မသန်စွမ်းသူတွေ (People with disabilities PWDs) ကို ကူညီနိုင်တဲ့နည်းလမ်းများ

0
181

မသန်စွမ်းသူတွေ (People with disabilities PWDs) ကို ကူညီနိုင်တဲ့နည်းလမ်းများ ????

၁။ သင့်လျော်တဲ့ အခေါ်အဝေါ်ကို အသုံးပြုပါ….

မသန်စွမ်းသူတွေ (People with disabilities PWDs) နဲ့ ပြောဆိုဆက်ဆံရာမှာ သင့်လျော်တဲ့ အခေါ်အဝေါ်တွေကိုသာ အသုံးပြုရပါမယ်။ ဥပမာ – အရင်က “ မသန်မစွမ်း” လို့ သုံးစွဲခဲ့တာမှန်ပေမယ့် ဒါဟာ “ မသန်သလို မစွမ်းဆောင်နိုင်ဘူး” ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပြီး စော်ကားသလို ဖြစ်သွားစေနိုင်တာကြောင့် အခုအခါမှာ “ မသန်စွမ်း” ဆိုပြီး “ မသန်ပေမယ့်လည်း စွမ်းပါတယ်” အဓိပ္ပါယ်အဖြစ် ပြောင်းလဲသုံးစွဲရတာမျိုးပါ။

ဒီလိုပါပဲ… “ ဉာဏ်ရည်မမီ” လို့ သုံးမယ့်အစား “ ဉာဏ်ရည်ချို့တဲ့” ၊ “ လက်တွန်းလှည်းနဲ့ သွားရရှာတဲ့ ဦးလေးကြီး” အစား “ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေတဲ့ ဦးလေး” ၊ “ ခြေ‌ထောက်ပြတ်သွားတဲ့သူ” အစား “ ခြေတုတပ်ဖို့ စောင့်နေတဲ့သူ” စသဖြင့် ယဉ်ယဉ်ကျေးကျေး သုံးနှုန်းတာက ကာယကံရှင် မသန်စွမ်းသူအတွက် နားထောင်ရတာ နည်းနည်းပိုအဆင်ပြေပါလိမ့်မယ်နော်။

၂။ တိုက်ရိုက် ပြောဆိုဆက်ဆံပါ….

မသန်စွမ်းသူတွေ (People with disabilities PWDs) ဟာ ဘာသာပြန်ပေးမယ့်သူ၊ သူနာပြု ဒါမှမဟုတ် သူငယ်ချင်းတွေကို နိစ္စဓူဝလုပ်ငန်းတွေအတွက် အထောက်အကူအနေနဲ့ လိုအပ်‌လေ့ရှိကြပါတယ်။ ဒီလိုအခါမျိုးမှာ စာဖတ်သူအနေနဲ့ မသန်စွမ်းသူတွေ (People with disabilities PWDs) ကို ကြားခံလူမသုံးဘဲ တိုက်ရိုက်ပဲ ပြောဆိုဆက်ဆံသင့်ပါတယ်။

အကြားအာရုံမသန်စွမ်းသူနဲ့ ပြောဆိုရတဲ့အခါ မသန်စွမ်းသူအနေနဲ့ စကားပြန်ပြောနိုင်ဖို့အတွက် ဘာသာပြန်ပေးမယ့်သူရဲ့မျက်နှာကို ကြည့်နေရမှာဖြစ်ပေမယ့် ကိုယ့်အနေနဲ့ကတော့ ကိုယ်ပြောဆိုဆက်ဆံနေရသူ (မသန်စွမ်းသူ) ကိုသာ ကြည့်ပြီး ပြောဆိုသင့်ပါတယ်နော်။

တကယ်လို့ တစ်ဖက်လူက ဘီးတပ်ကုလားထိုင်ကို အသုံးပြုနေရတဲ့ မသန်စွမ်းသူဖြစ်နေမယ်ဆိုရင်တော့ မသန်စွမ်းသူအနေနဲ့ ‌ကိုယ့်ကိုမော့ကြည့်ပြီး စကားပြောနေရမှာကို ရှောင်ရှားတဲ့အနေနဲ့ရော၊ လေးစားသမှုအနေနဲ့ပါ သူတို့နဲ့ တစ်တန်းတည်းဖြစ်အောင်ထိ ထိုင်ပြီး စကားပြောသင့်ပါတယ်။ အဲ…. ကလေးတစ်ယောက်ကို စကားပြောသလိုမျိုး အားရပါးရကြီး ထိုင်ချပစ်လိုက်တာကျလည်း နည်းနည်းအူတီးအူကြောင် ဖြစ်သွားနိုင်တာမို့ အဲလောက်ထိတော့ မလိုပါဘူးနော့်။

၃။ အကူအညီမပေးခင် မေးမြန်းပါ။

တကယ်လို့ မသန်စွမ်းသူတစ်ယောက်ဟာ တစ်စုံတစ်ခုကိုလုပ်ဖို့ ခက်ခဲနေတယ်လို့ သင်ဟာ မြင်မိတယ်ဆိုပါစို့။ မသိစိတ်ကတော့ ချက်ချင်းကို ပြေးပြီးကူညီချင်မယ်မို့လား….

သူက ဘာလိုချင်သလဲ၊ ဘာဖြစ်ချင်သလဲ မသိဘဲ ဇွတ်ဝင်ကူညီလိုက်တဲ့အခါ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားတာ ဖြစ်နိုင်တာမို့ စေတနာဟာ ဝေဒနာဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ မကူညီခင်တိုင်းမှာ သေချာမေးမြန်းကြည့်ပေးပါနော်။

တစ်ခါတလေမှာ မသန်စွမ်းသူတွေ (People with disabilities PWDs) ဟာ တစ်ခုခုကို လုပ်နိုင်ဖို့ ရုန်းကန်နေရတယ် ထင်ရပေမယ့် သူတို့ဘာသာသူတို့ အဆင်ပြေကြပါတယ်။ အချိန်နည်းနည်း ပိုလိုတာပဲ ရှိတာပါ။ သူတို့မလုပ်နိုင်ဘူးထင်မိရင် သင်က “ ဘာကူပေးရမလဲ ဗျ/ရှင့်” ဆိုပြီး မေးရင်ရပါပြီ။ တခြားနှုတ်ဆက်စကားတွေ မလိုပါဘူး။ မသန်စွမ်းသူတွေ (People with disabilities PWDs) က မလိုဘူးဆိုပြီး ငြင်းခဲ့ရင်တော့ သင့်အနေနဲ့ ကိုယ်သွားစရာရှိတာ ဆက်သွားရုံပါပဲ။ ဒီလိုမဟုတ်ဘဲ ဇွတ်တွေအတင်းတွေ ကူညီမယ်လုပ်နေရင်တော့ ရိုင်းရာကျသွားမှာပါ။

ပြီးတော့ သင်ဟာ ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင် မဟုတ်ဖူးဆိုရင် ကျန်းမာရေးနဲ့ဆိုင်တဲ့ အကြံဉာဏ်တွေကို မသန်စွမ်းသူတွေ (People with disabilities PWDs) ကို မပေးသင့်ပါဘူး။ နာကျင်မှု ခံစားနေရတဲ့ တချို့သူတွေအတွက် ယောဂလုပ်ပါလားဆိုပြီး အကြံပေးလိုက်တာဟာ မထင်မှတ်ဘဲ တိုက်ဆိုင်ပြီး အဆင်ပြေသွားစေနိုင်ပေမယ့် တစ်ဖက်မှာတော့ သူ့ကို အမြဲကုသပေးနေတဲ့ ဆရာဝန်အပေါ် အထင်အမြင်သေးသွားတာမျိုး ဖြစ်လာနိုင်တဲ့အတွက် နောင်အခါ အရေးကြီးကုသမှုတွေ လိုအပ်လာတဲ့အခါ လိုလိုလားလား ဆက်ပြီးခံယူဖို့ ခက်ခဲလာနိုင်ပါတယ်နော့်။

၄။ လေးစားသမှု ရှိပါ။

မသန်စွမ်းသူတွေ (People with disabilities PWDs) နဲ့ စပြီးနှုတ်ဆက်တဲ့အခါ သေချာနှုတ်ဆက်ပါ (ဖြစ်နိုင်ရင် လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားပါ)

တစ်ဖက်သူက လက်လှုပ်ရှားမှု အကန့်အသတ်ဖြစ်နေတဲ့ မသန်စွမ်းသူဖြစ်နေရင်တောင်မှ သူတို့ဟာ ဒီလိုလက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားတာကို အများအားဖြင့် အဆင်ပြေပြေ ကိုင်တွယ်ကျော်လွှားနိုင်ကြပါတယ်။ လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားတာကို ရပ်ပစ်လိုက်တာကမှ သူ့ရဲ့မသန်စွမ်းမှုကို အာရုံစိုက်လိုက်သလိုမျိုး ဖြစ်သွားစေနိုင်တာမို့ မကောင်းပါဘူးနော်။

.

ပြီးတော့ မသန်စွမ်းသူတွေ (People with disabilities PWDs) နဲ့ ပြောဆိုဆက်ဆံရာမှာ အသံအနေအထား အနိမ့်အမြင့်ကို ပုံမှန်အတိုင်းဖြစ်နေဖို့ လိုပါတယ်။ အကြားအာရုံ မသန်စွမ်းသူတွေနဲ့ ပြောဆိုတဲ့အခါ စကားကို ​ဖြည်းဖြည်းလေး ဒါမှမဟုတ် ကျယ်ကျယ်ပြောသင့်တယ်လို့ ထင်တတ်ကြပေမယ့် ကိုယ့်အနေနဲ့ ရိုင်းသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ပုံမှန်ပဲ ပြောပါနော်။

နောက်တစ်ခုအနေနဲ့ အကြားအာရုံမသန်စွမ်းသူနဲ့ စကားပြောတဲ့အခါ သူတို့ကိုပဲကြည့်ပြီး ပြောရမှာပါ။ ကိုယ့်ရဲ့ နှုတ်ခမ်းလှုပ်တာကိုကြည့်ပြီး သူ့အတွက် ကိုယ်ပြောတာကိုနားလည်ဖို့ အကူအညီဖြစ်စေပါတယ်။

တစ်ခါတလေမှာတော့ မမျှော်လင့်ဘဲ စော်ကားသလို စကားမျိုး ပြောမိတတ်ကြပါတယ်။ ဥပမာ – အမြင်အာရုံမသန်စွမ်းသူကို “ နောက်ရက်ကျ တွေ့ရင် ခေါ်နော်” ဆိုတာမျိုးပေါ့။ အဲဒီအခါ ပြောပြီးမှ မကြောက်ပါနဲ့။ လေးလေးနက်နက်နဲ့ သေသေချာချာသာ တောင်းပန်လိုက်ရင် သူတို့ကလည်း အမှတ်မထင် မှားပြောမိတာပဲဆိုပြီး စိတ်ထဲမထားတတ်ကြပါဘူး။

၅။ မေးခွန်းမေးဖို့ လက်မတွန့်ပါနဲ့….

လူတွေက မသန်စွမ်းသူတွေ (People with disabilities PWDs) နဲ့ ပြောဆိုဆက်ဆံတဲ့အခါ စကားမှားမှာကြောက်ပြီး စိတ်တအားလှုပ်ရှားလေ့ရှိကြပါတယ်။ သင့်တော်တယ်ဆိုရင် မေးစရာ/ပြောစရာရှိရင် မေးဖို့/ပြောဖို့ လက်မတွန့်ပါနဲ့နော်။ ဥပမာ – သင်တန်းတစ်ခုကို ဘီးတပ်ကုလားထိုင်နဲ့ သင်တန်းသားတစ်ယောက်က လာတက်မယ်။ သင်ကလည်း ဘယ်နားမှာ ဘီးတပ်ကုလားထိုင်သွားလို့ရတဲ့လမ်း ရှိတယ်ဆိုတာကို သိတယ်ဆိုရင် “ ဘီးတပ်ကုလားထိုင်သွားဖို့/လာဖို့က အနောက်ဘက်မှာ ရှိပါတယ်။ သိရဲ့လား မသိဘူးခင်ဗျာ” ဆိုပြီး မေးကြည့်တာက မသင့်တော်စရာ မရှိပါဘူး။

ကဲ ဒီလောက်ဆိုရင် မသန်စွမ်းသူတွေ (People with disabilities PWDs) ကို ကူညီပေးနိုင်မယ့် နည်းလမ်းတချို့ကို သိသွားကြပြီလို့ ထင်ပါတယ်နော်။ ဒီလို နည်းလမ်းလေးတွေနဲ့သာ ကူညီပေးကြမယ်ဆိုရင် မသန်စွမ်းသူတွေ (People with disabilities PWDs) ကို နေ့စဥ်လူမှုပတ်ဝန်းကျင်ထဲမှာ ပုံမှန်အတိုင်းပါဝင်နေစေဖို့ ဆောင်ရွက်ခြင်း (Social inclusion) ဟာ အောင်မြင်သွားမှာ သေချာပါကြောင်း ပြောကြားရင်း….

“ မသန်သော်လည်း စွမ်းဆောင်နိုင်သူ” အားလုံးကို ဂုဏ်ပြုလျက်…. ????

Dr Frodo

တယ်လီကျန်းမာ ဆရာဝန်တစ်ဦး

Reference : ????

https:// www. wikihow. com /Help-Those-Who-Have-a-Disability

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here