♦️ဘယ်လိုတွေ့ရလေ့ရှိသလဲ ?

လူငယ်တွေနဲ့ အသက်လတ်အရွယ်အမျိုးသားတွေမှာ (ပုံမှန်အမျိုးသားတစ်ယောက်မှာမြင်နေကျ ရင်သားနဲ့မတူဘဲ) ရင်သားတစ်ရှူးတွေ ဆူထွက်လာတာကိုမြင်ရတာပါ။ ဝလို့အဆီတွေများပြီးစုနေရင်တော့ ရင်သားကြီးတယ်မခေါ်ပါဘူး။ တကယ်ရင်သားကြီးလာတာက ဟော်မုန်းဓာတ်တွေမညီမျှလို့ ဖြစ်လာတာပါ။

* ယောကျာ်းတွေမှာ ပုံမှန်လည်းရင်သားရှိပေမယ့် မိန်းကလေးတွေနဲ့တော့ မတူပါဘူး။ ရင်သားတစ်ရှူးအနည်းငယ်သာ ပါပါတယ် *

♦️ဟော်မုန်းဓာတ်တွေဆိုတာ ဘာလဲ ?

အမျိုးသားရော အမျိုးသမီးရောမှာ ကျားဟော်မုန်း(testosterone)နဲ့ မဟော်မုန်း(estrogen) နှစ်မျိုးလုံးပါပါတယ်။ အမျိုးသားတွေတွေမှာ ကျားဟော်မုန်းပိုပါပြီး မိန်းကလေးတွေကတော့ မဟော်မုန်းပိုပါကြပါတယ်။

ဟော်မုန်းနှစ်ခုလုံးက ရုပ်ပိုင်းဆိုင်ရာသာမက လိင်စိတ်ဆန္ဒပိုင်းဆိုင်ရာကိုပါ သက်ရောက်မှုရှိပါတယ်။

♦️ဘာလို့ရင်သားကြီးလာတာလဲ ?

ယောကျာ်းလေးတွေက အရွယ်ရောက်နေတုန်းကာလမှာ ကျားဟော်မုန်းနည်းနည်းပဲထုတ်ရင် (ဒါမှမဟုတ်) အသက်ကြီးတဲ့အမျိုးသားတွေမှာ ကျားဟော်မုန်းထုတ်တာနည်းလာရင် ဟော်မုန်းတွေပုံမမှန်တော့ဘဲ မဟော်မုန်းကပိုများနေတတ်ပါတယ်။

များနေတဲ့မဟော်မုန်းတွေက ရင်သားတစ်ရှူးတွေကို ဆူလာစေတာပါ။ အရွယ်ရောက်ခါစ ဆယ်ကျော်သက်တစ်ဝက်လောက်နဲ့ အသက်ငါးဆယ်အထက်လူကြီးသုံးပုံနှစ်ပုံမှာ ရင်သားအတော်အသင့်ကြီးနေတာတွေ့ရတတ်ပါတယ်။

♦️လက္ခဏာတွေကဘာတွေလဲ ?

ပထမဆုံးခံစားရတာက ရင်သားမှာအလုံး(သို့)အဖုလေးစမ်းမိတာပါ။

တစ်ခါတလေ နာတာ ရောင်တာရှိပါတယ်။

ရင်သားတစ်ဖက်နဲ့တစ်ဖက်လည်း အရွယ်အစား မတူညီတတ်ပါဘူး။တစ်ဖက်ကပိုကြီးနေတတ်ပါတယ်။

♦️အမျိုးသားတွေမှာ ရင်သားကြီးစေတဲ့ အချက်များ

• အရွယ်ရောက်ခါစ (သို့) အသက်ကြီးသောအချိန်မှာ ဟော်မုန်းဓာတ်မညီတာ

• ကျားဟော်မုန်းထုတ်သောဝှေးစေ့ ထိခိုက်ဒဏ်ရာရမိတာ

• ကြီးထွားမှုနဲ့လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လိင်စိတ်ဆန္ဒတို့အတွက်အရေးကြီးသော ဟော်မုန်းထုတ်နေရာသိုင်းရွိုက်ဂလင်း (Thyroid gland) ပြဿနာများ

• အဆုတ်ကင်ဆာ ၊ Pituitary glandကင်ဆာ ၊ကျောက်ကပ်အပေါ်ရှိ သေးငယ်သောဂလင်းလေးများ (Adrenal glands)ကင်ဆာ

• အဝလွန်ခြင်း

• စတီးရွိုက်၊ ဆေးခြောက်၊ ဟီရိုရင်းသုံးခြင်း

• ကျောက်ကပ်ရောဂါရှိသူများ

• အသည်းရောဂါရှိသူများ

• တစ်ချို့မွေးကင်းကစလေးတွေမှာ အမေဆီကဟော်မုန်းရှိနေသေးတဲ့အချိန်ဆို ရင်သားကြီးတတ်ပါတယ်။

• တစ်ချို့ဆေးတွေသောက်ခြင်းကလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ရင်သားကြီးတတ်ပါတယ်

ဥပမာ…

– HIV ဆေးများ

– အားကစားသမားများသောက်လေ့ရှိတဲ့ စတီးရွိုက်များ၊ ဟော်မုန်းဆေးများ

– ဆီးကြိတ်ကြီးတဲ့အခါသောက်ရတဲ့ဆေးများ

– စိတ်ဖိစိမှုလျော့ချသောဆေးများ(ဥပမာ-Diazepam)

– Digoxin ကဲ့သို့နှလုံးရောဂါကုဆေးများ

– အစာအိမ်အနာအတွက်ဆေးများ(ဥပမာ-cimetidine)

♦️ဘယ်လိုကုသကြမလဲ ?

အများစုကမကုသဘဲ သူ့ဘာသာပြန်ကောင်းကြပါတယ်။ အရွယ်မရောက်ခင်ဖြစ်ရင်တော့ (၆)လကနေ (၃)နှစ်အတွင်း ပြန်ကောင်းတတ်ပါတယ်။

တချို့လူတွေမှာဆိုရင်တော့ ပြန်မကောင်းဘဲ ဆရာဝန်ဆီမှာကုသမှုခံယူကြရပါတယ်။ ခွဲစိတ်ကုသမှု၊ အဆီထုတ်ကုသခြင်းအထိ လုပ်ကြပါတယ်။

♦️နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲ ?

အမျိုးသားမှာရင်သားကြီးလာတဲ့အတွက်အဓိက ကတော့ရှက်တာ၊ စိတ်ဓာတ်ကျလာတာပါ။

* ပျောက်အောင်ကုလို့ရတဲ့အတွက် မိမိမှာရင်သားကြီးတယ်ထင်ပြီး စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ကုသလို့ရပါတယ် *

♦️ဘယ်လိုကာကွယ်ကြမလဲ ?

– တရားမဝင်သော၊ ဆရာဝန်ညွှန်ကြားချက်မပါ​သောဆေးများ မသောက်ပါနဲ့

– အရက်အလွန်အကျွံမသောက်ပါနဲ့

– မိမိသောက်နေသောဆေးထဲမှာ ရင်သားကြီးစေနိုင်တဲ့ဆေးပါတယ်လို့သံသယရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

Reference- ????

https://www. webmd .com

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here