ပန်းရောင်ဆား (ဟိမဝန္တာဆား) (Himalayan salt) က သွေးတိုးလူနာတွေအတွက် တကယ်သွေးတိုးကျစေလား…. ????

အားလုံးသိပြီးသား သွေးတိုးအကြောင်းလေးအနည်းငယ် အရင်ရှင်းပြပါမယ်နော်…

သွေးတိုးတယ်ဆိုတာ သွေးကြောတွေအတွင်း ဖိအားတွေများလို့ ဖြစ်တာပါ။ ဘာလို့များလဲဆိုတာတော့…

အသက်ကြိီးလာတော့ သွေးကြောတွေထဲမှာ အဆီတွေစုပုံလာပြီး သွေးကြောနံရံတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားလည်း လျော့ကျသွားတာကြောင့် ဖြစ်လာနိုင်သလို စိိတ်ဖိစီးမှုများတာ၊ နှလုံးခုန်နှုန်းမြန်နေတာ၊ ကိုယ်တွင်း သွေးကြာတွေထဲမှာ ရေကိုဆွဲထားစေတဲ့ ဆား (ဆိုဒီယမ်) အစားများတာ စတာတွေကြောင့် သွေးပေါင်ချိန် တက်နိုင်ပါတယ်။

သွေးပေါင်ပုံမှန်ဖြစ်အောင် သဘာဝနည်းနဲ့ ကုလို့ရလားဆိုတော့ အစားအသောက်ဆင်ခြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးတာ စတာတွေနဲ့ ထိန်းခြင်းအားဖြင့် တက်နေတဲ့ သွေးပေါင်ချိန်ထဲက ၂၀ mmHg လောက် လျော့သွားအောင် လုပ်လို့ရပါတယ်။

ဒီတော့ နေထိုင်စားသောက်မှုပုံစံ ပြုပြင်ခြင်း (lifestyle management) ဟာ သွေးတိုးကုသတဲ့နေရာမှာ အရေးပါတဲ့နေရာက ပါဝင်နေတာပေါ့။ တော်တော်များများမှာတော့ သွေးပေါင်ညှိဆေးလို သွေးကျဆေးမျိုးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေ့စဉ်မပြတ် သောက်သုံးပေးရပါမယ်။ ဒါမှ လေဖြတ်တာလို နောက်ဆက်တွဲတွေကို ကာကွယ်နိုင်မှာပါ။

အငန်တွေစားရင် သွေးတိုးတယ်… ဆားလျှော့စား… ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တွေ လျှော့ရမယ်ဆိုတာ ဆရာဝန်တွေ ပြောလွန်းလို့ ကြားရဖန်များပြီး ရိုးနေလောက်ပါပြီ။ တကယ်လည်း ဆား (ဆိုဒီယမ်) စားရင် သွေးတ်ိုးပြီး ကျောက်ကပ်တို့ နှလုံးတို့အတွက် ဝန်ပိုထမ်းရတော့ အပျက်မြန်နိုင်တယ်နော်။

ဒီနေရာမှာ ဆားနဲ့သွေးတိုး ဆွေစဉ် (၇) ဆက် ရန်သူလိုဖြစ်နေတာကို ဝင်ဖျာခင်းတာကတော့ ပန်းရောင်ဆားပါ။

ပန်းရောင်ဆားက အရောင်လေးကလည်း ဖန်စီ၊ နောက်ပြီး အတုံးကြီးကြီးတွေဆိုတော့ ဆားနဲ့သိပ်မတူ၊ ပြီးတော့ ဆင့်ပွားရောင်းချသူ MLM တစ်သိုက်ကလည်း မားကတ်တင်းလုပ်ထားလေတော့ သွေးတိုးအတွက်ကောင်းတဲ့ ဆားတော့တွေ့ပြီဆိုပြီး လူနာတွေ ဝမ်းသာအားရ ဖြစ်ပါလေရော။

တကယ်တော့ အဲဒီလို မဟုတ်ပါဘူး…

တရုတ်သိုင်းကားတွေထဲကလို အဆိပ်ကို အဆိပ်နဲ့တော့ မတိုက်လိုက်ကြပါနဲ့နော်။

ပန်းရောင်ဆား (Himalayan salt) က တကယ်ပဲ ကြော်ငြာကြသလို ကောင်းလားဆိုတော့…

သူ့မှာပါဝင်တာတွေကို အရင်ပြောပြပါမယ်။ သူက ဆားကြမ်းလို သဘောဖြစ်နေပြီး ပြုပြင်ထားမှု processing နည်းတဲ့အပြင် ကျောက်ခဲတွေက ရရှိတာကြောင့် sodium အပြင် အခြားသတ္တုဓာတ်တွေ ပါဝင်တာပေါ့ (Magnesium တို့လိုမျိုးပါ)

အိမ်သုံး အိုင်အိုဒင်းဆားကတော့ sodium များများရယ်၊ ကလိုရိုက်များများရယ််၊ အိုင်အိုဒင်းအနည်းငယ် (တစ်နေ့တာ လိုအပ်သလောက်နီးနီး) ပါဝင်ပါတယ်။

ရှုပ်တယ် အများကြီး မပြောနဲ့ဆိုရင် …..ပန်းရောင်ဆားလည်း ဆိုဒီယမ်၊ အိမ်သုံးဆားလည်း ဆိုဒီယမ် ပါပဲ။ ပန်းရောင်ဆားက အိမ်သုံးဆားထက်တော့ နည်းနည်းလေး ဆိုဒီယမ်ပါဝင်မှု နည်းပါတယ်။ နည်းနည်းလေးမှ နည်းနည်းလေးနော်။

လူတစ်ယောက်ဟာ တစ်နေ့မှာ လက်ဖက်စားဇွန်း teaspoon နဲ့ ဆားတစ်ဇွန်း စားလို့ရပါတယ်။ ဘယ်သူမှတော့ ဆားကို ဒီအတိုင်း ထိုင်မစားလေတော့ မြင်အောင်ပြောရရင် မိသားစု ၅ ယောက်စာ မနက် ည ချက်တဲ့ဟင်းမှာ အခြား အချိုမှုန့်၊ ငံပြာရည်၊ ငပိရည် မထည့်ဘူး… ဟင်းတစ်မျိုးပဲ ချက်မယ်… တခြား အသုပ်တို့ဘာတို့လည်း မစားဖြစ်ဘူး… အဲဒီဟင်းကိုပဲ ထမင်းနဲ့ ၃ နပ်စားမယ်ဆို အဲဒီဟင်းချက်တဲ့ထဲ ဆားကို လက်ဖက်စားဇွန်း ၅ ဇွန်းထည့်လို့ရတယ်လို့ ပြောချင်တာ။

ပဲငံပြာရည်တို့၊ အချိုမှုန့်တို့ ထည့်ချက်မယ်ဆိုရင်တော့ အဲဒါတွေထဲက ဆိုဒီယမ် ရဦးမှာဆိုတော့ လက်ဖက်စားဇွန်း ၂ ဇွန်းလောက်ပဲ ဟင်းထဲ ထည့်ချက်သင့်တယ်နော်။ ဒါက နမူနာတွက်ပြတာ… အသေးစိတ်သိချင်ရင်တော့ တယ်လီကျန်းမာရဲ့ အာဟာရဆေးခန်းမှာ လာပြပါပေါ့ ????

ပန်းရောင်ဆားကို သွေးတိုးအတွက် ကောင်းစေတယ်လို့ ပြောတာကတော့ လုံး၀မှားယွင်းနေပါတယ်။ ဆားက ဆားပါပဲ… များများစားရင် သွေးတိုးမှာပါပဲ။

ပန်းရောင်ဆားလည်း အိမ်သုံးဆားပမာဏလောက်ပဲ စားလို့ရတာကို သွေးတိုးသမားတည့်တယ်ဆိုပြီး စွတ်ထည့်စားရင်တော့ သွေးတိုးပိုဆိုးလာမှာပဲ။ နောက်ပြီး အိုင်အိုဒင်းချို့တဲ့တာလည်း ဖြစ်နိုင်တယ်နော်…ရေရှည်မှာပေါ့။

ဆားအစားထိုး ဘာတွေစားရမလဲဆိုတော့ ဒီလိုမှတ်လို့ရပါတယ်…

သွေးတိုးနဲ့ ရန်ဘက်က ဆိုဒီယမ်၊ သူရဲကောင်းကတော့ ပိုတက်စီယမ်ပါ။ ကျောက်ကပ်ကောင်းနေတဲ့သူတွေမှာ သွေးတိုးကောင်းချင်ရင် ဆားလျှော့စား (ဘာဆားဖြစ်ဖြစ် လျှော့ရမှာပဲနော်) ပြီးရင် ပိုတက်စိီယမ် များများပေးတဲ့ အသီးအရွက်နဲ့ အသီးအနှံတွေကို ပိုစားပေးပါ။ မုန့်ထုပ်တွေထက် အသီးအနှံတွေကို ပိုစားလို့ပြောချင်တာပါ။

ဒါပေမယ့် ကိုယ့်ကို တစ်နေ့မှာ ပိုတက်စီယမ် ဘယ်လောက်ပဲစားပါလို့ ဆရာဝန်က ကန့်သတ်ထားရင်တော့ ပိုတက်စီယမ် ကြွယ်ဝတာတွေကိုပါ ကန့်သတ်ပြီး စားဖို့လိုပါမယ်နော်။ ပိုတက်စီယမ် ဆားတွေကိုလည်း ဒီလိုလူတွေမှာ လုံး၀ရှောင်ရပါမယ်နော်။

ကဲ များချေပြီ…

မှတ်မိလွယ်သွားအောင် ဒါလေးကို ၃ ခါ လိုက်ဆိုကြည့်ပေါ့…

“ပန်းရောင်ဆားလည်း ဆိုဒီယမ်၊ အိမ်သုံးဆားလည်း ဆိုဒီယမ်“

ဒီတော့ သွေးတိုးမကျဘဲ လည်ပင်းကြီးလာမယ့် တစ်ပူပေါ် နှစ်ပူဆင့်မယ့်အဖြစ်ကို ရှောင်လွှဲနိုင်ဖို့အပြင် ကုန်စျေးနှုန်း​လည်း ချွေတာရအောင် ရိုးရိုးအိုင်အိုဒင်းဆားပဲ ပိုကောင်းပါတယ်လေ…။

အာဟာရဆရာဝန်တစ်ဦး

တယ်လီကျန်းမာ

Reference : ????

Loyola IP, Sousa MF, Jardim TV, Mendes MM, Barroso WKS, Sousa ALL, Jardim PCBV. Comparison between the Effects of Hymalaian Salt and Common Salt Intake on Urinary Sodium and Blood Pressure in Hypertensive Individuals. Arq Bras Cardiol. 2022 May;118(5):875-882. English, Portuguese. doi: 10.36660/abc.20210069. PMID: 35137791; PMCID: PMC9368875.

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here