HIV and PEP (November,2023)

0
350

ဆေးတွေအကြောင်းပြောပြီးတဲ့အခါ “P” လေးတွေအကြောင်း ဆက်ပြောမယ်နော်။ ပီလေးတွေဆိုလို့ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေတဲ့ ဟီးရိုး ပီလေးတွေတော့ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်ထဲ HIV ပိုး မရောက်အောင် တန်ပြန်ကာကွယ်ပေးမယ့် ပီလေးတွေ အကြောင်းပါ။ သူတို့ကတော့ “PEP – ပီအီးပီ (ပက်)”, “PrEP – ပီအာအီးပီ (ပရပ်)” နဲ့ “PMTCT – ပီအမ်တီစီတီ” တို့ပါ။
စာရှည်တယ် စာရှည်တယ်ဆိုပြီး ကျားမလေး ပွစိပွစိ ပြောလွန်းလို့ ဒီနေ့တော့ အရှည်ကြီးမဟုတ်ဘဲ Post Exposure Prophylaxis – PEP အကြောင်း တစ်ဖြတ် အရင်ပြောမယ်နော်။ ????


PEP ဆိုတာဘာလဲ ???? ?
PEP ဆိုတာ အင်္ဂလိပ်လို post-exposure prophylaxis (ပို့စ် အိတ်စပိုရှာ ပရိုဖိုင်လက်ဆစ်) ကို အတိုကောက်လေး ခေါ်တာပါ။ post ဆိုတာ နောက်ပိုင်း၊ exposure ဆိုတာ ထိတွေ့မှု၊ prophylaxis ဆိုတာ ရောဂါတစ်ခုခု (ကူးစက်/မကူးစက်) ကို ထိန်းချုပ် သို့မဟုတ် ကာကွယ်ရန်။ အားလုံးပေါင်းလိုက်ပြီး စာအလှဆင်လိုက်ရင် “အရေးပေါ် HIV ပိုးကာကွယ်ဆေး” PEP လို့ ပြောကြပါတယ်။
အင်္ဂလိပ်စာ သင်ပေးတာ ဟုတ်ဘူးနော်။ အရေးပေါ် HIV ပိုးကာကွယ်ဆေးလို့ တန်းပြောလိုက်ရင် နာမည်နဲ့တင်ရှုပ်ပြီး တခြားကာကွယ်ဆေးတွေလို တစ်ခါထိုး နှစ်ခါထိုးအပြီး တစ်သက်လုံး ငြိမ်းအေး… အဲဒီလို ထင်သွားမှာစိုးလို့။ PEP သောက်ရမယ်လို့ ပြောလိုက်ရင် “HIV ပိုးကူးစက်နိုင်တဲ့ နည်းလမ်းတစ်ခုခုနဲ့ ထိတွေ့ပြီး နောက်ပိုင်း ၇၂ နာရီ (၃ရက်) အတွင်း HIVနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေကို သောက်သုံးခြင်း” ဆိုလိုပါတယ်။
နာမည်မှာကိုက အရေးပေါ် HIV ပိုးကာကွယ်ဆေးဆိုတဲ့ အတွက် အရေးပေါ်ပဲနော်။ အရေးမပေါ်ဘဲ သောက်ဖို့အတွက် မဟုတ်ပါ။ အရေးပေါ် သန္ဓေတားဆေး (Emergency Contraceptive Pill) ဆိုတာ ကြားဖူးတယ်ဟုတ်… အဲဒီလို သဘောတရားမျိုးနဲ့ ဆင်တယ်။ ဒါပေမယ့် အရေးပေါ် သန္ဓေတားဆေးကတော့ ကိုယ်ဝန်အတွက်၊ အခု ကျွန်မရဲ့ ပီအီးပီကတော့ HIV ပိုးအတွက်ပေါ့။
PEP ကို အရေးပေါ်အခြေအနေကလွဲပြီး ပုံမှန်သောက်သုံးဖို့ မသင့်ဘူးဆိုတဲ့အတွက် HIV ပိုးကူးစက်နိုင်ခြေရှိတဲ့ risk အခြေအနေတွေ ပုံမှန်ရှိရင်နေရင်ရော… ဘာမှမလုပ်ရတော့ဘူးလား။ ဒီလိုဆိုရင်တော့ ပုံမှန်သုံးလို့ရတဲ့ နည်းမှန်လမ်းမှန် ကွန်ဒုံံးသုံးတာတို့ “HIV ပိုး ကြိုတင် ကာကွယ်ဆေး” လို့ ယေဘုယျခေါ်တဲ့ PrEP – ပရက် (Pre-exposure prophylaxis) နေ့တိုင်းသောက်တာမျိုးတို့ လုပ်လို့ရပါတယ်တဲ့။ PrEP အကြောင်းတော့ နောက်တစ်ရက်မှ ဆက်မယ်နော်။


ဘယ်သူတွေက ပီအီပီ (PEP) သောက်ဖို့ စဉ်းစားသင့်သလဲ?❓
PEP ကိုတော့ HIV ပိုးမရှိတဲ့သူ သို့မဟုတ် HIV ပိုး ရှိ/မရှိ မသေချာတဲ့ သူတစ်ဦးဦးက လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း အောက်ပါဖြစ်ရပ်တစ်ခုခုနဲ့ ကြုံတွေခဲ့သူဆိုရင် သောက်ဖို့ စဉ်းစားသင့်ပါတယ်တဲ့။

  • လိင်ဆက်ဆံရာမှတစ်ဆင့် HIV ပိုး ကူးစက်နိုင်ခြေရှိရင်။ (ကိုယ့်လိင်ဆက်ဆံဖော်ရဲ့ HIV ပိုး ရှိ/မရှိ မသိတာ၊ နည်းမှန်လမ်းမှန် အကာအကွယ် ကွန်ဒုံးမသုံးခဲ့တာ)
  • မူးယစ်ဆေး ထိုးသွင်းဖို့အတွက် ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊ ဆေးဖျော်ပစ္စည်းတွေ မျှဝေသုံးစွဲမိခဲ့ရင်။
  • လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ် ခံခဲ့ရရင်။ (** ဒီလိုကိစ္စ မိမိမှာရှိလာခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနဲ့ အမြန်တိုင်ပင်ဖို့လို့ပါတယ်။ ကိုယ်ဝန်တင် မကဘဲ ကျူးလွန်သူဘက်က ကူးစက်လာနိုင်တဲ့ HIV ပိုးကအစ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ အခြားရောဂါတွေကို ကာကွယ်ဖို့၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ကူညီဖို့ အစရှိတာတွေအတွက် လုပ်စရာလေးတွေ များလို့ပါ **)
  • အလုပ်မှာ HIV ပိုးနဲ့ ထိတွေ့ခံခဲ့ရရင်။ (ကျန်းမာရေးဝန်ထမ်းတွေ၊ အကာကွယ်မပါဘဲ အတူနေမိတဲ့ အပျော်မယ်၊ အပျော်မောင်လေးတွေ)
    အပေါ်ကအချက်တွေထဲ မပါဘဲနဲ့ မိမိကိုယ်မိမိ ကူးစက်နိုင်တယ်လို့ သံသယ ဘာအကြောင်းနဲ့ဖြစ်ဖြစ် ရှိနေတယ်ဆိုရင်လည်း အချိန်မနှေးဘဲ ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးနဲ့ တိုင်ပင်သင့်ပါတယ်နော်။ အနီးအနားမှာ ဆရာ၊ ဆရာမတွေ မရှိနေသေးရင်လည်း တယ်လီကျန်းမာက ဆရာတွေဆီ လာခဲ့လို့ရပါတယ်။


    PEP ကို ဘယ်အချိန်စရမလဲ ⏳ ?
    HIV ပိုး ကူးစက်နိုင်တဲ့နည်းလမ်းနဲ့ ထိတွေ့ပြီးချင်း ၇၂ နာရီ (၃ ရက်) အတွင်း စရမှာပါ။ ပြီးရင် ၂၈ ရက် ကွက်တိ (မပျက်မကွက်၊ မိနစ်မလွဲ နောက်မကျဘဲ) သောက်ရပါတယ်။ PEP ကို ထိတွေ့မှုနောက်ပိုင်း မြန်မြန်စနိုင်လေလေ လူနာအတွက် ပိုကောင်းလေလေပါ။
    သုတေသနတွေအရ HIV ပိုးနဲ့ ထိတွေ့ပြီးနောက် ၇၂ နာရီကျော်မှ စဖြစ်တယ်ဆိုရင်တော့ ဒီ PEP က HIV ပိုးကို ကာကွယ်မပေးနိုင်ဖို့ရာ များပါတယ်တဲ့။ အဲဒါကြောင့် မှတ်ထားနော်… တစ်ခုခု မသင်္ကာတာနဲ့ အမြန်တိုင်ပင်၊ အမြန်မေး၊ သေချာရင် ဆေးအမြန်သောက်ဖို့ပဲ။
    အဲဒါကြောင့် တစ်ခါတလေ PEP သောက်ဖို့ လိုတဲ့ လူနာတွေ ကျွန်မတို့ ဆေးခန်းရောက်လာရင် ဆေးဘယ်လိုသောက်ရမယ် အသေးစိတ်ကို နောက်မှပြောပြီး ဆေးသာ အမြန်အရှာလွှတ်ရတယ်။ နာရီတိုင်း မိနစ်တိုင်းက အရေးကြီးတာကိုး။ ဆေးရပြီ ဆရာမဆိုပြီး လာပြမှသာ စိတ်အေးလက်အေး ဆက်ပညာပေးနိုင်တော့တယ်။


    PEP မှာ ဘယ်လို HIV ဆေးဝါးတွေ ပါဝင်တာလဲ ???? ?
    လိုအပ်တဲ့လူနာ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်မိခင် အစရှိသဖြင့် တစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဘယ်ဆေးပေါင်း PEP ပေးမလဲ ဆုံးဖြတ်ရတာမျိုးရှိပါတယ်။ ရှေ့ရက်တွေမှာ ပြောထားတဲ့ အေအာတီဆေး ရွေးရပုံလေးနဲ့ ဆင်ပါတယ်။
    ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ ရှိနေတဲ့သူကို ပေးရမယ့် PEP ဆေးအမျိုးအစားတွေနဲ့ နေကောင်းကျန်းမာလူငယ် အသက် ၂၀ ကို ပေးရတဲ့ PEP ဆေး မတူသလိုမျိုးပေါ့။ အဲဒီတော့ သံသယရှိတယ်ဆိုရင် နီးစပ်ရာ ဆရာဝန်ဆီပြေးပြီး အကြံဉာဏ်ယူရမယ်နော်။ ကိုယ့်ဘာသာကိုယ် အင်တာနက်ခေါက်ပြီး သောက်ချင်ရာသောက်လို့ မရဘူးရယ်။


    PEP က ဘယ်လောက်ကောင်းသလဲ?????
    PEP ဆေးတွေကို နည်းမှန်လမ်းမှန်နဲ့ သေချာသောက်သုံးမယ်ဆိုရင် HIV ပိုး ကူးစက်ခံရနိုင်ခြေကို အလွန်ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဆေးပညာနဲ့ လောကသဘာဝမှာ ဘယ်အရာမှ ၁၀၀ ရာခိုင်နှုန်း မရှိဆိုသလိုပဲ ၁၀၀ ရာခိုင်နှုန်းကွက်တိ မကူးစေနိုင်တော့တာတော့ မဟုတ်ဘူးနော်။
    အပေါ်မှာ ပြောခဲ့သလို HIV ပိုးနဲ့ ထိတွေ့မှုရှိပြီး နောက်ပိုင်း စောစော PEP သောက်နိုင်လေလေ၊ ထိရောက်မှု အားကောင်းလေလေ… နာရီတိုင်းဟာ စကားပြောတယ်။ ဆေးစသောက်ဖို့ အချိန်ကြာကြာဆွဲလေလေ၊ ဆေးရဲ့ ထိရောက်မှုက ကျသွားတတ်လေလေ ဖြစ်လို့ပါ။
    အရေးကြီးတာတစ်ခုက “အခု ငါ PEP သောက်နေပြီ အေးဆေး၊ ကျန်တာ နားစား” အဲဒီလို မရဘူးနော်။ PEP သောက်နေတဲ့အချိန်မှာလည်း HIV ပိုး ထပ်မကူးစက်အောင် ကာကွယ်တဲ့ အခြားနည်းလမ်းတွေကို လိုက်နာပေးရမှာ (ဥပမာ – လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးတာ၊ မူးယစ်ဆေးသုံးချင်တယ်ဆိုရင် အပ်အသစ်၊ ပစ္စည်းအသစ်တွေကို မမျှဝေဘဲ တစ်ယောက်တည်း သုံးတာမျိုးတွေပေါ့) ကိုယ့်မှာ ပုံမှန်ပါတနာ ရှိနေတဲ့သူဆိုရင် သူ့အတွက်ပါ ထည့်စဉ်းစားပြီး ဆေးသောက်နေတဲ့ ကာလထဲ ကွန်ဒုံးသေချာသုံးပေးဖို့ အရေးကြီးတာပေါ့။


    PEP မှာ ဘေးထွက်ဆိုးကျိုးတွေရှိလား ⚠️ ?
    ဆေးတိုင်းမှာ ကောင်းကျိုးဆိုးကျိုးက အမြဲဒွန်တွဲနေတာဆိုတော့ ရှိတတ်တာပေါ့။ ဒါ အေအာတီ ဆေးတွေမှ မဟုတ်ဘူးနော်… ပါရာစီတမောကစလို့ ဆေးတိုင်းပဲ။ ဘေးထွက်ဆိုးကျိုး မရှိပါဘူးဆိုပြီး ကြော်ငြာရင် အဲဒါ တိုင်းရင်းဆေးဖြစ်ဖြစ်၊ အင်္ဂလိပ်ဆေးဖြစ်ဖြစ်၊ ဘာအရွက်ဘာအမြစ်ပဲဖြစ်ဖြစ် “ ညာတာ၊ ညာတာ” လို့မှတ်။
    ပိစိလေးဖြစ်ဖြစ်၊ အကြီးကြီးဖြစ်ဖြစ် ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးက ဖြစ်နိုင်ခြေရှိတာကိုး။ အခု PEP မှာလည်း အချို့လူတွေမှာ ဘေးထွက်ဆိုးကျိုးလေးတွေ အနည်းအကျဉ်း ရှိတတ်ပါတယ်တဲ့။ ဒါပေမယ့် ဖြစ်ပေါ်လာတတ်တဲ့ ဆိုးကျိုးလေးတွေဟာ ကုသလို့ရပြီး၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေ မပါတတ်ပါဘူးတဲ့။ (ဥပမာပေးရရင် ခေါင်းမူးတာ၊ ပျို့တာ၊ အန်တာ၊ ဓာတ်မတည့်သူဆို ယားယံတာ အစရှိသဖြင့်ပေါ့) အဲဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးစသောက်ဖို့၊ ဆေးစသောက်ပြီးမှ လက္ခဏာတစ်ခုခု ပေါ်လာရင် ပြန်အကြောင်းကြားဖို့၊ မေးဖို့တွေ လိုပါတယ်။ အများစုကတော့ ဘာဆိုးကျိုးမှ ခံစားရလေ့မရှိဘဲ ဆေးကုန်အောင် သောက်ဖြစ်ကြပါတယ်။


    PEP ဆေးမသောက်ခင်နဲ့ ဆေးသောက်အပြီး သွေးစစ်ဖို့လေးတွေလည်း လိုသေးတယ်နော်။ HIV ပိုးနဲ့အထိအတွေ့ရှိတယ်ဆိုပြီး PEP ဆေးမသောက်ခင် ချက်ချင်းစစ်လိုက်ခါမှ positive HIV ပိုး တွေ့နေရင်တော့ PEP မဟုတ်တော့ဘဲ အေအာတီ စသောက်ဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ negative HIV ပိုးလို့ အဖြေထွက်မှာသာ PEP ဆေးကို စပေးမှာပါနော်။
    ဆေးသောက်ပြီး လေးပတ်ကနေ ခြောက်ပတ်အကြာ၊ ဆေးသောက်ပြီး ၃ လအကြာနဲ့ ၆ လ အစရှိသဖြင့် အချိန်အပိုင်းအခြားတွေမှာ သွေးစစ်ဖို့တွေလိုလို့ အသေးစိတ်ကို ကိုယ့်ကိုကြည့်ပေးနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ရမှာပါ။
    နောက်ရက်တွေမှာ PrEP နဲ့ မိခင်မှကလေးသို့ ကူးစက်မှုကာကွယ်ခြင်း (PMTCT) အကြောင်း ထပ်ပြောပြမယ်နော်။
    ဒီကြားထဲ HIV, ART, PEP နဲ့ပတ်သက်ပြီး တိုင်ပင်ချင်တာ၊ သိချင်တာရှိတယ် ဆိုရင်တော့ တယ်လီကျန်းမာ မက်ဆင်ဂျာမှတစ်ဆင့် တယ်လီရဒ် ဆေးခန်းမှာ ဘွတ်ကင်တင်ထားလိုက်လို့ ရပါတယ်။ PEP သောက်ဖို့ လို/မလိုကတော့ အရေးပေါ် မို့လို့ HIV ပိုးနဲ့ အထိအတွေ့ရှိထားတယ်လို့ သံသယဝင်မိရင်တော့ အချိန်မဆွဲမိစေနဲ့နော်။
    နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ ????
    -ဒေါက်တာမာယာ-

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here