ကော်ဖီမစ်နှင့် ကျန်းမာရေး Instant Coffee and Health (December,2023)

0
289

“ ကော်ဖီမစ်စွဲနေပြီလား”

သဘာဝကော်ဖီမှုန့်စစ်စစ်ထက်စာရင် ကော်ဖီမစ်ထုပ်တွေက ဈေးကွက်ထဲမှာ အတွေ့များ၊ ဈေးချိုသာတဲ့အပြင် ဖျော်သောက်ရလွယ်ကူတဲ့အတွက် ကော်ဖီချစ်သူအတော်များများ သောက်ဖြစ်ကြမယ် ထင်ပါတယ်နော်။

Instant Coffee ခေါ် ကော်မီမစ်တွေကလည်း သဘာဝကော်ဖီစေ့ကနေ ရရှိတာပါပဲ။ သဘာဝကော်ဖီအစစ်လိုပဲ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အကျိုးပြုခြင်း၊ ဦးနှောက်ကို တိုးတက်စေခြင်း၊ အသည်းကျန်းမာရေးကို အထောက်အကူပြုခြင်း၊ စိတ်ဓာတ်တက်ကြွ လန်းဆန်းစေခြင်း စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် သဘာဝကော်ဖီထက်စာရင် ကဖင်းဓာတ် တစ်ဝက်လောက်နီးပါး နည်းတဲ့အတွက် အကျိုးကျေးဇူးလည်း သူ့ထက်ပိုနည်းသွားနိုင်ပါတယ်။

ဒါဆို အကျိုးကျေးဇူးများအောင် များများသောက်လို့ရောရမလား။

ဒီလိုလည်း မရပြန်ပါဘူး။ ဘာကြောင့်လဲဆို‌တော့ ကော်ဖီစေ့ကို လှော်တဲ့အချိန်ထွက်တဲ့ အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတစ်မျိုး “Acrylamide” က ကော်ဖီမစ်တွေမှာ သဘာဝကော်ဖီမှုန့်ထက် နှစ်ဆပိုပါဝင်နေလို့ပါပဲ။ Acrylamide က အာရုံကြောစနစ်ကို ထိခိုက်စေတဲ့အပြင် ကင်ဆာဖြစ်နိုင်ခြေကိုလည်း များစေပါတယ်။ ဒါ့အပြင် အချို့ကော်ဖီမစ်တွေမှာ သကြားပါဝင်မှု အလွန်ကိုများတဲ့အတွက် ဆီးချိုအပါအဝင် အစာအိမ်ပြဿနာများနဲ့ ကိုယ်အလေးချိန်ပြဿနာတွေကို ဖြစ်စေနိုင်ပါသေးတယ်။ ပုံမှန်ပဲသောက်ရင် အန္တရာယ်မရှိနိုင်တဲ့အတွက် ချင့်ချိန်သောက်သုံးသင့်တယ်လို့ ဆိုပါရစေနော်။

ကိုယ်က ကော်ဖီကို စွဲစွဲလန်းလန်းကြိုက်တတ်တယ်ဆို ကျန်းမာရေးနဲ့ညီညွတ်အောင် သောက်သုံးပေးနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။

(၁) ညနေ ၂ နာရီကျော်မှ ကော်ဖီသောက်ရင် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တဲ့အတွက် မသောက်ဘဲ ရှောင်ရှားပါ။

(၂) ကော်ဖီထဲ သကြားများများထည့်သောက်တာက ကျန်းမာရေးဆိုးကျိုးတွေရှိလို့ သကြားအစားထိုး Sweetener တွေ ထည့်သောက်ပါ။

(၃) ဖြစ်နိုင်မယ်ဆို သဘာဝအော်ဂဲနစ်ကော်ဖီမှုန့်များကိုသာ ရွေးချယ်ဝယ်ယူ သောက်သုံးပါ။

(၄) ခန္ဓာကိုယ်အလေးချိန်အရ တွက်ချက်မယ်ဆို တစ်နေ့ကို ကဖင်း 2.5 mg per kg (1.1 mg per pound) (ကိုယ်အလေးချိန် တစ်ပေါင်လျှင် ကဖင်းဓာတ် ၁.၁ မီလီဂရမ်နှုန်း) မကျော်အောင် သောက်သုံးပါ။

(၅) ကော်ဖီထဲ သစ်ကြားပိုးခေါက် ထည့်သောက်ခြင်းက သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကို လျော့ကျစေလို့ ထည့်ပြီးသောက်နိုင်ပါတယ်။

(၆) အရိုးပွရောဂါကို ကာကွယ်နိုင်ဖို့ ကော်ဖီထဲကို အဆီထုတ်နို့မှုန့်နဲ့ ခရင်မ်မာတွေအစား အဆီအပြည့်ပါတဲ့ Full Cream နို့၊ နို့မှုန့်တွေ ထည့်သောက်ပေးနိုင်ပါတယ်။

(၇) နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေတဲ့ ကိုကိုးမှုန့်ကိုလည်း ထည့်သောက်ပေးနိုင်ပါတယ်။

(၈) အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်အိမ်မှာ ကိုယ်တိုင် သဘောဝကော်ဖီစေ့ကို ကြိတ်ပြီးဖျော်သောက်တာပါပဲ။

ကိုယ့်ကိုယ်ကိုယ် ကော်ဖီစွဲနေပြီ၊ ကော်ဖီသောက်တာ တအားကိုများနေပြီထင်လို့ လျှော့ချင်တယ်ဆိုရင် ရုတ်တရက်ကြီး ဖြတ်ပစ်လိုက်တာမျိုး မလုပ်ရပါဘူး။ အခန့်မသင့်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်လို့ပါ။

ကော်ဖီကို ရုတ်တရက် မသောက်ဘဲနေလိုက်တဲ့အခါ…

– သတိလက်လွတ်ဖြစ်တာ

– အားမရှိသလို ခံစားရတာ

– ပိုပင်ပန်းလွယ်တာ

– စိတ်တိုစိတ်ဆတ်နေတာ

– စိတ်ဓာတ်ကျတာ

– အာရုံမစိုက်နိုင်တာ

– စိတ်က အထိမခံနိုင်ဖြစ်တာ

– ထိုင်းမှိုင်းလေးလံနေတာတွေ ကြုံရနိုင်ပါတယ်။

.

ဒါကြောင့် ကော်ဖီကို ပမာဏ တဖြည်းဖြည်းချင်း လျှော့သောက်ရင်း…

• ရေများများသောက်ပါ။ အသီးအနှံဖျော်ရည် များများသောက်ပါ။

• ကော်ဖီအစား သဘာဝလက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်းကို သံပရာသီးလေး ညှစ်သောက်ပါ။

• ကော်ဖီမသောက်လည်း လန်းဆန်းတက်ကြွအောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ပါ။

.

ကော်ဖီသောက်ပါများရင်း မူးဝေတာ၊ ခေါင်းကိုက်တာ၊ ခေါင်းထဲရှုပ်ထွေးနေတာ၊ နှလုံးခုန်မြန်လာတာ၊ ဝမ်းလျှောတာ၊ ဆီးအသွားများတာ၊ သွေးတိုးတာ၊ ကြွက်သားနာကျင်တာတွေ ခံစားလာရရင်တော့ တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းမှာ လာရောက်ဆွေးနွေးတိုင်ပင် ပြသကြည့်ဖို့ အကြံပြုလိုပါတယ်နော်။

ကော်ဖီချစ်သူ၊ ကော်ဖီကြိုက်သူတိုင်း ချင့်ချိန်သောက်သုံးကြဖို့လည်း သတိပေးလိုက်ပါရစေ။

Reference : ????

https:// www. healthline. com /nutrition/instant-coffee-good-or-bad

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here