မိန်းကလေးတိုင်း ထိုးနှံထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး

HPV လို့ခေါ်တဲ့ Human papilloma virus ဟာ လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးပဲ ဖြစ်ပါတယ်။ အချို့ HPV ပိုးတွေဟာ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေပြီး အချို့ကတော့ ကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။

အများအားဖြင့် ခန္ဓာကိုယ်က HPV ပိုးကို ရင်ဆိုင်တွေ့တဲ့အခါ တိုက်ခိုက်ဖယ်ရှားလိုက်တတ်ပေမယ့် ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ အကြာကြီးရှိနေတဲ့အခါမှာတော့ ကင်ဆာဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် HPV ကာကွယ်ဆေး ကြိုတင်ထိုးနှံထားခြင်းဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ကင်ဆာရောဂါကို ကာကွယ်ပေးစေနိုင်ပါတယ်။

????သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ဘာတွေအတွက် သုံးနိုင်လဲ

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV Vaccine) ဟာ လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုအများစုကို ကာကွယ်ပေးပါတယ်။ HPV ပိုးကြောင့်ဖြစ်ရတဲ့ အမျိုးသားလိင်အင်္ဂါကင်ဆာ၊ ယောနိကင်ဆာ (မိန်းမကိုယ်ကင်ဆာ) နဲ့ စအိုကင်ဆာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးဟာ HPV ကြောင့်ဖြစ်ရတဲ့ ပါးစပ်၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာတွေကိုလည်း ကာကွယ်ပေးနိုင်သလို အခြားသော HPV မျိုးကွဲတွေကိုလည်း ခံနိုင်ရည်ပေးနိုင်ပါတယ်။ နောက်ပိုင်းမှာ အဲဒီလို HPV ဗိုင်းရပ်စ်မျိုးကွဲတစ်မျိုးမျိုး ဝင်လာတဲ့အခါ ခန္ဓာကိုယ်က တိုက်ထုတ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

????သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဟာ ဘယ်သူတွေအတွက်ဖြစ်ပြီး ဘယ်အချိန်မှာ ထိုးသင့်လဲ

Gardasil 9 ကတော့ US FDA က အတည်ပြုထားတဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဖြစ်ပါတယ်။ အသက် ၉ နှစ်နဲ့အထက်တွေကို ထိုးနှံပေးနိုင်ပါတယ်။ ဒီကာကွယ်ဆေးကို အခြားကာကွယ်ဆေးတွေလိုပဲ အချိန်တူတူ ထိုးနိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (CDC) က အသက် ၁၁ နှစ် (သို့မဟုတ်) ၁၂ နှစ်မှာ ပုံမှန် HPV ကာကွယ်ဆေးထိုးဖို့ အကြံပြုထားပါတယ်။ ကာကွယ်ဆေးထိုးဖို့ အကောင်းဆုံးအသက်အရွယ်ကတော့ လိင်ဆက်ဆံမှု မရှိခင်ပဲ ဖြစ်ပါတယ်။

HPV ပိုး ကူးစက်ခံရပြီးပြီဆိုရင်တော့ ကာကွယ်ဆေးဟာ ထိရောက်မှု မရှိနိုင်တော့ပါဘူး။ ကာကွယ်ဆေးဟာ ကူးစက်မှုအသစ်ကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကာကွယ်ဆေးထိုးခြင်းဟာ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှု စောတာနဲ့ ဆက်စပ်မှုမရှိပါဘူး။

• အသက် ၁၅ နှစ်အောက်သူတွေကို ၆ လ (သို့မဟုတ်) ၁၂ လ ခြားပြီး ကာကွယ်ဆေး ၂ ကြိမ် ထိုးနိုင်ပါတယ်။

• အသက် ၁၅ နှစ်မှ ၂၆ နှစ်ကြားမှာ ကာကွယ်ဆေးထိုးတဲ့သူတွေဟာ သုံးကြိမ်ထိုးသင့်ပါတယ်။ တစ်ကြိမ်ထိုးပြီးနောက် ၆ လခြားပြီး ထိုးနိုင်ပါတယ်။

အသက် ၂၆ နှစ်မှာ ကာကွယ်ဆေးအပြည့်မထိုးရသေးတဲ့သူတိုင်း HPV ကာကွယ်ဆေးကို ထိုးဖို့ CDC က အကြံပြုထားပါတယ်။

အသက် ၉ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားရော အမျိုးသမီးရောအတွက် Gardasil 9 ကို အသုံးပြုဖို့ FDA က အတည်ပြုခဲ့ပါတယ်။ တကယ်လို့ အသက် ၂၇ မှ ၄၅ နှစ်ကြားမှာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး HPV ကာကွယ်ဆေး ထိုးသင့်/မထိုးသင့် ဆုံးဖြတ်သင့်ပါတယ်။

????သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဘယ်နှစ်မျိုးရှိလဲ

လက်ရှိမှာတော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ၃ မျိုးရှိပါတယ်။

– Cervarix — HPV ပိုး 16 နဲ့ 18 အမျိုးအစား နှစ်မျိုးကို ကာကွယ်ပေးပါတယ်။

– Gardasil 4 — HPV ပိုး 6, 11, 16 နဲ့ 18 အမျိုးအစား လေးမျိုးကို ကာကွယ်ပေးပါတယ်။

– Gardasil 9 — HPV ပိုး 6, 11, 16, 18, 31, 33, 45, 52 နဲ့ 58 အမျိုးအစား ကိုးမျိုးကို ကာကွယ်ပေးပါတယ်။

ကာကွယ်ဆေး ၃ ခုလုံးဟာ အဖြစ်များဆုံးနဲ့ ကင်ဆာဖြစ်နိုင်ခြေများတဲ့ ပိုးအမျိုးအစား နှစ်ခု (16 နဲ့ 18) ကို ကာကွယ်ပေးထားပါတယ်။ ဒီမျိုးကွဲနှစ်ခုလုံးဟာ သားအိမ်ခေါင်းကင်ဆာရဲ့ ၇၀% ကျော်၊ လိင်တံကင်ဆာရဲ့ ၆၃% နဲ့ ပါးစပ်၊ စအို၊ လည်ချောင်းကင်ဆာအများစုနဲ့ ဆက်စပ်နေပါတယ်။

????သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်သူတွေ မထိုးသင့်ဘူးလဲ

• ကိုယ်ဝန်ဆောင်နေစဉ် HPV ကာကွယ်ဆေးကို မထိုးရပါ။

• ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေရှိခဲ့ရင် (သို့မဟုတ်) ပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့ ဓာတ်မတည့်မှုတွေရှိရင် HPV ကာကွယ်ဆေး မထိုးသင့်ပါဘူး။

• ဒါ့အပြင် ဖျားနေတဲ့သူတွေဟာလည်း နေကောင်းလာတော့မှ ကာကွယ်ဆေးထိုးသင့်ပါတယ်။

• အကယ်၍ ပုံမှန်လိင်ဆက်ဆံတာမျိုး ရှိနေရင်လည်း HPV ကာကွယ်ဆေးဟာ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။

????လိင်ဆက်ဆံမှု ရှိဖူးသူမှာ HPV ကာကွယ်ဆေးထိုးခြင်းဟာ အကျိုးသက်ရောက်မှု ရှိနိုင်သေးလား

လူအများစုဟာ လိင်ဆက်ဆံမှုရှိပြီး မကြာခင်မှာ HPV ကူးစက်ခံရတတ်ပါတယ်။ ဒါပေမယ့် သင့်မှာ HPV ပိုးတစ်မျိုး ရှိနေပြီဆိုရင်တောင် ကာကွယ်ဆေးကနေ အကျိုးကျေးဇူးတွေ ရနိုင်ပါသေးတယ်။ သင့်မှာမရှိသေးတဲ့ အခြား HPV ပိုး မျိုးကွဲတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ကူးစက်ခံရပြီးသား HPV ရောဂါပိုးကို ကုသနိုင်တဲ့ ကာကွယ်ဆေးတော့ မရှိသေးပါဘူး။

????HPV ကာကွယ်ဆေးဟာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ

HPV ကာကွယ်ဆေးဟာ အများအားဖြင့် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတော့ မရှိပါဘူး။ အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးထိုးတဲ့နေရာမှာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ နီခြင်းတို့ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ မူးဝေခြင်း၊ မူးမေ့လဲခြင်းတွေ ဖြစ်တတ်ပေမယ့် ဆေးထိုးပြီးနောက် ၁၅ မိနစ်ခန့် ထိုင်နေခြင်းဟာ မူးမေ့လဲနိုင်ခြေကို လျှော့ချနိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အားနည်းခြင်းစတာတွေလည်း ဖြစ်နိုင်ပါတယ်။

????HPV ကာကွယ်ဆေးထိုးထားတဲ့ အမျိုးသမီးတွေကရော သားအိမ်ခေါင်းချွဲမြှေး စစ်ဆေးဖို့ လိုအပ်သေးလား

HPV ကာကွယ်ဆေးထိုးတာဟာ သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း (Pap test) ကို အစားထိုးခြင်း မဟုတ်ပါဘူး။ အသက် ၂၁ နှစ်ကနေစပြီး ပုံမှန် Pap tests ဖြင့် သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးခြင်းဟာ ကြိုတင်ကာကွယ်မှုရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာရပ်တစ်ခုခုကို သတိပြုမိပါက ဆေးကုသမှု ချက်ချင်းခံယူပါ။

သားအိမ်ခေါင်းကင်ဆာရဲ့အချို့လက္ခဏာတွေကတော့ လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း၊ သွေးဆုံးပြီးချိန်နဲ့ ရာသီတစ်လနဲ့တစ်လကြား ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ တင်ပါးဆုံတွင်းနာခြင်းနဲ့ လိင်ဆက်ဆံစဉ် နာကျင်ခြင်းတို့ ဖြစ်ပါတယ်။

Reference: ????

https:// www. mayoclinic. org /diseases-conditions/hpv-infection/in-depth/hpv-vaccine/art-20047292

https:// vaccineknowledge. ox. ac. uk /hpv-vaccine#Who-should-get-this-vaccine

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here