အနာကြီးရောဂါအကြောင်း သိကောင်းစရာ ✅

ဒီနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ဟာ “ကမ္ဘာ့အနာကြီးရောဂါနေ့” ဖြစ်တဲ့အတွက် အနာကြီးရောဂါအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

အနာကြီးရောဂါ (Hansen’s disease) ကို လက်ပရိုစီ (Leprosy) လို့ ပိုပြီးအသိများကြပါတယ်။ Mycobacterium leprae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ လွန်စွာမှကို နှေးကွေးစွာကြီးထွားလာလေ့ရှိတာကြောင့် ကူးစက်မှုဖြစ်ပွားပြီး လက္ခဏာတွေပေါ်လာဖို့ နှစ် (၂၀) လောက်အထိ အချိန်ကြာတတ်ပါတယ်။

အနာကြီးရောဂါက နှာခေါင်းရဲ့အတွင်းမျက်နှာပြင်၊ အရေပြားနဲ့ မျက်လုံးတွေအပြင် အာရုံကြောတွေကိုပါ ထိခိုက်စေပြီး အရေပြားအောက်မှာ ဖောင်းမို့လာစေပါတယ်။ ဖြစ်ပွားတဲ့နေရာမှာ အထိအတွေ့နဲ့ နာကျင်မှုကို အာရုံခံနိုင်စွမ်းလျော့စေပြီး ထိခိုက်ရှနာနဲ့ အပူလောင်တာတွေကို အလွယ်တကူဖြစ်စေပါတယ်။

များသောအားဖြင့် ဖြစ်ပွားတဲ့အရေပြားကို အရောင်ပြောင်းစေပြီး ခြောက်သွေ့စေ၊ အလွှာလိုက်ကွာကျစေ၊ အထိအတွေ့အာရုံကို နည်းစေပါတယ်။ ရောင်ရမ်းမှုကြောင့် အရေပြားနီမြန်းနေတာမျိုးလည်း ဖြစ်စေတတ်ပါတယ်။

မကုသဘဲထားမယ်ဆိုရင် အာရုံကြောထိခိုက်မှုကနေတစ်ဆင့် လက်နဲ့ခြေထောက်‌တွေကို သွက်ချာပါဒဖြစ်သွားစေပါတယ်။ အာရုံခံစားမှု မရှိတော့တဲ့အတွက် အနာတရဖြစ်ရင်တောင် မသိနိုင်တော့ဘဲ အနာပိုကြီးလာပြီး ခြေတွေ၊ လက်တွေကို ဖြတ်တောက်ရတဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်။ မျက်နှာကအာရုံကြောတွေကို ထိခိုက်မိရင်တော့ မျက်ကြည်လွှာ ပြည်တည်နာနဲ့ အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အနာကြီးရောဂါ ဘယ်လိုကူးစက်လဲ

သိပ္ပံပညာရှင်တချို့ကတော့ အနာကြီးရောဂါရှိတဲ့သူက ‌နှာချေလိုက်ချိန်၊ ချောင်းဆိုးလိုက်ချိန်မှာ ဘက်တီးရီးယားတွေပျံ့သွားပြီး ကူးစက်နိုင်တယ်လို့ တွေးကြပါတယ်။ အနာကြီးရောဂါကို မကုသဘဲနေသူတစ်ဦးနဲ့ လပေါင်းများစွာ အတူတူနေထိုင်ထိတွေ့မိတာကြောင့်လည်း ကူးနိုင်ပါတယ်။

– အနာကြီးရောဂါရှိသူကို လက်ဆွဲနှုတ်ဆက်တာ

– ဖက်တာ

– ဘေးချင်းကပ်ထိုင်တာ

– ထမင်းအတူတူ ထိုင်စားတာတွေကြောင့်တော့ မကူးစက်နိုင်ပါဘူးနော်။

အနာကြီးရောဂါရှိသူနဲ့ လိင်ဆက်ဆံမိတာကြောင့်လည်း မကူးနိုင်သလို မိခင်မှာရောဂါရှိလို့လည်း ရင်သွေးဆီကို မကူးနိုင်ပါဘူး။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားက လက္ခဏာပြဖို့အရေး အချိန်အ‌တော်ကြာတာကြောင့် ဘယ်ကနေဘယ်လိုကူးစက်လာမှန်း မသိကြတာများပါတယ်။ အမေရိကတိုက်တောင်ပိုင်းမှာတော့ အမာဒီလိုလို့ခေါ်တဲ့ အကောင်လေးတွေက ဘက်တီးရီးယားကို သဘာဝအတိုင်းကူးစက်ခံရပြီး လူတွေဆီ ပြန်ကူးစေဖူးတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေက တအားကိုနည်းပါတယ်။

ကံကောင်းတာတစ်ခုကတော့ ကမ္ဘာ့လူဦးရေရဲ့ (၉၅) ရာခိုင်နှုန်းကျော်က အနာကြီးရောဂါကို သဘာဝအတိုင်း ခုခံနိုင်စွမ်းရှိကြတဲ့အတွက် ရောဂါဖြစ်နိုင်ခြေ သိပ်နည်းတာပါပဲနော်။

အနာကြီးရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ

အရေပြားပေါ်မှာတွေ့ရတဲ့ လက္ခဏာတွေက…

????အရောင်နု (သို့) အရောင်မဲ့အကွက်များ တွေ့ရခြင်း (အဲဒီနေရာမှာ ထုံနေတတ်ပြီး ပုံမှန်အရေပြားထက် သိသိသာသာ အရောင်မှိန်ပါတယ်)

????အသားပိုများ ထွက်လာခြင်း

????ထူထဲမာခေါက်ပြီး ခြောက်သွေ့လာခြင်း

????ခြေဖဝါးမှာ မနာကျင်တဲ့ ပြည်တည်နာများဖြစ်ခြင်း

????မျက်နှာနဲ့ နှာရွက်ဖျားမှာ မနာကျင်ဘဲ ရောင်ရမ်းခြင်း၊ အဖုထွက်ခြင်း

????မျက်ခုံးမွှေး၊ မျက်တောင်မွှေးများ ကျွတ်ခြင်းတို့ ဖြစ်ပါတယ်။

.

အာရုံကြောထိခိုက်မှုကတစ်ဆင့် ဖြစ်စေတဲ့လက္ခဏာတွေကတော့…

????အရေပြားမှာ အထိအတွေ့အာရုံ မခံစားနိုင်ခြင်း

????ကြွက်သားအားနည်းခြင်း၊ သွက်ချာပါဒဖြစ်ခြင်း

????အကြောများ ကြီးလာခြင်း

????မျက်လုံးရောဂါများ ဖြစ်လာခြင်းတို့ကို ခံစားရနိုင်ပါတယ်။

.

နှာခေါင်းအတွင်းကို ထိခိုက်မိရင်တော့…

????နှာခေါင်းသွေးလျှံခြင်း

????နှာခေါင်းပိတ်ခြင်းများ ဖြစ်ပွားလေ့ရှိပါတယ်။

.

ဒါ့အပြင် မကုသဘဲ ရောဂါသက်တမ်းကြာလာတဲ့အခါ…

????ခြေ၊ လက်များ မသန်စွမ်းတော့ခြင်း

????လက်ချောင်း၊ ခြေချောင်းများ တိုလာခြင်း

????မပျောက်ကင်းတော့တဲ့ ပြည်တည်နာများ များလာခြင်း

????မျက်လုံးကွယ်ခြင်း

????နှာခေါင်းပုံပျက် ချို့ယွင်းခြင်းများအထိ ဖြစ်လာနိုင်ပါတယ်။

အများစုပြောကြသလို အနာကြီးရောဂါဖြစ်ရင် လက်ချောင်း၊ ခြေချောင်းတွေ ပြတ်ကျနိုင်လား

မပြတ်ကျနိုင်ပါဘူး။ အထိအတွေ့ကို မသိရှိမခံစားနိုင်လို့ အနာဖြစ်ရင် ပြင်းထန်လာမှန်းမသိဘဲ မကုသမိမှသာ ကူးစက်မှုတွေဆက်ဖြစ်ပြီး ဖြတ်တောက်ရတာပါ။

အနာကြီးရောဂါကို ကုသနိုင်လား

ပဋိဇီဝဆေး (Antibiotic) တွေနဲ့ ကုသပေးနိုင်ပါတယ်။

သိသိချင်းမှာ ကုသသင့်ပြီး အာရုံကြောထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်သင့်ပါတယ်။ ကုသနေရင်း အရေပြားအရောင်ပြောင်းတာ၊ နီရဲလာတာ၊ နာကျင်လာတာ၊ ထုံလာတာတွေရှိရင် ပြသနေတဲ့ဆရာဝန်ကို ချက်ချင်းပြောရပါမယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကိုလည်း သူကိုယ်တိုင်က ရပ်ဖို့ပြောမှသာ ရပ်သင့်ပြီး ဆက်တိုက်သောက်ပေးရမှာ ဖြစ်ပါတယ်။ ဆေးသောက်လိုက်၊ မသောက်လိုက်ဆိုရင်တော့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားက ထပ်ကြီးထွားလာဦးမှာပါ။

အနာကြီးရောဂါရှိသူတွေက နှိမ်စရာမဟုတ်သလို ခွဲခြားဆက်ဆံခံရမယ့်သူတွေ မဟုတ်ပါဘူး။ လူ့ပတ်ဝန်းကျင်ကနေ ခွဲခွာပြီးနေထိုင်စရာ မလိုပါဘူး။ မိသားစုနဲ့အတူတူ၊ သူငယ်ချင်းတွေနဲ့အတူတူ နေထိုင်ရင်း သွားလာလှုပ်ရှားနိုင်ပါတယ်။ ကျောင်းတက်နိုင်ပါတယ်။ အလုပ်လုပ်နိုင်ပါတယ်နော်။

အများစုက အနာကြီးရောဂါရှိသူတွေကို ခွဲခြားဆက်ဆံကြတဲ့အတွက် ကာယကံရှင်တွေက ရောဂါကုသရမှာကို ရှက်ရွံ့သွားကြလို့သာ မပျောက်ကင်းဘဲ ဆိုးရွားလာလေ့ရှိကြတာပါ။ ဒါကြောင့် အနာကြီးရောဂါရှိသူတွေကိုတွေ့ရရင် အားပေးကူညီပြီး လိုအပ်တဲ့ကုသမှုကိုခံယူဖို့ တိုက်တွန်းသင့်ပါတယ်နော်။

Reference : ????

https : // www . cdc . gov /leprosy/world-leprosy-day/index.html

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here