Hiatus hernia ဆိုတာ အစာရေမျိုပြွန်နဲ့ တစ်စပ်တည်းဖြစ်နေတဲ့ အစာအိမ်ရဲ့အထက်ပိုင်းဟာ ရင်ဝမ်းခြားကြွက်သားမှာရှိတဲ့ hiatus လို့ခေါ်တဲ့ အပေါက်ကနေတစ်ဆင့် ရင်ဘတ်ပိုင်းကို ကျွံထွက်သွားတာ ဖြစ်ပါတယ်။

Hiatus hernia ဟာ အဖြစ်များပြီး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်မှာ ဖြစ်နိုင်ပါတယ်။

..

..

????ရောဂါလက္ခဏာတွေ

လူအများစုမှာ hiatus hernia ကြောင့် ပြဿနာမဖြစ်တတ်ပေမယ့် အစာအိမ်အတွင်းက အက်စစ်ဓာတ်ပါတဲ့အရည်တွေ အပေါ်ကိုပြန်ထွက်တဲ့အခါ (တစ်နည်းခေါ်ရရင်) စားချဉ့်ပြန်တဲ့အခါမှာ ရင်ပူတတ်ပါတယ်။

ရင်ထဲမှာ ပူလောင်နာကျင်ပြီး တစ်ခါတစ်ရံမှာ လည်ချောင်းအထိ ခံစားရတတ်ပါတယ်။

လှဲချတဲ့အခါ (ဒါမှမဟုတ်) ခါးကုန်းတဲ့အခါ ပျို့ပြီး အက်စစ်ပါတဲ့အရည်တွေဟာ ပါးစပ်ထဲထိ ရောက်လာတတ်ပါတယ်။

အထူးသဖြင့် ညအိပ်တဲ့အခါ အနှောင့်အယှက် ဖြစ်စေပြီး ပြန်နိုးစေပါတယ်။

.

တခြားရောဂါလက္ခဏာတွေ အနေနဲ့

– လေချဥ်တက်ခြင်း

– ပူနွေးတဲ့အရည် မျိုချတဲ့အခါ နာကျင်ခြင်း

–အစာရေမျိုပြွန်မှာ အစာကပ်ကျန်နေသလို ခံစားရခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

..

..

????ဘယ်သူတွေမှာ ဖြစ်တတ်လဲ ?

အဝလွန်တဲ့ လူလတ်ပိုင်း အမျိုးသမီးတွေနဲ့ အသက်ကြီးတဲ့သူတွေမှာ အများဆုံး တွေ့ရပါတယ်။

ကိုယ်ဝန်ဆောင်စဥ်အခါမှာလည်း ဖြစ်နိုင်ပါတယ်။

..

..

????Hiatus hernia ဖြစ်နေတာကို ဘယ်လိုသိနိုင်လဲ ?

– အစာအိမ်မှန်ပြောင်း (Oesophagogastroduodenoscopy – OGD scopy) ကြည့်ပြီး သိနိုင်ပါတယ်။

..

..

????ဘယ်လို အန္တရာယ်တွေ ရှိလဲ ?

Hiatus hernia က အပြင်းအထန် ဖြစ်လေ့မရှိပေမယ့် တစ်ခါတစ်ရံမှာ အစာရေမျိုပြွန်ရဲ့ အောက်ဆုံးပိုင်းတွေ ရောင်ရမ်းတတ်ပါတယ်။ ဒါကို reflux oesophagitis လို့ ခေါ် ပြီး သွေးထွက်တာ (ဒါမှမဟုတ်) အစာရေမျိုပြွန် ကျဥ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။

Hiatus hernia သီးသန့်ဆိုရင် ကင်ဆာဖြစ်နိုင်​ခြေ မရှိသလောက်နည်း​ပေမယ့် ​နောက်ဆက်တွဲ ဆိုးကျိုး​တွေဖြစ်တဲ့ ရောင်ရမ်းတာ​တွေပါလာရင်​တော့ ကင်ဆာ​ပြောင်းသွားနိုင်ပါတယ်။

..

..

????ဘယ်လို ကုသမလဲ ?

ကိုယ်တိုင်လုပ်နိုင်တာတွေက…

– ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းပါ။

– ခါးကုန်းတာကို ရှောင်ပါ။

– ဆေးလိပ်မသောက်ပါနဲ့။

– အရက်၊ ကော်ဖီသောက်တာ လျှော့ပါ။

– ကျပ်တည်းတဲ့အဝတ်အစား အထူးသဖြင့် ခါးမှာပတ်တဲ့ ကျပ်တည်းတဲ့အဝတ်အစားတွေ မဝတ်ပါနဲ့။

– ခေါင်းပိုင်းမြှင့်ပြီး အိပ်ပါ။

– အစာအိမ်ဆေး (Antacid) သုံးပါ။

– အစာကို နည်းနည်းချင်း စားပါ။

– အပူအစပ်စာတွေ လျှော့စားပါ။

– ပုံမှန်အစာစားချိန်ထက် နောက်ကျမှ စားတာမျိုး မလုပ်ပါနဲ့။

– Gas ပါတဲ့ ဖျော်ရည်တွေ မသောက်ပါနဲ့။

ကိုယ်အလေးချိန်လျှော့ချခြင်းဟာ hiatus hernia ကို အမြဲလိုလို ကုသနိုင်ပါတယ်။

အစာကို ၂ ခါ၊ ၃ ခါ များများစားမယ့်အစား နည်းနည်းလေးနဲ့ အကြိမ်ပေါင်းများစွာ စားတာက သက်သာရာ ရစေပါတယ်။

ညနေစာကို ပေါ့ပေါ့ပါးပါးပဲ စားပြီး အစာပြေစားစရာတွေ ရှောင်ပါ။ ဒါမှသာ ညအိပ်တဲ့အခါ အစာအိမ်ထဲမှာ အစာမကျန်မှာ ဖြစ်ပါတယ်။ အစာအိမ်ထဲကအစာတွေ အားလုံးရှင်းသွားဖို့ဆို ၂ နာရီလောက် ကြာတတ်ပါတယ်။

ဆေးလိပ်၊ အရက်နဲ့ ကော်ဖီတွေဟာ အ​ခြေအနေကို ပိုဆိုးစေပါတယ်။

ညအခါ ရောဂါလက္ခဏာတွေ ခံစားရတဲ့အခါ ခေါင်းအုံးအပို သုံးလို့ရပါတယ်။ ခေါင်းအုံးနဲ့ အဆင်မပြေရင် အိပ်ရာခေါင်းရင်းကို ၁၀ စင်တီမီတာလောက်အထိ မြှင့်လိုရပါတယ်။

..

..

????ဆေးဝါး အကူအညီ

အထက်ပါနည်းလမ်းတွေနဲ့ မသက်သာရင်တော့ စားချဉ့်ပြန်တာ သက်သာအောင် ဆရာဝန်က ဆေးညွှန်ကြားပေးပါလိမ့်မယ်။

ဆေးနဲ့ မသက်သာရင်တော့ ခွဲစိတ်မှုပြုလုပ်ရတာမျိုး လိုအပ်နိုင်ပါတယ်။

အရေးကြီးဆုံးအနေနဲ့ မှတ်ထားဖို့လေးကတော့…

*** Hiatus hernia သက်သာစေဖို့ ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ် ***

.

ဒီလောက်ဆိုရင်တော့ Hiatus hernia အကြောင်းလေးကို သိသင့်သလောက် သိရှိပြီလို့ ထင်ပါတယ်နော်…

.

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.287

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here