သွေးပေါင်ချိန်တက်တဲ့ သွေးတိုးရောဂါအကြောင်းလည်း တော်တော်များများ သိထားကြမယ်ဆိုတော့ သွေး‌ပေါင်ချိန်ကျတယ်ဆိုတဲ့ အခြေအနေကိုလည်း သိထားဖို့လိုမယ် ထင်ပါတယ်။

သွေးပေါင်ချိန်ကျတယ်ဆိုတာကတော့ သွေးပေါင်ချိန်တိုင်းကြည့်တဲ့အခါမှာ ယေဘုယျအားဖြင့် အပေါ်သွေး 90 mmHg နှင့်အောက်၊ အောက်သွေး 60 mmHg နှင့်အောက် ဖြစ်နေတဲ့အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။

သွေးပေါင်ကျခြင်းက တစ်ယောက်နဲ့တစ်ယောက် သက်‌ရောက်တာချင်းလည်း မတူပါဘူး။ အချို့သူတွေမှာတော့ ဘာလက္ခဏာမှ ခံစားရခြင်းမရှိဘဲ တချို့သူတွေမှာတော့ ‌ခေါင်းမူးတာ၊ သတိမေ့တာအထိ ခံစားရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သွေးပေါင်ကျတာဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေအထိလည်း ရောက်တတ်ပါတယ်။

သွေးပေါင်ကျတာကို အောက်ပါအတိုင်း အမျိုးအစားတွေ ခွဲခြားနိုင်ပါတယ်။

(၁) Orthostatic hypotension – ဒါကတော့ ထိုင်ရာကနေ ဒါမှမဟုတ် လဲလျောင်းရာကနေ မတ်တပ်ထရပ်လိုက်တဲ့အခါမှာ ရုတ်တရက် သွေးပေါင်ထိုးကျသွားတာကို ဆိုလိုတာဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်း၊ နာတာရှည် လဲလျောင်းအနားယူနေရသူတွေ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ တချို့သော ဆေးဝါးတို့ကြောင့် ဖြစ်တတ်ပါတယ်။

(၂) Postprandial hypotension – ဒါကတော့ အစားစားပြီး (၁) နာရီ (၂) နာရီအကြာမှာ သွေးပေါင်ကျတာ ဖြစ်ပါတယ်။ အစားအနည်းငယ်သာ စားတာ၊ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းတဲ့ အစားအသောက်တွေ စားတာ၊ ရေများများသောက်တာ စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။

(၃) Neurally mediated hypotension – ဒါကတော့ အကြာကြီးမတ်တတ်ရပ်တဲ့ အခြေအနေမျိုးတွေမှာ သွေးပေါင်ချိန် ရုတ်တရက် ထိုးကျတဲ့အခြေအနေ ဖြစ်ပါတယ်။ အဓိကကတော့ လူငယ်တွေနဲ့ ကလေးတွေမှာ ဖြစ်တတ်ပြီးတော့ နှလုံးနဲ့ ဦးနှောက်ကြားက သွေးလှည့်ပတ်မှု မလုံလောက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

(၄) Shy-Drager syndrome – ရှားပါးတဲ့ အာရုံကြောရောဂါတစ်မျိုးကြောင့် ဖြစ်ပါတယ်။

သွေးပေါင်ကျခြင်းကြောင့် ဖြစ်တဲ့လက္ခဏာတွေကတော့

  • မျက်စိအမြင်ဝါးလာတာ
    ‌- မူးဝေတာ
  • သတိမေ့တာ
  • မောပန်းတာ
  • အာရုံစိုက်ရ ခက်ခဲတာ
  • ပျို့အန်တာ စတာတွေ ဖြစ်ပါတယ်။

မူလရှိတဲ့ သွေးပေါင်ချိန်ကနေ 20 mmHg လောက် ရုတ်တရက် ကျသွားတဲ့အခါမှ ခေါင်းမူးတာ၊ သတိမေ့လဲကျတာ အစရှိတဲ့ လက္ခဏာတွေကြုံတွေ့နိုင်သလို သွေးအလွန်အကျွံထွက်တာ၊ shock ဝင်တာတို့ကြောင့် သွေးပေါင် အလွန်အမင်းကျခဲ့ရင်‌တော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
.

သွေးပေါင်ချိန် အလွန်အမင်းကျဆင်းခဲ့ရင်တော့ shock ဝင်နိုင်ပြီး…

  • ဂယောင်ချောက်ချားဖြစ်ခြင်း
  • ခြေဖျား၊လက်ဖျားများ အေးလာခြင်း
  • အရေပြား သွေးဆုတ်သွားခြင်း
  • အသက်ရှူမြန်လာခြင်း
  • သွေးခုန်နှုန်း အားနည်းလာခြင်းတို့ ခံစားရနိုင်ပါတယ်။

သွေးပေါင်ကျခြင်းဟာ

  • ခန္ဓာကိုယ်အနေအထား
  • အသက်ရှူခြင်း
  • အစားအသောက်
  • သောက်သုံးတဲ့ဆေးဝါးတွေနဲ့
  • စိတ်ဖိစီးမှုတို့အပေါ်မှာလည်း မူတည်ပါတယ်။

သွေးပေါင်ကျခြင်းကို ဖြစ်စေနိုင်တဲ့ အခြေအနေတွေကတော့…

  • ကိုယ်ဝန်ဆောင် – ကိုယ်ဝန်ဆောင်နေစဥ်အ‌တောအတွင်းမှာလည်း သွေးကြောတွေကျယ်လာတာကြောင့် သွေးပေါင်ချိန်ကျတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ဝန်ရဲ့ ပထမ (၂၄) ပတ်မှာ ဖြစ်တတ်ပြီး ကလေးမီးဖွားပြီးနောက်ပိုင်းမှာတော့ ပုံမှန်သွေးပေါင်ချိန်ကို ပြန်ရောက်သွားနိုင်ပါတယ်။
  • တချို့သော နှလုံးရောဂါနဲ့ နှလုံးအဆို့ရှင်ရောဂါတွေမှာလည်း သွေးပေါင်ကျတာ ဖြစ်နိုင်ပါတယ်။
  • Addison’s disease တို့လို ဟော်မုန်းနဲ့ပတ်သက်တဲ့ ရောဂါတွေမှာလည်း သွေးပေါင်ကျတတ်ပါတယ်။
  • ရေဓာတ်ဆုံးရှုံးတာကြောင့်
  • သွေးထွက်လွန်တာကြောင့်
  • ရောဂါပိုးဝင်ပြီး သွေးဆိပ်တက်တာကြောင့်
  • ဓာတ်မတည့်တာကြောင့်
  • နေ့စဥ်စားသောက်တဲ့ အစားအစာတွေမှာ အာဟာရမလုံလောက်တာကြောင့်… အစရှိတဲ့အခြေအနေတွေမှာ သွေးပေါင်ကျတာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

ဒါ့အပြင် ဆီးဆေးတွေ၊ သွေးကျဆေးတွေ သောက်သုံးရာကနေလည်း သွေးပေါင်ကျတတ်တာကြောင့် ဒီဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် အထက်မှာဖော်ပြထားခဲ့တဲ့ လက္ခဏာတွေ ခံစားရရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

သွေးပေါင်ကျတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်…

  • ဆားကို ပိုစားပါ။ ဒါပေမယ့် ဆားအလွန်အကျွံစားမိရင်လည်း သွေးတိုးနိုင်တာကြောင့် ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းအတာနဲ့ စားသုံးဖို့လိုအပ်ပါတယ်။
  • ရေများများသောက်ပါ။ အရက်သောက်သုံးတဲ့သူဆို အရက်လျှော့သောက်ပါ။
  • အာဟာရပြည့်ဝအောင် စားသောက်ပါ။
  • အကြာကြီးမတ်တပ်ရပ်ရတဲ့ အခြေအနေတွေမှာ သွေးပေါင်ကျတဲ့အခြေအနေ ဖြစ်နိုင်တာကြောင့် ခန္ဓာကိုယ်အနေအထားကို အမြဲဂရုစိုက်ပေးပါ။
  • ကာဗိုဟိုက်ဒြိတ်နည်းတဲ့ အစားအသောက်တွေကို များများစားပါ။
  • လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။
    .

ဒီလောက်ဆို သွေးပေါင်ကျတဲ့အခြေအနေနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေလည်း နားလည်လောက်ပြီလို့ ထင်ပါတယ်။ သွေးပေါင်ကျတာဟာလည်း သတိပြုဂရုစိုက်ရမယ့် အခြေအနေဖြစ်တာကြောင့် မပေါ့ဆစေလိုကြောင်း တိုက်တွန်းလိုပါတယ်…..။

Reference – 📚
https:// www. mayoclinic. org /diseases-conditions/low-blood-pressure/symptoms-causes/syc-20355465

https:// www. mayoclinic. org /diseases-conditions/low-blood-pressure/diagnosis-treatment/drc-20355470

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here