သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း

Intrauterine contraceptive device (IUCD or IUD)

အမျိုးအစားများမှာ….

(၁) Copper T Cu 380 A IUD

ပုံတွင်ပြထားသော ပစ္စည်းဖြစ်ပါသည်။

(၂) Multilobe Copper IUD

Copper T နှင့် ဆင်ဆင်တူပါသည်။ T ၏ ကန့်လန့်အပေါ်တန်းလေးမှာ ကွေးကွေးလေးဖြစ်သွားပြီး ၎င်းတွင် အဖုလေးများပါပြီး ကြေးနန်းကြိုး မပတ်ထားတော့ပါ။

(၃) Lippie loop IUD

ပထမဆုံးပေါ်ခဲ့သော IUD ဖြစ်ပါသည်။ ယခုအသုံးမပြုတော့ပါ။

(၄) သုံးလခံထိုးဆေး၊ လက်မောင်းအရေပြားအောက် ထည့်ရသော ဆေးတောင့်များကဲ့သို့ ပရိုဂျက်စတီရုန်းဟော်မုန်းပါဝင်သော IUD။

စာထဲတွင်သာ တွေ့ဖူးပါသည်။ လက်တွေ့မမြင်ဘူး၊ မသုံးဖူးပါ။

အဲဒါဆိုတော့ Copper T အကြောင်းပဲ ပြောတော့မယ်နော်။

ပုံမှာပြထားတဲ့ 3 cc ဆေးထိုးပြွန်လေးက Copper T IUD ရဲ့အရွယ်အစားကို ခန့်မှန်းမိဖို့ ယှဉ်ပြထားတာပါ။ ဆေးထိုးပြွန်ရဲ့ ညာဖက်က Copper T IUD ပါ။ တစ်လက်မကျော်ရုံလောက် အရှည်ရှိပါတယ်။ အင်္ဂလိပ်အက္ခရာ T ပုံစံရှိပါတယ်။ ပလပ်စတစ်ဖြင့် ပြုလုပ်ထားပါတယ်။ T ရဲ့ထောင်လိုက်တိုင်မှာ ကြေးနန်းကြိုးမျှင်ဖြင့် အပြည့်ပတ်ထားပါတယ်။ T ရဲ့ကန့်လန့်ဖြတ်တိုင် တစ်ဖက်တစ်ချက်ဆီမှာလည်း ကြေးနန်းကြိုးမျှင်လေးတွေ တစ်ဝက်စီလောက် ပတ်ထားပါတယ်။ ထောင်လိုက်တိုင်ရဲ့ အောက်ဖက်အစွန်းမှာ အဖြူရောင် ကြိုးစလေးနှစ်စနဲ့ ဆက်ထားပါတယ်။

ညာဖက်က ပိုက်ကလေးနဲ့ တုတ်ချောင်းလေးကတော့ Copper T IUD ကို သားအိမ်တွင်းထည့်ဖို့ အသုံးပြုတဲ့ ပစ္စည်းနှစ်ခုဖြစ်ပါတယ်။ နေရာတကျ ထည့်ပြီးရင် လွင့်ပစ်ရမယ့် တစ်ခါသုံးကိရိယာများ ဖြစ်ပါတယ်။

ထည့်ပုံထည့်နည်းက နှစ်မျိုးရှိပါတယ်။

ပထမနည်းက အမျိုးသမီးကို ပက်လက်အိပ် ဒူးထောင်ပေါင်ကား နေခိုင်းရပါတယ်။ ကလေးရိုးရိုးမွေးထွက်ခါနီး ပုံစံပေါ့။ ပြီးရင် မိန်းမကိုယ် မွေးလမ်းကြောင်းကို အသာဟပြီး သားအိမ်ခေါင်းကို ရှာရပါတယ်။ တွေ့ရင် သားအိမ်ခေါင်းအဝကနေ ခုနပြောခဲ့တဲ့ ပိုက်ကလေးနဲ့ တုတ်ချောင်းလေးကို အသုံးပြုပြီး Copper T IUD ကို သားအိမ်အတွင်းသို့ ထည့်ရမှာဖြစ်ပါတယ်။ နေရာကျသွားရင် ပိုက်နဲ့ တုတ်ချောင်းကို ဖယ်ထုတ်လိုက်ပါတယ်။ Copper T IUD က သားအိမ်အတွင်းထဲ ကျန်ခဲ့မှာဖြစ်ပြီး T ရဲ့ ဒေါင်လိုက်တိုင် အောက်ဖက်အစွန်းနဲ့ ဆက်ထားတဲ့ ကြိုးဖြူလေး နှစ်ချောင်းက သားအိမ်ခေါင်းအဝကနေ မိန်းမကိုယ် မွေးလမ်းကြောင်းထဲကို ထွက်ကျနေမှာ ဖြစ်ပါတယ်။ မတိုလွန်း မရှည်လွန်း အနေတော်အနေအထားဖြစ်အောင် ကတ်ကြေးနဲ့ ညှပ်တိပေးရပါတယ်။ တိုလွန်းသွားရင် ဂတုံးဆံပင်ပေါက်လို စူးပါတယ်ဗျ။ လိင်ဆက်ဆံချိန်မှာ အမျိုးသား နာကျင်ရတတ်ပါတယ်။ ပြန်ထုတ်ချင်ရင် အဲဒီကြိုးစလေးကို ညှပ်နဲ့မိမိရရညှပ်ပြီး အသာဆွဲထုတ်လိုက်ရုံပါပဲ။ ထုတ်တာက ပိုလွယ်ပါတယ်။

နောက်ထည့်နည်းတစ်မျိုးကတော့ ကလေးကိုခွဲစိတ်မွေးဖွားစဉ် ကလေးနဲ့ အချင်းကိုထုတ်ပြီး သားအိမ်ကိုပြန်မပိတ်မီမှာ ဒီပစ္စည်းလေးကို သားအိမ်ထဲထည့်ပေးလိုက်တာပါ။ ခွဲစိတ်မွေးဖွားပေးတဲ့ ဆရာဝန်က ထည့်ပေးမှာဆိုတော့ အသေးစိတ် မပြောတော့ပါဘူး။

LARC တွေထဲမှာတော့ သူကကြာရှည်အခံဆုံးနည်းလမ်း ဖြစ်ပါတယ်။ တစ်ခါထည့်ထားရင် ရှစ်နှစ်အထိ ခံပါတယ်တဲ့။ ရှစ်နှစ်မပြည့်မီ ကလေးလိုချင်ရင်လည်း ပြန်ထုတ်လိုက် လွယ်ပါတယ်။

အသက်လေးဆယ်ကျော်မှ ထည့်မယ်ဆိုရင်တော့ တစ်ခါထဲပဲ ထည့်ထားရုံပါပဲတဲ့။ အသက်ငါးဆယ်မကျော်မီ သွေးဆုံးတယ်ဆိုရင် လုံးဝသွေးမပေါ် တာ နှစ်နှစ်ကြာမှ ပြန်ထုတ်ပါ။ အသက်ငါးဆယ်ကျော်မှ သွေးဆုံးတယ်ဆိုရင် လုံးဝသွေးမပေါ်တာ တစ်နှစ်ရှိတာနဲ့ ပြန်ထုတ်လို့ ရပါပြီ။

ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ အလွန်နည်းပါတယ်။ သူက သားအိမ်အတွင်းထဲမှာနေပြီး သားအိမ်နံရံကို လာကပ်တွယ်မယ့် သန္ဓေသားလေးကို ကန်ထုတ်ခြင်းနည်းဖြင့် ကိုယ်ဝန်မရအောင် ကာကွယ်ခြင်းဖြစ်သည့်အတွက် ခန္ဓာကိုယ်တစ်ကိုယ်လုံးအပေါ် (systemic side effects) အကျိုးသက်ရောက်မှု မရှိပါ။

အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများကတော့

၁။ ပစ္စည်းထည့်ပြီးခါစ လအနည်းငယ်တွင် ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း

၂။ ရာသီသွေးများခြင်းတို့ ဖြစ်တတ်ပါသည်။ (အထက်ဖော်ပြပါ နှစ်ချက်အတွက် Dolfenal and mefenamic acid တို့ သောက်သုံးရုံဖြင့် အဆင်ပြေနိုင်ပါသည်)

၃။ မိန်းမကိုယ်၊ မွေးလမ်းကြောင်းထဲတွင် ချန်ထားရစ်ခဲ့သော ကြိုးဖြူလေးပေါ်တွင် Actinomycetes ပိုးကပ်ငြိပေါက်ပွားပြီး အဖြူဆင်းတတ်ပါသည်။ နီးစပ်ရာ သားဖွားမီးယပ်ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး သင့်တော်သော ပဋိဇီဝဆေးသောက်သုံးခြင်း သို့မဟုတ် ပစ္စည်းပြန်ထုတ်ခြင်း သို့မဟုတ် နှစ်ခုစလုံးတစ်ပြိုင်တည်း ပြုလုပ်နိုင်ပါသည်။

၄။ နှစ်စေ့၍ ပြန်ထုတ်ရန် အချိန်ကျလျင်သော်လည်းကောင်း၊ သွေးဆုံးပြီးသွား၍ ပြန်ထုတ်ချိန်တွင်သော်လည်းကောင်း တချို့တလေတွင် ပြန်ဆွဲထုတ်စရာ ကြိုးစပျောက်နေသည်မျိုး ရှိတတ်ပါသည်။ သင့်တော်ရာ မေ့ဆေး၊ ထုံဆေးအကူအညီ ဆရာဝန်၏ အကူအညီဖြင့် သားအိမ်ထဲမှ နှိုက်ထုတ်ပေးရသည်မျိုး ရှိတတ်ပါသည်။ ကိုယ်ဝန်ပျက်၍ သားအိမ်ခြစ်ရသည်လောက်ပင် မခက်သော အသေးစားကုသမှု (minor procedure) ဖြစ်ပါသည်။

ဘယ်အချိန် ထည့်ရမလဲ

၁။ ရာသီစပေါ်သည့်‌နေ့မှ ငါးရက်အတွင်း ထည့်နိုင်ပါသည်။

၂။ ဟော်မုန်းဆေး စားဆေး၊ ထိုးဆေး၊ လက်မောင်းအရေပြားအောက်ဆေးတောင့်တို့ကို ဆက်လက်အသုံးမပြုလိုသူများ ဆေးသက်မကုန်မီ ကြိုတင်ထည့်ထားနိုင်ပါသည်။

၃။ ကလေးခွဲစိတ်မွေးဖွားသူများ ခွဲစိတ်စဉ်တစ်ခါတည်း ထည့်ပေးလို့ရပါသည်။

၄။ ကလေးရိုးရိုးမွေးထားသူများ မီးထွက်ပြီး ယောက်ျားနှင့် အတူပြန်မနေမီ ထည့်လို့ရပါသည်။

ဘယ်သူတွေ ထည့်သင့်သလဲ

သန္ဓေတားလိုသော အရွယ်ရောက်ပြီး အမျိုးသမီးတိုင်း ထည့်လို့ရပါသည်။

အသက် ၃၅ နှစ်အထက် အမျိုးသမီးများ၊ ဟော်မုန်းဆေးများနှင့် မသင့်တော်သော အမျိုးသမီးများအတွက် ရွေးချယ်စရာ နည်းလမ်းကောင်း ဖြစ်ပါသည်။ အကြောင်းတစ်ခုခုကြောင့် လက်ရှိကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားရသူများ ခွဲစိတ်စဉ်တစ်ခါတည်း ထည့်ပေးရန် တောင်းဆို၍ရပါသည်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပေါ့ဗျာ။

.

အထူးသဖြင့် လေးဆယ်ကျော် အမျိုးသမီးများကို တိုက်တွန်းလိုပါသည်။

– C.o.c pills သောက်မည်ဆိုပါက သောက်နေသမျှ ရာသီပေါ်နေပါမည်။ မည်သည့်အချိန်တွင် သွေးဆုံးမည် မသိနိုင်တော့ပါ။ သေချာအောင် အသက် ၅၅ အထိ ဆေးသောက်နေရပါမည်။

– သုံးလခံထိုးဆေး သို့မဟုတ် လက်မောင်းအရေပြားအောက် ဆေးတောင့် သုံးလျှင်လည်း ထိုအတိုင်းပါပဲ။ သွေးဆုံးလို့ ရာသီမပေါ်တာလား၊ ဆေးကြောင့်ရာသီမပေါ်တာလား မသိနိုင်တော့ပါ။ စိတ်ချရအောင် ၅၅ နှစ်အထိ ထိုး/ထည့် လုပ်နေရပါမည်။

Copper T IUD ကတော့ ရာသီလာခြင်းကို အနှောက်အယှက်မပြုပါ။ ထို့ကြောင့် IUD ထည့်ထားလျက်နှင့် ရာသီလာနေသေးလျှင် သွေးမဆုံးသေးလို့ပါ။ ရာသီမလာတာ တစ်နှစ်ရှိသွားရင် သွေးဆုံးသွားလို့ပါ။

ဘယ်သူတွေ မထည့်သင့်ဘူးလဲ

၁။ သားစပျစ်ခိုင်ကိုယ်ဝန် (H mole) ကို သားအိမ်ခြစ်ကုသမှု ခံယူပြီးခါစ စောင့်ကြည့်ကုသမှု မပြီးသေးသူများ မထည့်သင့်ပါ။ မတော်တဆ သားအိမ်ပေါက်သွားနိုင်ပါသည်။

၂။ တရားမဝင်၊ မကျွမ်းကျင်သူများနှင့် ကိုယ်ဝန်ဖျက်ချပြီး သားအိမ်‌ပိုးဝင်ရောင်ရမ်းနေသူများ (Pelvic inflammatory disease due to septic induced abortion) မထည့်သင့်ပါ။ သားအိမ်ပေါက်တတ်ပါသည်။

၃။ ဂနိုရောဂါ၊ Chlamydia ရောဂါတို့ကဲ့သို့ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်သောရောဂါများ ရှိနေနိုင်သည်ဟု သံသယရှိသူများ မထည့်သင့်ပါ။ ရောဂါပိုးများကို သားအိမ်ခေါင်းထဲမှ အထက်သားအိမ်ထဲသို့ တွန်းပို့လိုက်သလို ဖြစ်တတ်ပါသည်။

၄။ နှလုံးလေးဖက်နာရောဂါရှိသော အမျိုးသမီးများ ထည့်လိုပါက သက်ဆိုင်ရာ နှလုံးအထူးကုဆရာဝန်နှင့်တိုင်ပင်၍ ကြိုတင်ကာကွယ်ဆေးများ (prophylaxis antibiotic) လို/မလို ညှိနှိုင်းသင့်ပါသည်။

၅။ သားအိမ်တွင် အသားလုံး (Uterine fibroid or myoma) ရှိသူများ ပစ္စည်းထည့်ရန် ခက်ခဲတတ်ပါသည်။

လူသိနည်းသော အချက်တစ်ခုမှာ Copper T IUD ကို အရေးပေါ် သန္ဓေတားနည်းအဖြစ်လည်း အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။ လွန်ကြူးမိသည်မှ ငါးရက်အတွင်းထည့်ပါက ကိုယ်ဝန်တားနိုင်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

ဒေါက်တာဝသုန်

သားဖွား မီးယပ် အထူးကုဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here