ကိုယ်ခံအားကောင်းအောင် ဆေးထိုးဆေးသောက် ဘယ်လိုလုပ်ရမလဲ Immune Supplement (October,2023)

0
166

ဒီတစ်လော ဆေးခန်းကို လာလာမေးကြတာက ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။

ကိုယ်ခံအားကောင်းချင်လို့၊ နေရတာ အားမရှိလို့၊ နုံးနေလို့ ဆိုပြီး ဆေးထိုးဆေးသောက် ဖြည့်စွက်စာမျိုးစုံအပြင် အကြောအားဆေးသွင်းတာတွေက ပုံမှန်အတိုင်းဆိုလည်း အပြင်ဆေးခန််းတွေမှာ လာလုပ်တတ်ကြပါတယ်။

တကယ်ပဲ ကိုယ်ခံအား တက်/မတက် ကိုတော့ ဆက်လက်ဖတ်ရှူပေးပါနော်….

အကြောဆေး အမျိုးမျိုး……

အလုံးကြီး​ကြီး ဆေးပုလင်းကို ရောင်စုံဆေး လေးတွေအရောနဲ့ ချိတ်ပြီးရင် လန်းသွားတယ်လို့တော့ ပြောကြတာပဲ … တကယ်တော့ အာဟာရတန်ဖိုးအနေနဲ့တော့ အကြောဆေး ပုလင်းကြီးတစ်လုံးက အချိုရည်တစ်ခွက်သာသာလောက်ပဲ အာဟာရဓာတ် (ကယ်လိုရီ) ပါတာပါ။

အူလမ်းကြောင်း ပုံမှန်အလုပ်လုပ်နေသူအဖို့တော့ ပုလင်းကြီးနဲ့ အချိုရည်က ဘာမှကိုသိပ်မကွာလို့၊ တကယ်ပဲ လန်းဆန်းစေတယ် အားရှိစေတယ် နေမကောင်းမှုကို ကြိုကာပေးတယ်ဆိုတာက placebo လို့ခေါ်တဲ့ ဆေးကြောင့် သက်သာတယ်လို့ စိတ်ခံစားရမှုသက်သက်သာ ဖြစ်ပါတယ်…..

အကြောဆေးရောင်စုံ ပုလင်းနဲ့ဟာ ဆိုရင်တော့ အကြောမှာ အပ်ပေါက်ရာ ပေါက်တာသာရှိပါတယ်။ ကယ်လိုရီလည်း နည်းနည်းလေးသာ ပါတဲ့အပြင် ဗီတာမင်ဘီတို့လို အားဆေးလည်း တစ်လုံးလောက်သာပါတာမို့ အများကြီးမထူးသွားစေပါ.. ကိုယ်ခံအားလည်း မတက်စေပါ။

အားဆေးသောက်ဆေးများ

သောက်ဆေးတွေမှာတော့ ဖြည့်စွက်စာအနေနဲ့ အပင်တို့ အမြစ်တို့ကို ဆေးလို လုပ်ရောင်းတာလည်းရှိပါတယ်။ တကယ််လို့ FDA ရဲ့ခွင့်ပြုချက်မပါဘူးဆိုရင်တော့ ထိုဖြည့်စွက်စာများကို မသောက်သင့်ပါဘူး။

နောက်ပြီး မိမိက ကျောက်ကပ်၊ အသည်းစတဲ့ နာတာရှည် ရောဂါတစ်ခုခု တွဲရှိနေတယ်ဆို ဖြည့်စွက်စာ သောက်ပြီးမှ ဆေးကိုမစွန့်ပစ်နိုင်လို့ ကျောက်ကပ်ဆေးလိုက်ရတာတို့လို ကျန်းမာရေးထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ ဒီတော့ ဆေးတစ်ခု သောက်မယ်ဆို မိမိပြနေကျ ဆရာ၀န်ကို မိမိအနေနဲ့ သောက်လို့သင့်ရဲ့လားကို အရင်ဆုံးတိုင်ပင်ပါနော်……

.

ဗီတာမင်နှင့် သတ္တုဓာတ်များပါသော အားဆေးများ

ဒီအားဆေးတွေကတော့ တစ်နေ့တစ်လုံးခန့်သောက်ရင် အထွေထူးပြဿနာမရှိပါ။ အထူးသဖြင့် သွေးအားနည်းသူတွေမှာ သံဓာတ်အားဆေးတွေ သောက်သင့်တယ်… ဆေးလိပ်သောက်သူတွေမှာ ဗီတာမင်စီပါတဲ့ အားဆေးသောက်သင့်တယ်… ကိုယ်၀န်ဆောင် နို့တိုက်မိခင်တို့လို ဓာတ်တွေပိုလိုတဲ့သူတွေမှာ သောက်ကို သောက်သင့်ပါတယ်။

သာမန်လူလိုပဲ ပုံမှန်စားသောက် သွားလာနိုင်ပြီး ဘာရောဂါမှ မရှိဘူး၊ အစားလည်း အစာအုပ်စု စုံအောင် အစုံစားနိုင်နေရင်တော့ မသောက်လည်း ဘာမှမဖြစ်ပါဘူး။ အစားအစာ ချေးများပြီး အစုံမစားနိုင်သူဆိုရင်တော့ ဗီတာမင်မျိုးစုံပါတာ သတ္တုဓာတ်မျိုးစုံပါတာကို ရွေး၀ယ်သောက်နိုင်ပါတယ်။

ဆေးပမာဏ (dose) များရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတာတွေထဲက တစ်ခုခုကို ပမာဏအများကြီး ထည့်ထားတာဆိုရင်တော့ သတိထားဖို့ လိုပါတယ်…. ကိုယ်ခံအားကောင်းချင်ဇောနဲ့ ကြော်ငြာတာတွေတိုင်းကို မိမိသဘောနဲ့ မသောက်သင့်ပါဘူး။ ဗီတာမင်ဒီ အားဆေးတွေဆို သွေးစစ်ပြီး မိမိသွေးထဲမှာ နည်းနေတော့မှ သောက်သင့်တာပါ။

.

သွေးသန့်ဆေးနှင့် အခြားဓာတ်စာများ — ဒါတွေကတော့ လုံး၀ ရှောင်သင့်ပါတယ်။ ကိုယ်ခံအားမတက်စေတဲ့အပြင် ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

Detox များ — သဘာ၀ သစ်ဥ၊ သစ်မြစ်၊ အပင်၊ အရွက်တွေနဲ့ လုပ်ထားလို့ ဘေးဖြစ်တာတော့ ရှားပါတယ်။ ဒါပေမယ့် ကိုယ်ခံအား တက်စေတဲ့နေရာမှာတော့ အရွက်ကြိတ်ရည်ထက် သဘာ၀အတိုင်း ကြော်ချက်စားတာ ပြုတ်စား တို့စားတာတို့က အသီးအရွက်တွေမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်ကို ပိုပြီး သဘာ၀ဆန်ဆန် ခန္ဓာကိုယ်တွင်း ရောက်ရှိိနိုင်စေပါတယ်။

တစ်မျိုးထဲကို စွဲသောက် စွဲစားခြင်းကိုတော့ အားမပေးပါဘူး… လောကမှာ ဒီတစ်မျိုးတည်းနဲ့ လုံလောက်တယ်ဆိုတာ မရှိသလို၊ superfood ဆိုတာလည်း မရှိပါ။

ကိုယ်ခံအားတက်စေတဲ့ ဗီတာမင်တွေက ဗီတာမင်စီတို့ ဇင့် (zinc) ဓာတ််တို့ ဖြစ်ပါတယ်။ တုပ်ကွေး မဖြစ်ချင်ရင် ဗီတာမင်စီ ကြိုသောက်တာထက် တုပ်ကွေးကာကွယ်ဆေး ထိုးလိုက်တာကမှ အမှန်ကန်ဆုံးကာကွယ်တဲ့နည်းလမ်း ဖြစ်ပါတယ်။

တချို့က တုပ်ကွေး​တွေဖြစ်နေပြီဆို အကိုက်အခဲပျောက်ဆေး ကြိုထိုးကြတာလည်း ရှိပါတယ်။ ဒါလည်း လုံး၀ မှားယွင်းပါတယ်… တချို့ တုပ်ကွေးတွေမှာ အကိုက်အခဲပျောက်ဆေးသုံးစွဲရင် သွေးထွက်လွန်တာ၊ shock ဖြစ်တာတွေ ဖြစ်နိုင်လို့ပါ။

၀မ်းသွားထားရင်တော့ ဇင့် ပါတဲ့အားဆေးကို တစ်ပတ်လောက် အပိုဆောင်းသောက်ရင် လုံလောက်ပါတယ်။

တကယ်ပဲ ကိုယ်ခံအားကောင်းချင်တယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေကို လိုက်လုပ်နိုင်ပါတယ်…

(၁) အစားကောင်းကောင်း စားပါ။ အစာအုပ်စု စုံအောင် နေ့တိုင်းစားရပါမယ်။ ကစီဓာတ်များတဲ့ ဆန်ကဲ့သို့ အစားအစာများ၊ ဆီ၊ အသီးအရွက်၊ အသားငါး၊ အသီးအနှံ စတာတွေ နေ့တိုင်းပါရပါမယ်။

(၂) လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်လုပ်ပါ။

(၃) အိပ်ရေး၀အောင် အိပ်ပါ… တစ်ရက်ကို အနည်းဆုံး ၆ နာရီတော့ အိပ်သင့်ပါတယ်။

(၄) ဆေးလိပ် မသောက်ပါနဲ့ (vape က ပိုဆိုးပါတယ်)

(၅) အရက်ပါ၀င်သော ယာမကာများ အလွန်အကျွံ သောက်သုံးခြင်း ရှောင်ပါ။ အနည်းငယ်ဆိုရင်တော့ ရပါတယ်။

(၆) ကာကွယ်ဆေးထိုးလို့ရတဲ့ ရောဂါတွေအတွက် ထိုးထားပါ။

(၇) နှာခေါင်းစည်းတပ်တာတို့၊ လက် ခဏခဏဆေးတာတို့လို အခြား တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ စောင့်ရှောက်မှုတွေ လုပ်နိုင်ပါတယ်။

.

မျှတကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ….????

အာဟာရဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Ref : https:// www. health. harvard. edu /blog/immune-boosts-or-busts-from-iv-drips-and-detoxes-to-superfoods-202309112972

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here