အူရောင်ရမ်းခြင်းရောဂါ (Inflammatory Bowel Disease) ဆိုတာကတော့ နာတာရှည် အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါ အထူးသဖြင့် အူသိမ်နှောင်းပိုင်းနဲ့ အူမကြီး ရောင်ရမ်းတဲ့ရောဂါကို ဆိုလိုတာဖြစ်ပါတယ်။
အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါကို Crohn’s diseaseနဲ့ ulcerative colitis (အူမကြီးရောင်ရမ်းနာ)ဆိုပြီး ၂မျိုး ခွဲခြားလို့ရပါတယ်။
(တခြား အူရောင်စေတဲ့ရောဂါတွေလည်း အများကြီးရှိသေးပေမယ် အခုပိုစ့်မှာတော့ ဒီ ၂ခုကိုပဲ အဓိကပြောပြပေးသွားမှာပါ…)
Crohn’s diseaseကတော့ ပါးစပ်ကနေ စအိုဝထိ အူလမ်းကြောင်းရဲ့ ဘယ်နေရာမဆို ရောင်ရမ်းနိုင်တဲ့ရောဂါဖြစ်ပြီးတော့ Ulcerative colitisကတော့ အူမကြီးရောင်ရမ်းတဲ့ရောဂါပဲ ဖြစ်ပါတယ်။
ဒီရောဂါ၂ခုစလုံးရဲ့ တူညီတဲ့လက္ခဏာတွေကတော့ ဝမ်းလျှောခြင်းဖြစ်ပြီး သွားတဲ့ဝမ်းမှာ သွေးနဲ့ အကျိအချွဲတွေ ပါတတ်တာပဲ ဖြစ်ပါတယ်။ အသက် ၁၅နှစ်ကနေ ၄၀အထိ အမျိုးသမီးရော အမျိုးသားတွေမှာပါ ဖြစ်လေ့ရှိပါတယ်။
ဘာကြောင့်ဖြစ်လဲဆိုတာ အတိအကျ မပြောနိုင်ပေမယ့် မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့် အူလမ်းကြောင်းရဲ့ ခုခံတုန့်ပြန်မှုစနစ် မမှန်ကန်ရာကနေ ဒီရောဂါဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မိသားစုမျိုးရိုးလည်း လိုက်နိုင်ပါတယ်။
❓လက္ခဏာတွေက ဘာတွေလဲ?
ရောဂါဖြစ်နေတဲ့ အူလမ်းကြောင်းနေရာပေါ်လိုက်ပြီး လက္ခဏာတွေက မတူညီကြပါဘူး။
• ဝမ်းခဏခဏလျှောတာ
• ဝမ်းမှာ သွေးနဲ့အကျိအချွဲတွေပါတာ
• ဝမ်းမထိန်းနိုင်တာ
• ဗိုက်က ဆုပ်ညှစ်ထားသလိုနာတာ
• အဖျားတက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်အလေးချိန်ကျတာ
• ပါးစပ်မှာ အနာတွေပေါက်တာ
• ခါးနာတာ၊ အရိုးအဆစ်ရောင်ရမ်းတာ
• မျက်လုံးရောင်တာ အစရှိတဲ့ ရောဂါလက္ခဏာတွေကို တွေ့ရပါတယ်။
❓Ulcerative colitis (အူမကြီးရောင်ရမ်းနာ) ရဲ့ အဓိက လက္ခဏာတွေက ဘာလဲ
ဒီရောဂါမှာတော့ အစာဟောင်းအိမ်လို့ခေါ်တဲ့ rectumမှာ စတင်ရောင်ရမ်းပြီး အဲ့ဒီလို ရောင်ရမ်းတာက တဖြည်းဖြည်း အူလမ်းကြောင်းအထိ တက်လာပါတယ်။ ဒါပေမယ့် အူမကြီးရဲ့အပေါ် အူသိမ်တွေအထိတော့ တက်လေ့မရှိပါဘူး။
ဒီရောဂါမှာတော့ အူမကြီးနဲ့ အစာဟောင်းအိမ်တို့ရဲ့ အတွင်းအမြှေးပါးတွေ ရောင်ရမ်းတာ ဖြစ်ပါတယ်။
အဓိက လက္ခဏာကတော့ သွေးဝမ်းလျှောပြီး လာတတ်တာ ဖြစ်ပါတယ်။
မကုသဘဲ ထားမယ်ဆိုရင်တော့ နောက် ၇နှစ်ကနေ ၁၀နှစ်အကြာမှာ ကင်ဆာရောဂါအဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။
❓Crohn’s disease ရဲ့ အဓိကလက္ခဏာတွေက ဘာတွေလဲ
ဒီရောဂါမှာတော့ အူသိမ်နှောင်းပိုင်းနဲ့ အူမကြီးရောင်ရမ်းတာ ဖြစ်ပါတယ်။
ရောဂါဖြစ်တဲ့ အူလမ်းကြောင်းနေရာတွေမှာ အနာတွေကို အကွက်လိုက် အကွက်လိုက် တွေ့ရတတ်ပါတယ်။
အူလမ်းကြောင်းနံရံတစ်ခုလုံး ရောင်ရမ်းတာဖြစ်တဲ့အတွက် အဆုံးမှာ အူနံရံတွေကျဥ်းပြီး ကျန်ခဲ့တတ်ပါတယ်။
လက္ခဏာကတော့ အစားစားပြီးတဲ့အခါမှာ ဗိုက်က ဆုပ်ညှစ်ပြီးနာကျင်တာ၊ စအိုဝအနာဖြစ်တာ၊ စအိုဘေးပြည်တည်နာတွေ ဖြစ်တတ်ပါတယ်။
ဒီရောဂါမှာတော့ ဖျားတာ၊ နုံးတာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန်ကျတာ အစရှိတဲ့ လက္ခဏာတွေ ရှေ့ပြေးအရင် ဖြစ်လေ့ရှိပါတယ်။
မကုသဘူးဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အူပိတ်တာ၊ ဝမ်းခေါင်းရောင်ရမ်းတာ၊ ပြည်တည်တာ၊ ဂရင်ဂျီနာတွေ ဖြစ်တတ်ပါတယ်။
❓အူလမ်းကြောင်းရောင်ရမ်းခြင်းကို ဘယ်လိုရှာဖွေ သိရှိနိုင်လဲ?
Colonoscopy (အူမကြီးမှန်ပြောင်း)နဲ့ စစ်ဆေးကြည့်ရာကနေ သိရှိနိုင်သလို CT scan (ကွန်ပြူတာ ဓာတ်မှန်) ရိုက်ရာကနေလည်း ရောဂါ ရှာဖွေသိရှိနိုင်ပါတယ်။
ဗိုက်နာတာ၊ ဝမ်းလျှောတာ အစရှိတဲ့ လက္ခဏာတွေက ပြန်ဖြစ်လေ့ရှိပါတယ်။ တချို့လူတွေမှာ လအနည်းငယ်ကြာပြီးတဲ့အခါ (ဒါမှမဟုတ်) နှစ်အနည်းငယ်ကြာပြီးတဲ့အခါမှာ ရောဂါပြန်ဖြစ်နိုင်သလို အများအားဖြင့်တော့ ဘဝသက်တမ်းတစ်လျှောက်လုံး ရောဂါခဏခဏ ပြန်ထတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အူလမ်းကြောင်းရောင်တဲ့သူ (၄)ယောက်မှာ တစ်ယောက်လောက်ကတော့ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ရောဂါပြန်ထလေ့ရှိပါတယ်။
❓ဘယ်လိုကုသပျောက်ကင်းနိုင်လဲ?
နံပါတ် (၁)နည်းလမ်းကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်နေထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြစ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားမယ်။ အသီးအရွက်၊ အသီးအနှံတွေ ပိုစားမယ်။ ရောဂါပိုဆိုးစေနိုင်တဲ့ နို့ထွက်ပစ္စည်းတွေ၊ အမျှင်များတဲ့ အစားအသောက်တွေ၊ အဆီများတဲ့အစာတွေ၊ ပူစပ်ပူလောင်တွေရှောင်မယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်။ ကောင်းကောင်းမွန်မွန် အနားယူမယ် အစရှိတဲ့ ကျန်းမာတဲ့ နေထိုင်မှုပုစံကို လေ့ကျင့်ယူဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် အတတ်နိုင်ဆုံး ဆေးလိပ်ရှောင်ဖို့၊ ဖြတ်ဖို့လည်း အကြံပြုပါရစေ။ ဗိုက်နာ၊ဗိုက်အောင့်တဲ့ အခါတွေမှာဆို ဝမ်းဗိုက်ကို ရေနွေးအိတ်ကပ်ပေးတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။
နံပါတ် (၂)နည်းလမ်းအနေနဲ့ ဆေးသောက်ဖို့ လိုအပ်လာခဲ့မယ်ဆိုရင်လည်း အစာအိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးတွေကို မိမိစိတ်တိုင်းကျ မသောက်သုံးဘဲ ဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ပြသသင့်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ စနစ်တကျ သောက်သုံးသင့်ပါတယ်။
ဒီရောဂါဟာ နောက်ဆက်တွဲဆိုးကျိုးတွေရှိတဲ့အတွက် အချိန်မီ ရောဂါကို ကုသဖို့က အရေးကြီးပါတယ်။ မဟုတ်ရင်တော့ ခွဲစိတ်ကုသမှုခံယူရတဲ့အဆင့်ထိ ဖြစ်တတ်ပါတယ်။
ဒီလောက်ဆို အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ စုံစုံလင်လင် သိရှိပြီးဖြစ်လောက်တယ်လို့ ထင်ပါတယ်။ ကျန်းမာတဲ့ နေထိုင်မှုဘဝပုံစံဖြစ်အောင့် လေ့ကျင့်ပြီး အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါ မဖြစ်အောင် နေထိုင်ကြပါလို့ တိုက်တွန်းပါရစေ။
Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 293
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.