သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycaemia)

သွေးတွင်းသကြားဓာတ်နည်းခြင်းကို Hypoglycaemia (Hypo – ဟိုက်ပို) လို့ ခေါ်ကြပါတယ်။ သွေးတွင်းသကြားဓာတ်နည်းခြင်းဟာ သင့်ကို မူးဝေကာ နေလို့မကောင်းဖြစ်စေပြီး အလုပ်လုပ်ခြင်း၊ ကားမောင်းခြင်း စတာတွေကို အနှောက်အယှက် ပေးနိုင်ပါတယ်။ ဒီပြဿနာ​ကို ဆိုးရွားစွာ မခံစားရအောင်၊ သကြားဓာတ်နည်းခြင်း မဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ လေ့လာကြည့်လိုက်ကြရအောင်….

????သင့်မှာ သွေးတွင်းသကြားဓာတ် ဘယ်လောက်ရှိသင့်သလဲ ????

ပုံမှန်အခြေအနေတွေမှာ သင့်ခန္ဓာကိုယ်ဟာ သွေးတွင်းသကြားဓာတ်ကို ငြိမ်အောင် ထိန်းထားပါတယ်။ သွေးတွင်း သကြားဓာတ် မြင့်တက်လာရင် ခန္ဓာကိုယ်မှာ မုန့်ချိုအိတ် (ခေါ်) ပန်ကရိယကနေ အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထုတ်လွှတ်ပါတယ်။

ခန္ဓာကိုယ်ဆဲလ်တွေဟာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ဂလူးကို့စ်ကို လောင်စာအဖြစ် လိုအပ်ပါတယ်။ အင်ဆူလင်ကတော့ ဆဲလ်တွေထဲ ဂလူးကို့စ် ဝင်နိုင်ဖို့အတွက် သော့တံတစ်ချောင်းလို လုပ်ဆောင်‌ပေးတာပါ။ သွေးတွင်းသကြားဓာတ် အလွန်နည်းရင် အခြားဟော်မုန်းတွေက ပြန်မြှင့်တင်ပေးတာလည်း ရှိပါတယ်။

အစာမစားဘဲ နေတဲ့အချိန်မှာ သွေးတွင်းသကြားဓာတ် ၄-၆ mmol/L (၇၂-၁၀၈ mg/dl) အတွင်း ရှိသင့်ပြီး၊ အစာစားပြီး နှစ်နာရီအကြာမှာတော့ ၇-၈ mmol/L (၁၂၆-၁၄၄ mg/dl) အတွင်း ထိန်းထားရပါတယ်။ သွေးတွင်းသကြားဓာတ် များစွာမြင့်တက်လာခြင်းကို ဆီးချိုရောဂါလို့ ခေါ်ပါတယ်။

????သွေးတွင်းသကြားဓာတ်နည်းခြင်း ဘာလို့ ဖြစ်ရတာလဲ ????

အမျိုးအစား (၁) ဆီးချိုရောဂါရှိသူများဟာ အင်ဆူလင် မထုတ်လုပ်နိုင်တာကြောင့် အင်ဆူလင်ထိုးဆေး ထိုးရပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူများကတော့ တစ်ခါတစ်ရံ သောက်ဆေးနဲ့ ဆီးချိုမထိန်းနိုင်ရင် အင်ဆူလင်ထိုးဆေး လိုတတ်ပါတယ်။ အင်ဆူလင်ထိုးဆေး လိုအပ်တဲ့ပမာဏဟာ စားသုံးတဲ့အစားအစာတွေ အပါအဝင် အချက်များစွာပေါ် မူတည်ပါတယ်။

ထိုးဆေးလိုအပ်မှုပမာဏ တိုးလာတဲ့အခါ သွေးတွင်းသကြားဓာတ်ကို လွန်စွာကျဆင်းစေနိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါမှာ သုံးတဲ့ သောက်ဆေးတွေဖြစ်တဲ့ Sulfonylureas (Gliclazide, Glimepiride စသည်) ၊ Nateglinide နဲ့ Repaglinide တို့ကလည်း ခန္ဓာကိုယ်မှ အင်ဆူလင်ပိုထွက်အောင် လှုံ့ဆော်ပေးပါတယ်။

ဒီဆေးတွေသုံးနေတဲ့သူမှာ အစာမစားခြင်း၊ လေ့ကျင့်ခန်း အလုပ်များခြင်း၊ အရက်သောက်ခြင်း တို့ စုပေါင်းတဲ့အခါ ‌hypo ရစေပါတယ်။

????သွေးတွင်းသကြားဓာတ်နည်းခြင်း၏ လက္ခဏာများ

သွေးတွင်းသကြားဓာတ် ၄ mmol/L အောက် ကျဆင်းပါက အောက်ပါဝေဒနာများ ခံစားရနိုင်ပါတယ်။

– အားနည်းခြင်း

– ဆာလောင်ခြင်း

– ချွေးထွက်များကာ ကတုန်ကယင်ဖြစ်ခြင်း

– အာရုံစူးစိုက်မှု အားနည်းခြင်း

– ခေါင်းကိုက်ခြင်းနှင့် အန်ချင်ခြင်း

– ရင်တုန်ခြင်း

– အမြင်အာရုံဝေဝါးခြင်း

.

အကယ်၍ သွေးတွင်းသကြားဓာတ် ဆက်လက်ကျဆင်းနေပါက…

– မှိန်းခြင်း၊ သတိမကောင်းခြင်း

– လှုပ်ရှားမှု ကောင်းစွာ မလုပ်နိုင်ခြင်း

– စကားပြောရခက်ခြင်း

– လဲကျပြီး သတိလစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

*** အလွန်ပြင်းထန်သောအခြေအနေများတွင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ် ***

.

အချို့ နှစ်ရှည်ဆီးချိုရောဂါရှင်တွေမှာ ဒီလိုလက္ခဏာတွေ မပေါ်တော့ဘဲ သတိလစ်မေ့မြောသွား‌မှသာ ဆီးချို ပုံမှန်ထက်ကျနေမှန်း သိတတ်ပါတယ်။ ညဘက် အစာမရှိဘဲအိပ်လိုက်ပြီး မနက်ကျ ပြန်မနိုးတော့တာမျိုးထိ ဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းဟာလည်း အလွန်အရေးကြီးတဲ့ သိကောင်းစရာတစ်မျိုး ဖြစ်ပါတယ်။ သကြားဓာတ်နည်းနေပြီး ဆီးချိုပုံမှန်ထက်ကျတဲ့ လက္ခဏာတွေ မပေါ်တဲ့သူဆိုရင် အထူးသတိထားရပါတယ်။

????သွေးတွင်းသကြားဓာတ်နည်းခြင်းကို မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်သလဲ

သင့်မှာ အမျိုးအစား (၁) ဆီးချိုရောဂါရှိပါက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏရောက်အောင် ထိန်းညှိဖို့ လိုပါတယ်။ အထူးသဖြင့် ငယ်ရွယ်ပြီး ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေ မရှိရင် ပိုထိန်းဖို့လိုပါတယ်။ သွေးတွင်းသကြားဓာတ် ကြာမြင့်စွာမြင့်မားခြင်းဟာ ကျောက်ကပ်၊ မျက်စိ၊ အာရုံကြောများ၊ ခြေထောက်နှင့် နှလုံးတို့ကို ပျက်စီးစေတတ်‌တဲ့ အတွက် ထိန်းညှိရခြင်း ဖြစ်ပါတယ်။ သို့သော် သွေးတွင်းသကြားဓာတ်ကို တင်းကြပ်စွာထိန်းထားခြင်းက ဆီးချို ပုံမှန်ထက်ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဆီးချို အလွန်ကျဆင်းခြင်း မဖြစ်ရအောင် အောက်ပါ တို့ကို လုပ်ဆောင်နိုင်ပါတယ်…

• အစားကို နောက်ကျမှစားခြင်း၊ မစားဘဲနေခြင်း မလုပ်ပါနဲ့။

• စားထားတဲ့ ကစီဓာတ်ပမာဏနဲ့ညီတဲ့ အင်ဆူလင်ထိုးဆေးကို သိနိုင်အောင် လုပ်ပါ။

• ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ရင် အင်ဆူလင် ထိုးဆေးကို လျှော့သင့်ရင်‌ လျှော့ပါ။ လေ့ကျင့်ခန်း မလုပ်မီနှင့် လုပ်အပြီး ဆီးချိုဖောက်ကြည့်ပါ။

• အရက်ရှောင်ပါ။ အထူးသဖြင့် အမြည်းမပါဘဲ သောက်ခြင်းကို ရှောင်ပါ။ အရက်က ဆီးချိုကျစေပါတယ်။

• ပုံမှန်အစားစားခြင်းကို ပျက်ယွင်းစေနိုင်သော အခြေအနေတွေ (ဥပမာ- Ramadan ဥပုသ်၊ ညဂျူတီကျခြင်း၊ ခရီးသွားခြင်း) တို့အတွက် အင်ဆူလင် ထိုးဆေးကိုညှိဖို့ ဆရာဝန်နဲ့ တိုင်ပင်ထားပါ။

• အကယ်၍ sulfonylurea သောက်ဆေး သောက်နေရပြီး ဆီးချို ပုံမှန်ထက်ကျဆင်းတဲ့လက္ခဏာ ခံစားရရင် ဆရာဝန်အမြန် ပြန်ပြပါ။ ဆီးချိုလွန်စွာမကျတဲ့ ဆေးတွေနဲ့ ပြောင်းဖို့လိုနိုင်ပါတယ်။ ဆေးတွေကို မိမိဘာသာသောက်သုံးခြင်း မလုပ်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

• သကြားပါတဲ့ အချိုရည်တွေ၊ သစ်သီးဖျော်ရည်တွေ၊ ချိုချဉ်တွေ၊ ပျားရည်နဲ့ မုန့်တွေကို လက်လှမ်းမီရာမှာ ဆောင်ထားပါ။

• သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။

????သွေးတွင်းသကြားဓာတ်ကို ဘယ်နှစ်ကြိမ် စစ်ဆေးသင့်ပါသလဲ

အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတိုင်း သွေးတွင်းသကြားဓာတ်ကို ခဏခဏစစ်ဆေးဖို့ မလိုအပ်ပါဘူး။ Sulfonylurea ဆေးတွေသောက်တာ၊ အင်ဆူလင်‌ ဆေး ထိုးတာတွေရှိမှသာ စစ်ဆေးသင့်ပါတယ်။ ဒါပေမယ့် ဆေးခန်း ပုံမှန်ပြပြီး HbA1C နဲ့ အခြားလိုအပ်တာတွေ စစ်ဖို့တော့ လိုအပ်ပါတယ်။ HbA1c ဆိုတာ ယခင်သုံးလအတွင်း ပျမ်းမျှသကြားဓာတ်ထိန်းချုပ်မှုကို ကြည့်တဲ့ အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။

အမျိုးအစား (၁) ဆီးချိုရောဂါရှိနေရင်တော့ သွေးတွင်းသကြားဓာတ်ကို အမြဲပုံမှန် စစ်ဆေးသင့်ပါတယ်။ ကားမမောင်းသူဆိုရင် အစာမစားမီနဲ့ အိပ်ရာမဝင်မီအပါအဝင် တစ်နေ့ကို အနည်းဆုံးလေးကြိမ် (သို့) ဆရာဝန် ညွှန်ကြားတဲ့အတိုင်း စစ်ဆေးဖို့ လိုတတ်ပါတယ်။

အကယ်၍ ကားမောင်းပြီး အင်ဆူလင် (သို့) သကြားဓာတ်နည်းစေတဲ့ အခြားဆေးတွေကို သောက်နေရင်တော့ ကားမမောင်းမီ နှစ်နာရီအတွင်းနဲ့ ကားဆက်တိုက်ဆက်မောင်းနေရင် နှစ်နာရီတစ်ခါ စစ်ဆေးသင့်ပါတယ်။

????သွေးတွင်းသကြားဓာတ်နည်းလျှင် လုပ်ဆောင်ရန်များ

သွေးတွင်းသကြားဓာတ်နည်းခြင်းကို အများအားဖြင့် ၄ mmol/L အောက်လို့ သတ်မှတ်ပါတယ်။ သွေးတွင်းသကြားဓာတ် ၅ mmol/L အောက်ရှိရင် ကားမမောင်းသင့်ပါ။ အကယ်၍ ၄ အောက်ရှိရင်တော့ သကြားဓာတ်နည်းတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။

ဆီးချို‌ရောဂါရှင်ဟာ ခန္ဓာကိုယ်မှာ နေလို့မကောင်းတိုင်း ဆီးချိုဖောက်စစ်ဖို့ လိုပါတယ်။

သွေးတွင်းသကြားဓာတ်နည်းနေတဲ့ လက္ခဏာတွေ ခံစားရရင်….

• သင်လုပ်နေတာတွေကို ရပ်လိုက်ပါ (သင်ကားမောင်းနေလျှင် ဘေးကပ်ရပ်ပါ)

• သကြားဓာတ် စစ်နိုင်လျှင် စစ်ပါ။

• အိမ်သုံး သကြားတစ်ဇွန်း (သို့) သကြားလုံးများကို ချက်ချင်းစားပါ။ သစ်သီးဖျော်ရည်၊ ပျားရည်၊ သကြားပါသောဖျော်ရည်များ သောက်လည်းရပါတယ်။ (ဖျော်ရည် ၁၅၀ စီစီ ခန့်)

• လက္ခဏာများ ပိုဆိုးလာပါက ကူညီနိုင်ရန် ဘေးရှိ တစ်စုံတစ်ယောက်ကို ချက်ချင်းအသိပေးထားပါ။

• ၁၅ မိနစ်ခန့်ကြာအထိ ပြန်ကောင်းပြီလား စောင့်ကြည့်ပါ။ ၁၅ မိနစ် ကြာလျှင် သကြားဓာတ်ကို ထပ်မံစစ်ဆေးပါ။ ၅ mmol/L အထက် တက်လာပြီးနောက် အနည်းဆုံး ၄၅ မိနစ်အထိ ကားမမောင်းပါနှင့်။ မတက်လာသေးလျှင် အချိုရည်၊ သကြားရည်များ ထပ်မံစားသုံးပါ။

• အစားမစားရသေးလျှင် တစ်နာရီအတွင်း အစားကို သေချာပြည့်ပြည့်ဝဝ စားပါ။

????သွေးတွင်းသကြားဓာတ်နည်းနေသူကို တွေ့ရင် ဘယ်လို ကူညီနိုင်သလဲ

သွေးတွင်းသကြားဓာတ်နည်းတဲ့ ရောဂါလက္ခဏာတွေဟာ အရက်အမူးလွန်နေတဲ့ လက္ခဏာနဲ့ မှားနိုင်ပါတယ်။

တစ်စုံတစ်ယောက်ရဲ့ အပြုအမူတွေ မူမမှန်ဖြစ်နေပြီး အထူးသဖြင့် ဆီးချိုရောဂါရှိတယ်လို့ သိထားရင် ပိုလို့သတိထားပြီး ကူညီပါ။

• သူတို့ကို ငြိမ်ငြိမ်လေးထိုင်ခိုင်းပါ။

• သတိရှိလျှင် အချိုခဲ၊ သကြားလုံးများ ပါလားမေးပြီး စားခိုင်းပါ။ မဟုတ်ပါက သကြားပါသောအရည်၊ သကြား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (သို့မဟုတ်) သစ်သီးဖျော်ရည်တစ်ခွက် တိုက်ပေးပါ။

(သူတို့မှာ သွေးတွင်းသကြားဓာတ် နည်းနေလား မသိသေးရင်တောင် ဒီလို လုပ်ပေးသင့်ပါတယ်)

• သူတို့ရဲ့ သတိအခြေအနေ၊ အသက်ရှူပုံ၊ နှလုံးခုန်နှုန်းတို့ကို စောင့်ကြည့်ပါ။

• ပြီးလျှင် သွေးတွင်းသကြားဓာတ် စစ်ဆေးနိုင်ရင် ပိုကောင်းပါတယ်။

• မသက်သာလျှင် ဆေးရုံ ဆေးခန်းသို့ အမြန်ပို့ပါ။

• သတိလစ်မေ့မျောနေသော လူနာ၏ပါးစပ်တွင်းသို့ မည်သည့် အစားအစာများကိုမျှ ကျွေးခြင်း၊ ရေတိုက်ခြင်း မပြုလုပ်ရပါ။ အစာသီးပြီး အသက်ရှူလမ်းကြောင်းထဲသို့ အစာများ ဝင်တတ်ပါတယ်။

သွေးတွင်းသကြားဓာတ်နည်းခြင်းဟာ ကုရလွယ်သလောက် အရေးပေါ် အသက်အန္တရာယ်ရှိတဲ့ ပြဿနာပါ။ မိမိကိုယ်တိုင် သတိရှိဖို့နဲ့ ပတ်ဝန်းကျင်ကို ကူညီနိုင်ဖို့ သိထားသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဆီးချိုရောဂါရှင်နဲ့ အိမ်သားများဟာ ဆီးချိုတက်တဲ့ လက္ခဏာများအပြင် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်းရဲ့ လက္ခဏာများကိုပါ သိထားသင့်ပါတယ်။ မိမိက သကြားဓာတ်ကျရင်ရော ဒီလက္ခဏာတွေ ပေါ်လား သတိထားကြည့်ရပါမယ်။

ဆီးချိုတက်ရင် သောက်ဖို့ ဆေးဝါးများအပြင် သကြားဓာတ်ကျရင် ဘာလုပ်မယ် ဘာကျွေးမယ်ဆိုတာပါ ဆောင်ထားဖို့ မမေ့ပါနဲ့။ အထူးသဖြင့် အင်ဆူလင်ထိုးသူများမှာ ပြင်ဆင်ထားဖို့ လိုပါတယ်။ ဆီးချိုရောဂါကို မျှခြေသဖွယ်ဖြစ်အောင် ထိန်းညှိပြီး အသက်ရှည်ကျန်းမာ‌ဖို့ ဆီးချိုများခြင်းကိုရော နည်းခြင်းကိုပါ အသိ သတိနဲ့ ယှဥ်ပြီး ထိန်းညှိရမှာ ဖြစ်ပါတယ်။ ။

ပြည်သူများ ကျန်းမာစေကြောင်း ဆုတောင်းလျက်

အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Reference https:// patient. info /diabetes/hypoglycaemia-low-blood-sugar

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here