Injection Abscess

မြန်မာလို ဘယ်လိုပြောရမလဲ
မသန့်ရှင်းသော ဆေးထိုးအပ်ဖြင့်၊ မထိုးသင့်သောဆေးကို၊ မထိုး‌ပေးသင့်သော လူနာအား၊ ဆေးထိုးခွင့်မရှိသော အပ်ပုန်းရမ်းကုများက လူနာ၏တင်ပါးတွင် ထိုးပေးပြီးနောက် တင်ပါးတွင် အသားဆွေးပြည်တည်နာ ဖြစ်ခြင်း။

အံမယ်လေး မောတာ ရှင်းပြရတာ…
ခု အဲဒီလိုလူနာ ရောက်နေလို့ဗျ။

အသက်က ငါးဆယ်ကျော် မိန်းမကြီး။ ကလေးက ဆယ်ယောက်မွေးထားတယ်။ စစ်ကြည့်လိုက်တော့ ဆီးချိုရှိတယ်။ ဝ တာက တရားလွန်။ ကလေးဆယ်ယောက်လုံးကို ရိုးရိုးမွေးထားတော့ သားအိမ်ကြီးက မွေးလမ်းကြောင်းကနေ အပြင်ဘက်ကို ကျွံကျနေတယ်။ ဖင်ကနေ လိပ်ခေါင်းကြီး ပြူထွက်နေတာထက် အများကြီးဆိုး။ မွေးလမ်းကြောင်းအဝမှာ ပန်းသီးကြီး သီးနေသလိုပဲ။

ကုသမှုအစစ်က ဘာဖြစ်ရမှာလဲ။

ဆီးချိုအတွက် အစားအသောက်ရှောင်၊ ကိုယ်အလေးချိန်လျှော့၊ လေ့ကျင့်ခန်းလုပ်၊ ဆီးချိုသွေးချိုထိန်းဆေး မှန်မှန်သောက်။ ဒါက တစ်ဖြတ်။

သားအိမ်ကျွံတာအတွက်က လောလောဆယ် ညောင်ပင်ကြီးတွေ ကိုင်းကျိုးမကျအောင် ဝါးနဲ့ညောင်ကိုင်းထောက်သလို ရာဘာကွင်းတွေနဲ့ မွေးလမ်းကြောင်းထဲထည့်။ ထောက်ထားပေး။ နောက်မှ ဆီးချိုသွေးချိုရောဂါလည်း ကောင်းကောင်းထိန်းနိုင်၊ ကိုယ်အလေးချိန်လည်း လျှော့ချနိုင်၊ ခွဲစိတ်ပြုပြင်ချင်တဲ့ ဆန္ဒလည်းရှိတယ် အဲဒီအချိန်ကျမှ ခွဲစိတ်ပြုပြင်။ မခွဲချင်ဘူးဆိုရင်လည်း သုံးလေးလတစ်ခါ ညောင်ကိုင်းထောက် ရာဘာကွင်းကို လဲပေး။ ဒါပဲလေ။

အဲဒါကိုဗျာ ရမ်းကုများက ဘူမသိ၊ ကိုးမသိနဲ့ တင်ပါးကို ဘာဆေးတွေမှန်းမသိ ထိုးပါလေရော။ ဆီးချိုသွေးချိုလည်း မပျောက်၊ သားအိမ်ကြီးကလည်း ပြန်မတက်သွားဘူး။ Injection Abscess ရသွားတာပဲ အဖတ်တင်။ အဲဒီကျမှ အားကိုးပါတယ်ဆိုပြီး ရောက်လာရော။

ဒီအခါ ပြောချင်တာက ဆန္ဒကို သိက္ခာနဲ့ထိန်းကြဖို့ ပုံပြင်တစ်ပုဒ်ပါ။ အသိပညာနဲ့ထိန်းလို့ပြောတာ ပိုကောင်းမယ်ထင်တယ်။

အခါတစ်ပါးကပေါ့တဲ့။ Long Long ago. Once upon a time ဘာညာပေါ့ဗျာ။ ကုန်ရောင်းသွားတဲ့ တောင်သူကြီးတစ်ယောက်ပေါ့။ မိမိကိုယ်တိုင် စိုက်ပျိုးရိတ်သိမ်းခဲ့တဲ့ လယ်ယာထွက်ကုန်တွေကို မြို့သွားရောင်းတယ်။ ပိုက်ပိုက်တွေ ရလာတာပေါ့။ မြို့ပေါ်မှာလည်း သုံးလေးရက် နေရတာပေါ့။ ရလာတဲ့ပိုက်ဆံတွေနဲ့ တောသားမြို့ရောက် ဖွာလူဒါသောက်ပေါ့။ အဲဒီလောက်က ကိစ္စမရှိ။ ဘီယာဆိုင်နဲ့ KTV ရောက်ရောဗျာ။ ကိစ္စရှိသွားပြီ။ ဆန္ဒကို သိက္ခာနဲ့ ထိန်းရတော့မယ်။ မိန်းမရေ… နင်မပါ တစ်သိန်းတွေဘာတွေ စာရင်းပြပြီး လျှောက်မလုပ်ခဲ့နဲ့နော်။ ဆန္ဒတွေ ပြင်းပြလာရင် အိမ်အမြန်ပြန်ပြေးလေကွာ။ မဟုတ်ရင် အေကိုက်မယ်။ အသိပညာလေးနဲ့လည်း ထိန်း။

ခုလည်း ဒီအတိုင်းပဲ အရမ်းခံစားနေရလို့၊ မထနိုင်လို့၊ ဆရာတို့ဆီမလာနိုင်လို့ သက်သာအောင် နီးစပ်ရာ တောအပ်ပုန်းတွေဆီမှာ (လူနာရှင်တွေကတော့ တောဆရာတွေဆီမှာလို့ ပြောတာ) ထိုးလိုက်ရတာပါတဲ့။ ဆန္ဒတွေ ဆန္ဒတွေ။

Injection Abscess တင်မက အေပါကိုက်နိုင်တယ်နော်။ နင်မပါ တစ်သိန်းထက်ဆိုးတယ်။ သတိထားကြပါဗျ။

ကိုယ်ကိုယ်တိုင်က နင်မပါစေချင်တာ (ဆရာဝန် မပါစေချင်တာ) ဆိုရင်တော့လည်း ကျွန်တော်တို့က အိမ်မှာ အိမ်အလုပ်တွေနဲ့ ရှုပ်နေတဲ့ မယားကြီးပါ။ နေသာသပ လေညာကပါပဲ။ ကိုယ့်ဆီမရောက်လာရင် ကိုယ့်လူနာမဟုတ်ပါ။ သုံးခဲ့ပြီးသမျ ကုန်ရောင်းပိုက်ဆံတွေ လွမ်းမနေပါဘူး။ ကိုယ့်ဆီအပ်သမျှသာ ကိုယ့်ပိုက်ဆံပါ။ အပ်သမျှနဲ့ပဲ လောက်အောင်သုံးရမှာပေါ့။

တကယ်တော့ အဲဒီလို မဟုတ်ရပါ။

ကျွန်တော်တို့နှလုံးသားတွေက အဲဒီလောက် မအေးစက်ပါဘူးဗျ။ ဆရာဝန်တွေပါ။ မယားကြီးတို့ ထုံးစံအတိုင်း တယုတယ ပြုစုမှာပါ။ အဲဒီအမျိုးသမီးကြီး ဆေးရုံမှာ အနည်းဆုံး သုံးလေးလ တင်ထားပြီး ပြုစုပေးသွားမှာပါဗျာ….။

ဒေါက်တာဝသုန်
သားဖွားမီးယပ် ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here