကို သူတစ်ပါးသိအောင် ဖော်ပြခြင်းလည်း ဖြစ်ပါတယ်။ စိတ်လှုပ်ရှားလို့ ကျတဲ့မျက်ရည်တွေမှာ Stress hormones ခေါ် ခန္ဓာကိုယ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဟော်မုန်းတွေ ပါဝင်ပြီး မျက်ရည်ကျခြင်းဟာ စိတ်ကိုပေါ့ပါးစေပါတယ်။

.

ဒါကြောင့် တချို့တွေက “ငိုကြွေးခြင်းဟာ ကုစားခြင်းတစ်မျိုးပဲ” လို့တောင် ဆိုပါတယ်။ ဒီမျက်ရည်တွေဟာ မျက်နှာကို နီစေတာ၊ ဖောင်းပြီး မို့အစ်စေတာ၊ အသက်ရှူမမှန်တာ၊ ရှိုက်တာတွေကို ဖြစ်စေပါတယ်။ တအားပြင်းထန်စွာ ငိုကြွေးခြင်းဟာ တစ်ခါတစ်ရံ တစ်ကိုယ်လုံးကို တုန်စေတတ်ပါတယ်။ ဒီမျက်ရည်တွေရဲ့ အလုပ်ကတော့ သင့်ရဲ့ခံစားမှုတွေကို ဖွင့်ထုတ်ပေးခြင်းပါပဲ။

????ကျွန်မတို့ဟာ တစ်ခါတလေ အကြောင်းပြချက်မရှိဘဲ ငိုကြွေးတတ်ကြတာ ဘာကြောင့်လဲ…….

ငိုကြွေးခြင်းက လူသားသဘာဝ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်ပေမယ့် အကြောင်းအရာ မယ်မယ်ရရ မရှိဘဲလည်း ငိုချင်ရင် ငိုချမိပါလိမ့်မယ်။ အမျိုးသမီးတွေ ရာသီလာရင် ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်တာကြောင့် အဲအချိန်မှာ တွေ့ရနိုင်ပါတယ်။ ဒီလို အမြဲခဏခဏဖြစ်နေခြင်းကတော့ စိတ်ဖိစီးမှု၊ ပူပန်မှုများခြင်း၊ စိတ်ကျရောဂါ စတဲ့စိတ်ကျန်းမာရေးဆိုင်ရာ ‌အခြေအနေတွေရဲ့ လက္ခဏာတစ်ခုခုဖြစ်နိုင်ပြီး နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်။

????ငိုကြွေးခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေရော ရှိလား…….

ရှိတာပေါ့။ ငိုကြွေးခြင်းဟာ ပင်ပန်းပြီး ခံစားလို့မကောင်းပေမယ့် ကျန်းမာရေးအတွက် ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်တဲ့။

အဲဒါတွေကတော့…

???? အကူအညီရယူဖို့ အချက်ပြတာဖြစ်ခြင်း

စိတ်ခံစားချက်တွေ ပြင်းထန်လို့ မျက်ရည်ကျပြီး ငိုကြွေးတာဟာ လူသားတွေမှာပဲ ဖြစ်တာပါ။ လူတစ်ယောက် ငိုကြွေးတာကို မြင်ရခြင်းဟာ တစ်ပါးသူကို အကူအညီပေးချင်စိတ်ဖြစ်အောင် လှုံ့ဆော်နိုင်တယ်လို့ သိပ္ပံနည်းကျတွေ့ရှိချက်တွေ ရှိပါတယ်။ ငိုနေတဲ့သူတစ်ယောက်ကို တွေ့ခြင်းဟာ သူ့ရဲ့ကူကယ်ရာမဲ့ခြင်းကို ပြသရာကျပြီး မိမိကို သူ့ရှေ့က မားမားမတ်မတ်ရပ်ကာ ကူညီပေးလိုစိတ် ပိုစေပါတယ်။ လူသားအချင်းချင်း ခံစားချက်ပိုင်းဆိုင်ရာ ဆက်သွယ်တဲ့နည်းလမ်းပါ။

.

???? ခန္ဓာကိုယ် နာကျင်မှု လျော့နည်းစေခြင်း

စိတ်လှုပ်ရှားလို့ ကျတဲ့ မျက်ရည်တွေက Oxytocin နဲ့ Endorphins စတဲ့ ခန္ဓာကိုယ်ကို သက်သာစေတဲ့ဟော်မုန်းတွေ ထွက်စေပြီး နာကျင်မှုကို သက်သာစေပါတယ်။

.

???? စိတ်ဖိစီးမှုကို မိမိဘာသာ ပြေလျော့စေခြင်း

စိတ်ဖိစီးမှုတွေဟာ သင့်ကို နှလုံးရောဂါနဲ့ တခြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ငိုကြွေးလိုက်ခြင်းအားဖြင့် ဒီစိတ်ဖိစီးမှုတွေကို ‌လွှတ်ထုတ်ပစ်ရာရောက်ပါတယ်။ ခန္ဓာကိုယ်ဖိစီးမှုနဲ့ဆိုင်တဲ့ဟော်မုန်း (Stress hormones) တွေနဲ့ တခြားဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကနေ သင့်ကို ခဏတာပြေပျောက်စေမှာဖြစ်ပြီး ငိုလို့အပြီးမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ဒီလို စိတ်ခံစားချက်တွေကို သိမ်းမထားဘဲ ငိုကြွေးလိုက်ခြင်းဟာ ရင်သားကင်ဆာကုသမှု ခံယူထားတဲ့လူနာတွေမှာ ဖိစီးမှုတွေကို သိသိသာသာ လျော့ကျစေတယ်၊ စိတ်ခံစားချက်တွေကို ကောင်းမွန်စေတယ်လို့ တွေ့ရှိထားတဲ့ လေ့လာချက်တစ်ခုတောင် ရှိပါတယ်။ ငိုကြွေးခြင်းဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ကုစားနည်းတစ်မျိုးပါပဲ။

.

???? သွေးပေါင်ချိန် ကျစေခြင်း

ငိုကြွေးခြင်းဟာ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ သူက Parasympathetic nervous system လို့ခေါ်တဲ့ အာရုံကြောအဖွဲ့အစည်းကနေတစ်ဆင့် သင့်ကို ပြေလျော့စေ (Relax ဖြစ်စေ) ပါတယ်။

.

???? နှာခေါင်းသန့်ရှင်းစေခြင်း

ဟုတ်ပါတယ်။ မျက်ရည်ဂလင်းပြွန်လေးတွေက နှာခေါင်းအတွင်းဘက်နဲ့ ဆက်နေတာမို့ ငိုကြွေးခြင်းဟာ နှာခေါင်းကရော မျက်လုံးထဲကပါ ဖုန်အမှုန်တွေကို နှာရည်၊ မျက်ရည်တွေကတစ်ဆင့် ဖယ်ရှားပေးရာရောက်ပါတယ်။

.

???? ရောဂါတွေကို ကာကွယ်ခြင်း

အခြေခံမျက်ရည်တွေဟာ ရောဂါပိုးမွှားကာကွယ်တဲ့ဓာတ်တွေ ပါရှိပါတယ်။ ဒီဓာတ်တွေကို သွားရည်၊ မိခင်နို့ရည်တွေမှာလည်း တွေ့ရပါတယ်။ ဒီပစ္စည်းတွေဟာ တချို့ ပိုးမွှားတွေကို သေစေတဲ့၊ ကြီးထွားပြန့်ပွားမှုကို တားဆီးပေးတဲ့စွမ်းအင် ရှိပါတယ်။

.

???? အမြင်အာရုံကို ကြည်လင်စေခြင်း

မျက်လုံးတွေဟာ ကြည်ကြည်လင်လင် မြင်နိုင်အောင် ရေဓာတ်ပြည့်ဝဖို့ လိုပါတယ်။ ငိုကြွေးခြင်းဟာ မျက်ဝန်းကို စိုစွတ်စေပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။

???? မငိုဘဲနေခြင်းကရော ကျန်းမာရေးအတွက် ဆိုးကျိုးရှိလား…….

လူတိုင်းကတော့ ငိုကြွေးခြင်းကို မနှစ်သက်ကြပါဘူး။ မငိုချင်တဲ့သူလည်း ရှိမှာပါ။ ဒါပေမယ့် ခံစားချက်တွေကို ဖိသိပ်ထားခြင်းဟာ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ မြိုသိပ်ထားရင် ခံစားချက်တွေက နည်းသွားတာမဟုတ်ဘဲ ပိုလို့တိုးလာနိုင်ပါတယ်။ အဲအခါ စိတ်တို စိတ်ဆတ်တာ၊ ညအိပ်မပျော်တာနဲ့ စိတ်ပူပန်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ကြာလာရင် သွေးပေါင်ချိန်တက်ခြင်းနဲ့ နှလုံးရောဂါတွေ ရလာပါမယ်။

ဒါကြောင့် မိမိခံစားချက်တွေကို မျက်ရည်နဲ့ ဖွင့်ထုတ်ပေးသင့်ရင် ထုတ်ပေးတာကို ရှက်စရာလို့ မမြင်သင့်ပါဘူး။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မျက်ရည်ကျလို့၊ ငိုကြွေးလို့ ရပါတယ်။ ပျော့ညံ့တာ လုံးဝ မဟုတ်ပါ။

ငိုကြွေးလို့၊ မျက်ရည်ကျလို့ လုံးဝမရဘဲ စိတ်တင်းနေခြင်းဟာလည်း စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ပြဿနာတစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။ စိတ်အလွန်ဖိစီးခံစားရတာကြောင့် ငိုလို့တောင် မရတာမျိုးကို ဆိုလိုပါတယ်။

ဒါ့အပြင် မျက်ရည်မထွက်နိုင်တဲ့‌ ရောဂါတွေလည်း ရှိပါတယ်။ ဥပမာ –

???? Sjogren’s syndrome – မျက်ရည်နဲ့ ခံတွင်းသွားရည်ထုတ်တဲ့ဂလင်းတွေရဲ့ ကိုယ်ခံအားဆိုင်ရာရောဂါတစ်ခုပါ။ မျက်စိခြောက်တာ၊ အာခြောက်တာတွေကို ဖြစ်စေပြီး ရောဂါပိုးတွေ ဝင်စေနိုင်ပါတယ်။

???? ဆေးဝါးများကြောင့် မျက်ရည်မထွက်ခြင်း – ကိုယ်ဝန်တားဆေးတချို့နဲ့ နှာမွှန်ရင် သောက်တဲ့ဆေး (Anti-histamines) တွေဟာ မျက်ရည်ကို အထွက်နည်းစေနိုင်ပါတယ်။

???? ဆရာဝန်ကို ဘယ်အချိန်ပြသင့်သလဲ…….

ငိုကြွေးခြင်းဟာ စိတ်ခံစားချက်တွေကို ဖွင့်ထုတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပေမယ့် သင်ဟာ

– ခဏခဏနဲ့ မထိန်းနိုင်အောင် ငိုကြွေးနေမိမယ်

– အကြောင်းပြချက်မရှိဘဲ ငိုကြွေးနေမိမယ်

– ငိုကြွေးခြင်းကြောင့် သင့်ရဲ့နေ့စဉ်ဘဝကို ထိခိုက်လာမယ်

– စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကို ပြသတိုင်ပင်ဖို့ လိုနေပြီဖြစ်ပါတယ်။

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference – ????

https: // patient . info /news-and-features/is-crying-good-for-you

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here