“ အမျိုးသားများ ပန်းသေပန်းညှိုးခြင်းအကြောင်း သိမှတ်စရာ (Impotence)”

ပန်းသေပန်းညှိုးခြင်းဆိုတာ အမျိုးသားတစ်ဦးက လိင်တံကို မထောင်မတ်နိုင်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်းကို ခေါ်ပါတယ်။ Erectile dysfunction လို့လည်း ခေါ်ကြပြီး၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းအမျိုးမျိုးကြောင့် မစွမ်းဆောင်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒီလို ပန်းသေပန်းညှိုးခြင်းဟာ လူတစ်ဦးရဲ့ လိင်ဆက်ဆံတဲ့အခါ စိတ်ကျေနပ်မှုကို သက်ရောက်မှုဖြစ်စေပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက်ကြီးတဲ့ အမျိုးသားတွေမှာတော့ ပိုအဖြစ်များပါတယ်။

..

..

????ဘယ်လိုအကြောင်းအရင်းတွေကြောင့် impotence ဖြစ်ရသလဲ

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် erectile dysfunction ဖြစ်နိုင်ပြီး ပိုဆိုးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဖြစ်များတဲ့ ရုပ်ပိုင်းဆိုင်ရာအကြောင်းအရင်းတွေကတော့…

  • နှလုံးရောဂါ
  • ကိုလက်စထရောများခြင်း
  • သွေးကြောများ ပိတ်နေခြင်း
  • လိင်တံမှာ ဒဏ်ရာရဖူးခြင်း
  • ဆီးချိုသွေးချိုရောဂါ
  • အဝလွန်ခြင်း
  • ဇီဝဖြစ်စဉ်ရောဂါလက္ခဏာများ (Metabolic syndrome)
  • Parkinson’s disease
  • အာရုံကြောစနစ်ချို့ယွင်းသော multiple sclerosis
  • ဆေးလိပ်သောက်ခြင်းနှင့် အခြားဆေးရွက်ကြီးများသုံးစွဲခြင်း
  • အရက်သောက်ခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • အိပ်ချိန်မမှန်ခြင်း
  • ဆီးကျိတ်ကင်ဆာနှင့် ဆီးကျိတ်ကြီးခြင်းအတွက် ကုသမှုခံယူနေရခြင်း
  • ကျောရိုးဒဏ်ရာရခြင်း
  • Peyronie’s disease တို့ဖြစ်ပါတယ်။

.

????အဖြစ်များဆုံး စိတ်ပိုင်းဆိုင်ရာအကြောင်းအရင်းတွေကတော့…

  • စိတ်ဖိစီးခြင်း
  • စိတ်ဓာတ်ကျခြင်း
  • ပူပင်သောကများခြင်း
  • အခြားစိတ်ကျန်းမာရေးအခြေအနေများ
  • စိတ်ဖိစီးမှုနဲ့ အခြားစိုးရိမ်မှုများကြောင့် ဆက်ဆံရေးအဆင်မပြေခြင်းတို့ ဖြစ်ပါတယ်။

အချို့အမျိုးသားတွေမှာ ရုပ်ပိုင်းဆိုင်ရာပြဿနာရော စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါ ခံစားရပြီး erectile dysfunction ကို ပိုဆိုးသွားစေနိုင်ပါတယ်။ British NHS အဆိုအရ အမျိုးသားအချို့ဟာ အချို့သောအခြေအနေများတွင်သာ erectile dysfunction ကိုခံစားရပါတယ်။

ဥပမာအားဖြင့် လူတစ်ဦးဟာ တစ်ကိုယ်ရေအာသာဖြေနေစဉ်နဲ့ အိပ်ရာကနိုးထချိန်မှာ erection ရနေပြီး လိင်ဆက်ဆံဖော်နဲ့ ဆက်ဆံနေချိန်မှာ erection မရနိုင်တာဆိုရင် စိတ်ပိုင်းဆိုင်ရာအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ခြေများပါတယ်။

ဘယ်လိုအခြေအနေမှာမဆို erectile dysfunction ရနေပါက ရုပ်ပိုင်းဆိုင်ရာအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နေနိုင်ပါသေးတယ်။

..

..

????ဒီလို impotence ကို ကုသလို့ရနိုင်လား၊ ဘယ်လိုကုသကြမလဲ

ပထမဦးစွာ အခြားကျန်းမာရေးအခြေအနေများအတွက် မှန်ကန်သောကုသမှုများကို လုပ်ဆောင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုကျန်းမာရေးအခြေအနေတွေဟာ Erectile dysfunction ကိုဖြစ်စေတာ ဒါမှမဟုတ် ပိုဆိုးစေတာကြောင့် ဖြစ်ပါတယ်။ ဒီနောက် လိင်အင်္ဂါချို့ယွင်းမှုကို တိုက်ရိုက်ကုသနိုင်ပါတယ်။ ကုသနည်းအမျိုးမျိုးရှိပြီး အကြောင်းရင်းပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

.

????သောက်ဆေးများ

မြန်မာနိုင်ငံရဲ့ဈေးကွက်ထဲမှာ လွယ်လင့်တကူ ဝယ်ယူသောက်သုံးနေကြတဲ့ ဆေးတွေဟာ အမှန်တကယ်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံး/ဝယ်ယူရတဲ့ ဆေးအမျိုးအစားတွေ ဖြစ်ပါတယ်။

ဒီဆေးတွေဟာ အလိုအလျောက် သန်မာခြင်းကို ဖြစ်စေမှာ မဟုတ်ဘဲ၊ လိင်ပိုင်းဆိုင်ရာ စိတ်နှိုးဆွမှုအချို့ ရှိနေမှသာ erection ကို ဖြစ်ပေါ်စေပါတယ်။ လိင်ပိုင်းဆိုင်ရာ စိတ်လှုပ်ရှားမှုကို ဖြစ်စေတဲ့ ကာမအားတိုးဆေးတွေလည်း မဟုတ်ပါဘူး။ ဒီဆေးတွေဟာ ခေါင်းကိုက်ခြင်း၊ မျက်နှာနီမြန်းခြင်း၊ အစာမကြေခြင်း၊ နှာပိတ်ခြင်းနှင့် အမြင်အာရုံပြာခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။

တကယ်လို့ အောက်ပါရောဂါအခြေအနေတွေရှိနေရင်တော့ အဲဒီသောက်ဆေးတွေကို ရှောင်သင့်ပါတယ်။

  • ပြင်းထန်သော နှလုံးပြဿနာများ
  • ပြင်းထန်သော အသည်းပြဿနာများ
  • မကြာခင်က လေဖြတ်ဖူးခြင်း
  • မကြာခင်က heart attack ခံစားဖူးခြင်း
  • သွေးအားနည်းခြင်း
  • (အဖြစ်နည်းသော) မျိုးရိုးလိုက်တဲ့ မျက်စိရောဂါတွေ စတာတွေ ရှိနေရင်တော့ မသုံးသင့်ပါဘူး။

..

..

????ဟော်မုန်းဆေး

အမျိုးသားလိင်တံသို့ သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးနိုင်တဲ့ ဟော်မုန်းကိုလည်း လိုအပ်ရင် ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။ လိင်တံထဲသို့ ဟော်မုန်းကို တိုက်ရိုက်ထိုးသွင်းနိုင်သလို၊ ဆီးလမ်းကြောင်းထဲသို့ ဆေးအတောင့်လေး ထည့်တာမျိုးလည်း လုပ်နိုင်ပါတယ်။

ဒီနေရာမှာ ဆီးလမ်းကြောင်းဆိုတာ ဆီးအိမ်မှ လိင်တံထိပ်အထိ ဆီးကိုသယ်ဆောင်တဲ့ပြွန်ကို ဆိုလိုတာပါ။ NHS ရဲ့အဆိုအရ ဒီဟော်မုန်းကိုသုံးတဲ့သူဟာ ၅ မိနစ်ကနေ ၁၅ မိနစ်အတွင်း erection ကိုခံစားရနိုင်ပါတယ်။ သုံးတဲ့ပမာဏပေါ် မူတည်ပြီး erection ကြာချိန်ကတော့ ကွဲပြားနိုင်ပါတယ်။ သွေးအားနည်းရောဂါရှိသူတွေ၊ အခြားရောဂါရှိသူတွေနဲ့ erectile dysfunction အတွက် အခြားသောကုသမှုနည်းတွေကို အသုံးပြုနေသူတွေကတော့ ဒီလို ဟော်မုန်းဆေးကို မသုံးသင့်ပါဘူး။

သူ့ရဲ့ဘေးထွက်ဆိုးကျိုး အချို့ကတော့…

• သွေးပေါင်ချိန်ပြောင်းလဲခြင်း

• ခေါင်းကိုက်ခြင်း

• မူးဝေခြင်း

• လိင်တံနာကျင်ခြင်း

• ဆီးသွားတဲ့အခါ ပူလောင်မှု ခံစားရခြင်း

•ဆီးသွားတဲ့အခါ သွေးပါခြင်းတို့ ဖြစ်ပါတယ်။

..

..

????လေစုပ်စက် (Vacuum pumps) အသုံးပြုခြင်း

ပန်းသေပန်းညှိုးခြင်းအတွက် နောက်ထပ်ကုသမှုတစ်ခုကတော့ လေစုပ်စက်အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒီလိုလေစုပ်စက်သုံးခြင်းဟာ သွေးလည်ပတ်မှုကောင်းစေ၊ erection ရစေပြီး မိနစ် ၃၀ ခန့်ကြာအောင် ထိန်းပေးထားနိုင်ပါတယ်။ သွေးမတိတ်ရောဂါ၊ သွေးကျဲဆေးသောက်နေရတာတွေ ရှိရင်တော့ လေစုပ်စက်ကို အသုံးမပြုသင့်ပါဘူး။ လေစုပ်စက်အသုံးပြုခြင်းကြောင့် အမျိုးသားသုံးပုံတစ်ပုံလောက်က လိင်တံမှာ နာကျင်မှုနဲ့အတူ သွေးခြေဥတာမျိုးတွေ ခံစားရတတ်ပါတယ်။

..

..

????ခွဲစိတ်မှုခံယူခြင်း

အခြားကုသမှုနည်းလမ်းတွေ မအောင်မြင်ဘူးဆိုရင်တော့ ခွဲစိတ်တဲ့နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။ ခွဲစိတ်ကုသမှုတွေမှာ လိင်တံအတွင်းပိုင်းအတွင်း implant ထည့်တာမျိုးတွေ ရှိနိုင်ပါတယ်။

..

..

????စိတ်ပိုင်းဆိုင်ရာကုသမှုများ

ဒီလိုပန်းသေပန်းညှိုးရတာဟာ စိတ်ဖိစီးမှု၊ စိုးရိမ်သောကနဲ့ အခြားစိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကြောင့်ဖြစ်ပါက စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသသင့်ပါတယ်။ ဆက်ဆံရေးမှာ တင်းမာမှုနဲ့ ဖိစီးမှုတွေဖြစ်တာကြောင့်ဆိုရင် နှစ်ဦးစလုံးဟာ ဆရာဝန်နဲ့ အတူတူပြသသင့်ပါတယ်။

..

..

????ပန်းသေပန်းညှိုးခြင်းကို ကြိုတင်ကာကွယ်နိုင်သလား

ပန်းသေပန်းညှိုးဖြစ်နိုင်ခြေကို လျှော့ချစေတဲ့ နည်းလမ်းများစွာရှိပါတယ်။

  • ဆေးလိပ်မသောက်ခြင်း
  • အရက် (သို့မဟုတ်) အခြား မူးယစ်စေတတ်သော အရာများကို အလွန်အကြူးမသုံးစွဲခြင်း
  • တင်ပါးဆုံတွင်းကြွက်သားများအတွက် လေ့ကျင့်ခန်းလုပ်ခြင်း
  • ကိုယ်အလေးချိန်ထိန်းခြင်း
  • စိတ်ဖိစီးမှုကိုရှောင်ရှားခြင်း
  • စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းစတဲ့ စိတ်ကျန်းမာရေးပြဿနာတွေအတွက် ကုသမှုခံယူခြင်း စတာတွေ လုပ်ဆောင်နိုင်ပါတယ်။

Reference : ???? https:// www. medicalnewstoday. com /articles/316064#preventing-impotence

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here