လူတွေပြောပြောနေကြတဲ့ ဂေါက်ရောဂါ (Gout) ရောဂါဆိုတာဘာလဲ?

Gout ရောဂါဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ခြေဆစ်၊ လက်ဆစ်တွေနဲ့ တခြားအရိုးအဆစ်ကြီးကြီးမားမားတွေ (ဥပမာအားဖြင့် တံတောင်ဆစ်နဲ့ ဒူးဆစ်တွေ)မှာ Uric Acid Crystals လို့ခေါ်တဲ့ ပုံဆောင်ခဲလေးတွေကတစ်စထက်တစ်စ စုပုံလာပြီးတဲ့နောက်မှာ အဲ့ဒီအရိုးအဆစ်လေးတွေကရောင်ရမ်းလာပြီးတော့အရိုးအဆစ်လေးတွေနာကျင်လာတဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ပုံမှန်မှာတော့ ခန္ဓာကိုယ်ထဲကနေ Purine လို့ခေါ်တဲ့ Protein ဓာတ်တစ်မျိုးကို ကျောက်ကပ်ကနေတစ်ဆင့် စွန့်ထုတ်ရပါတယ်။ အဲ့ဒီ Purine လို့ခေါ်တဲ့ Protein ကို အကြောင်းကြောင်းကြောင့် ကျောက်ကပ်ကနေမစွန့်ထုတ်နိုင်တဲ့အခါ၊ ဒါမှမဟုတ် ကျောက်ကပ်ကနေစွန့်ထုတ်နိုင်တဲ့ပမာဏထက် ခန္ဓာကိုယ်မှာများပြားလွန်းနေတဲ့အခါမှာ အဲ့ဒီ Purine Protein က Uric Acid ဖွဲ့စည်းတည်ဆောက်တဲ့နေရာမှာ ဓာတ်ကူပစ္စည်းအနေနဲ့ကူညီဆောင်ရွက်ပေးလိုက်တဲ့အတွက် Uric Acid ကများသထက်များလာပါတော့တယ်။

???? Gout ရောဂါလက္ခဏာတွေကဘာတွေလဲ?

Uric Acid Crystal ပုံဆောင်ခဲလေးတွေက ခန္ဓာကိုယ်ထဲမှာများပြားလာပြီး ခြေဆစ် (များသောအားဖြင့်ခြေမရဲ့ပထမအဆစ်ဘေး)၊ လက်ဆစ်၊ ပခုံးဆစ်နဲ့ ဒူးဆစ်တွေမှာ သွားရောက်စုပုံပြီးတဲ့နောက်မှာ ထိုအဆစ်တွေက ရောင်ရမ်းလာပြီး မခံနိုင်လောက်အောင် နာကျင်ကိုက်ခဲလာတတ်ပါတယ်။ အဆစ်တွေနာကျင်ကိုက်ခဲလာတာက တခြားလက္ခဏာတွေမပြပဲ ရုတ်တရက်ဆိုသလိုဖြစ်လာတတ်ပါတယ်။ ယေဘုယျအားဖြင့်ကတော့ မနက်စောစောပိုင်းတွေမှာ ခြေဆစ်လက်ဆစ်တွေက အထိမခံနိုင်လောက်အောင်၊ ကိုယ်ခြုံတဲ့စောင်နဲ့ကိုယ်အိပ်တဲ့အိပ်ယာခင်းရဲ့ဖိတဲ့ဒဏ်ကိုတောင်မခံနိုင်လောက်အောင်၊ မထိမကိုင်နိုင််လောက်အောင်ကို နာကျင်ရောင်ရမ်းတတ်ပါတယ်။အဆစ်ကနာကျင်နေတဲ့အပြင်ရောင်ရမ်းနေတာကြောင့် အဆစ်ပေါ်ကအရေပြားကလည်း နီနီပြောင်ပြောင်လေးဖြစ်ပြီး ခြောက်သွေ့နေတတ်ပါတယ်။ ပထမဆုံးစဖြစ်ဖြစ်ချင်းမှာတော့ အဆစ်တစ်ခုလောက်ပဲရောင်ရမ်းနာကျင်ကိုက်ခဲနေတတ်ပြီး နာရီအနည်းငယ်ကနေ ၂ရက်၊ ၃ရက်ကြာပြီးတဲ့နောက်မှာ ကုသမှုကို ဘယ်လောက်မြန်မြန်စတင်ခံယူနိုင်လဲဆိုတာပေါ်မူတည်ပြီး ပျောက်ကင်းသွားတတ်ပါတယ်။ တစ်ချို့ကတော့တစ်ဘဝလုံးမှာမှ တစ်ခါလောက်ပဲအထက်ပါလက္ခဏာတွေကိုခံစားရတတ်ပါတယ်။

???? ဘယ်သူတွေက Gout ရောဂါ ဖြစ်လေ့ရှိလဲ?

ပြောရရင်တော့လူတွေရဲ့ကျောက်ကပ်ကဘယ်လောက်အလုပ်လုပ်နိုင်လဲအပေါ်မှာ မူတည်ပြီး Uric Acid အနည်းအများပေါ်လိုက်ပြီး အဆစ်အမျစ်ရောင်တဲ့ Gout ရောဂါကဖြစ်တာပါပဲ။ ဒါပေမဲ့ Uric Acid တက်တိုင်း Gout ရောဂါလို့တထစ်ချသတ်မှတ်လို့မရပါဘူး။ Uric acid level ကတခြားအကြောင်းကြောင်းကြောင့်လည်းခန္ဓာကိုယ်ထဲမှာတက်နိုင်တဲ့အတွက်ကြောင့်ပါ။ Gout ရောဂါဟာ မျိုးရိုးလိုက်တတ်တဲ့ရောဂါဖြစ်ပြီးတော့ များသောအားဖြင့် အသက် (၃၀) နဲ့ အသက် (၆၀) ကြားထဲကအမျိုးသားထုတွေမှာ ဖြစ်တာပိုပြီးတွေ့ရများပါတယ်။ ရာဇဝင်ထဲမှာ သိသာထင်ရှားနာမည်ကျော်ကြားတဲ့သူတွေထဲက အလက်ဇန်းဒါးဘုရင် ၊ ကူဗလိုင်ခန် ၊ မာတင်လူသာကင်း နဲ့ အိုင်းဆက်နယူတန်တို့ကတော့ Gout ရောဂါကိုခံစားခဲ့ရတဲ့သူတွေပဲဖြစ်ပါတယ်။

???? ဘယ်လိုအရာတွေက Gout ရောဂါကိုဖြစ်စေနိုင်တာလဲ?

Gout ရောဂါရဲ့ အဓိကတရားခံကတော့ အရက်နဲ့ သူ့ရဲ့အပေါင်းအဖော် အရက်ပါတဲ့ဘီယာ၊ ဝိုင်တို့ပဲဖြစ်ပါတယ်။Gout ရောဂါဖြစ်တတ်တဲ့မျိုးရိုးရှိတဲ့သူတွေမှာကတော့ အစားအသောက်အလွန်အကြူးစားရုံ၊ အရက်ပါဝင်တဲ့ ဖျော်ရည်ယမကာသောက်ရုံနဲ့ Gout ရောဂါက ကျိန်းသေပေါက်ဖြစ်ကိုဖြစ်ပါတယ်။ အဝလွန်တဲ့သူတွေနဲ့ သွေးတိုးရောဂါရှိတဲ့သူတွေမှာပါ Gout ရောဂါ ဖြစ်တတ်လို့ မပေါ့ဆသင့်ပါဘူး။ ကျန်းမာရေးအခြေအနေကြောင့် ဆီးဆေး ( Diuretics )သောက်နေရတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရနေသူတွေ၊ ခွဲစိတ်ကုသမှုခံယူထားသူတွေ၊ ရေဓာတ်ခန်းခြောက်သူတွေ၊ အစားအစာအလွန်အကြူးစားသူတွေ၊ အစာရေစာပြတ်လပ်နေသူတွေက Gout ရောဂါဖြစ်နိုင်ချေများပါတယ်။

???? Gout ရောဂါဖြစ်လာရင်ဘယ်လိုအန္တရာယ်တွေရှိနိုင်လဲ?

Gout ရောဂါကနည်းမှန်လမ်းမှန်နဲ့ကုသရင် အရှင်းယူပစ်သလိုပျောက်နိုင်တဲ့ရောဂါမျိုးဖြစ်ပါတယ်။ အကယ်၍မကုသပဲထားလိုက်ရင်တော့ ကျောက်ကပ်မှာကျောက်တည်ပြီး ကျောက်ကပ်နဲ့ဆိုင်တဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ပါတယ်။

???? Gout ရောဂါပျောက်ကင်းအောင်ဘယ်လိုကုသရမလဲ?

“အမှိုက်ကစ ပြာသာဒ်မီးလောင်”ဆိုသလို ဖြစ်တတ်တဲ့အတွက် Gout ရောဂါလို့သံသယရှိတာနဲ့ အချိန်မနှောင်းခင်မှာ တတ်ကျွမ်းတဲ့ဆရာဝန်ဆီမှာနည်းမှန်လမ်းမှန်ဆေးဝါးမှန်နဲ့ အမြန်ဆုံးကုသမှုခံယူလိုက်တာကအကောင်းဆုံးပါပဲ။ ဘာလို့နည်းမှန်လမ်းမှန်ဆေးဝါးမှန်လို့ပြောလဲဆိုတော့ Gout ရောဂါမှာနာကျင်ကိုက်ခဲမှုပျောက်အောင် အကိုက်အခဲပျောက်ဆေးပေးတဲ့နေရာမှာ Aspirin လိုဆေးမျိုးကို မှားပေးမိရင် လူနာကသက်သာလာရမဲ့အစား တစ်ရက်ထက်တစ်ရက်ပိုပြီး နာကျင်ခံစားလာရတတ်လို့ပါပဲ။ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ပြသပြီးတဲ့အပြင် ရောဂါခံစားရတဲ့လူနာကိုယ်တိုင်ကလည်း နားနားနေနေ လဲလျောင်းနေခြင်းအားဖြင့် နာကျင်မှုကိုသက်သာအောင် လျှော့ချနိုင်ပါတယ်။ အရိုးအဆစ်တွေနာကျင်ကိုက်ခဲမှုအတွက် သက်သာအောင် အားလုံးသိတဲ့အတိုင်း အိမ်တွင်းကုထုံးဖြစ်တဲ့ ရေနွေးအိတ်ကပ်ပေးတာမျိုး၊ ရေခဲအိတ်ကပ်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။ အကယ်၍ Gout ရောဂါကြောင့် အရိုးအဆစ်ကိုက်ခဲနာကျင်တာတွေက အဖန်တလဲလဲမပြတ် ပြန်ဖြစ်နေမယ်ဆိုရင်တော့ နောက်ထပ်မဖြစ်တော့အောင် သိနားလည်တဲ့ဆရာဝန်နဲ့သေချာပြပြီး လိုအပ်တဲ့ဆေးစစ်ချက်တွေ၊ ဆေးကုသမှုတွေကို ညွှန်ကြားချက်နဲ့အညီလိုက်နာရပါမယ်။

???? Gout ရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်များ

  • Purine လို့ခေါ်တဲ့ Protein ပါဝင်မှုနှုန်းမြင့်မားတဲ့အစားအစာတွေဖြစ်တဲ့ ဝမ်းတွင်းကလီစာအသားများ၊ အခွံမာရေသတ္တဝါများ (ဥပမာ ခရု၊ကမာကောင်)နှင့် စည်သွတ်ငါးသေတ္တာဘူးတွေကို စားသုံးတာလျှော့ချရပါမယ်။
  • အရက်နှင့် အရက်ပါဝင်တဲ့ဖျော်ရည်ယမကာတို့ကို လျှော့သောက်ရပါမယ်။
  • သကြားပမာဏ အလွန်အကြူးအများအပြားပါဝင်တဲ့ အသင့်သောက်သုံးဖွယ်ရာတွေကိုလည်းရှောင်ရပါမယ်။
  • အာဟာရပြည့်ဝတဲ့ အစားအစာကို သင့်တင့်မျှတအောင်စားသောက်ရပါမယ်။
  • ရေများများသောက်ရပါမယ်။ တစ်ရက်ကိုရေအနည်းဆုံး နှစ်လီတာဝင်အောင် သောက်ပေးရင်ပိုကောင်းပါတယ်။
  • ကိုယ်အလေးချိန်ကိုလည်း မဝလွန်းမပိန်လွန်းစေပဲ ပုံမှန်အလေးချိန်အပိုင်းအခြားထဲရောက်နေအောင် ဂရုစိုက်သင့်ပါတယ်။
  • Gout ရောဂါကြောင့် ခြေဆစ်လေးတွေက ကြီးပြီးရောင်ရမ်းနာကျင်နိုင်တဲ့အတွက် ကိုယ်နဲ့သက်သောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကိုပဲရွေးချယ်စီးနင်းသင့်ပါတယ်။
  • ကိုယ်လက်လေ့ကျင့်ခန်းကိုပုံမှန်လုပ်သင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်းအပြင်းအထန်မလုပ်ရပါဘူးနော်။
  • ရာသီဥတုအေးလာတဲ့အခါမှာနွေးနွေးထွေးထွေးလေးနေပေးသင့်ပါတယ်။

Reference:Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.189

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.